ပြည်တွင်းမှာ Supermini တန်းဝင် မော်ဒယ် ဆိုရင် ဇိမ်ခံ အနေနဲ့ Mini Cooperလို မော်ဒယ်တွေကိုပဲ အရွေး များ တာ တွေ့နိုင်ပါတယ်။ သိသာတဲ့ ရုပ်ထွက်နဲ့ အတူ စွမ်းဆောင်ရည် ကောင်းမွန်မှုတွေက မော်ဒယ်ကို စိတ် ကြိုက် တွေ့စေတဲ့ အချက်တွေပေါ့။ ဒါပေမယ့် အပို ပစ္စည်းပိုင်းနဲ့ ပတ်သက်ပြီးရင်တော့ အခု ပြောမယ့် VWရဲ့ Beetleနဲ့လည်း သိပ်မကွာပါဘူး။ ပြည်တွင်းမှာ ဈေးကွက် မဝင်တာ ကြာနေပြီ ဖြစ်တဲ့ မော်ဒယ်တွေ ဖြစ်တာ ကြောင့် နည်းနည်းတော့ ရှားချင်တာပါပဲ။ ရှာလို့ လွယ်မယ့် မော်ဒယ် ဆိုရင် Beetleကတောင် ပိုလွယ်မလား မသိပါဘူး။
Turboပါတဲ့ Beetle ဆိုတာက ပုံမှန်ထက် စွမ်းဆောင်ရည်မြင့်အောင် ဖန်တီးထားတာပေါ့။ ကိုယ်ထည်ပိုင်း ကတော့ အသေးစား miniတန်းဝင် ဖြစ်ပြီးတော့ မြို့တွင်းပိုင်းအတွက် အဆင်ပြေမယ့် အနေအထားပါ။ ပုံမှန် Beetle မော်ဒယ် အတွက်တော့ Cooperတစီးကို ယှဉ်မောင်းဖို့ နည်းနည်း ခက်နိုင်ပေမယ့် အခုလို Turbo ထိုင်ထားတဲ့ မော်ဒယ် ဆိုရင်တော့ ယှဉ်မောင်းလို့ ရလာနိုင်ပါတယ်။
ဈေးကွက်မှာ Miniရဲ့ မော်ဒယ် Countrymanတွေ ဆိုရင် ၂၀၁၂ခုနှစ်လောက် မော်ဒယ်ကိုပဲ သိန်း ၄၀၀နဲ့ အထက် မှာ ရှိနေတာ ဖြစ်ပေမယ့် အခု Beetleကတော့ ဈေးချိုချိုနဲ့ ရနိုင်နေတာပါ။ နောက်ပြီး ရုပ်ထွက်ပိုင်းက ဆန်းသစ်မှု မရှိဘူးလို့ ဆိုနိုင်ပေမယ့် သိသာတဲ့ ရုပ်ထွက်မျိုး ပိုင်ဆိုင်ထားတာပါ။ နိုင်ငံတကာ ဈေးကွက် အတွက် အခု Turboမော်ဒယ်ခွဲကို အနီနဲ့ အဝါပဲ အလေးပေး ထုတ်လုပ်ရောင်းချတာ ဖြစ်ပြီးတော့ ပြည်တွင်း မှာတော့ အဝါတစ်မျိုးပဲ တွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ အဝါကို အနီရောင် ကန့်လန့်စင်း Stickerတွေ ထည့်လိုက်ပြီ ဆိုရင်တော့ သင့်ရဲ့ မော်ဒယ်က Turboနဲ့ ကြွကြွလေး ပြေးနေမယ့် mini-Sport တစ်စီး ဖြစ်လာပါလိမ့်မယ်။
မော်ဒယ် အနေနဲ့ကလည်း ၂၀၁၃ခုနှစ်ထုတ် အနေအထားလောက်ထိအောင် ရနိုင်မှာ ဖြစ်ပြီး မောင်းနှင်ပြီး ကီလို အပိုင်းက ၁၂၀၀၀ကျော်လောက်ပဲ ရှိနေဦးမယ့် အနေအထားက စိတ်ကြိုက်ပါပဲ။ ကားတစ်စီးကို ဘာမှ မောင်းမထားရသေးဘူး ဆိုတာ သိသာနေစေပါတယ်။
မော်ဒယ်ရဲ့ စမ်းသပ်မောင်းနှင်ကြည့်ရသလောက်ကတော့ Autoစနစ်ရဲ့ လုပ်ဆောင်ပုံက စိတ်ကြိုက် ဖြစ်စရာပါ။ မောင်းခါစမှာ နည်းနည်းလောက် အံမကျချင်တာ ဖြစ်ချင်ပေမယ့် ခဏလေးနဲ့ ရင်းနှီးလွယ်ပါတယ်။ မောင်းလို့ ကောင်းတယ်၊ အမြန်နှုန်း မြှင့်တင်ရတာ စိတ်ကြိုက်ဖြစ်တယ်၊ ညာမောင်း ပုံစံနဲ့လာတယ်။ အတွင်းခန်း ပစ္စည်း တွေက Oriတွေပဲ ဖြစ်ပြီး အစားထိုး ထည့်သွင်းထားမှု မရှိသလောက်ပါ။ ပြီးတော့ မော်ဒယ် အပေါ်မှာ စိတ်ချ ယုံကြည်ရမှု အပိုင်းက တော်တော်လေး ကောင်းလွန်းပါတယ်။ အသက်ကယ် စနစ်တွေက အစ အရည်အသွေး အမြင့်ပိုင်း ပုံစံ ဖြစ်ပြီးတော့ ဘရိတ်တွေနဲ့ အကူစနစ်တွေက ဟန်ချက်ညီမှု ကောင်းပါတယ်။
ထုတ်လုပ်မှု အပိုင်းမှာလည်း Limitedပုံစံမျိုး လာတာဖြစ်လို့ ကိုယ့်အတွက်တော့ Beetleက ပြယုဒ် တစ်ခုပါပဲ။ မော်ဒယ်ကို ပွဲတက် အနေနဲ့လည်း သုံးနိုင်သလို ဇိမ်ခံမော်ဒယ် အနေနဲ့လည်း သတ်မှတ်နိုင်တာပါ။ Audioပိုင်း နည်းနည်းလောက် ပြန်ပြင်ဖို့ လိုအပ်မှာ ဖြစ်ပေမယ့် ဖျော်ဖြေရေး အပိုင်း ဒီလောက် မသုံးဖြစ်ဘူး ဆိုရင်တော့ မော်ဒယ်က လက်တင် စီးနင်းဖို့ အသင့်ပါ။ ဈေးကွက်မှာတော့ Cooperတွေ သိန်း ၄၅၀လောက် အော်နေချိန်မှာ Beetle Turboက သိန်း ၃၅၀လောက်ပဲ ခေါ်ဈေးရှိနေပါတယ်။