ပြည်ပခရီး သွားချင်ကြသူများ အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ အတွင်းက ရှန်ဟိုင်းနဲ့ ရှင်းကျန့်နဲ့ ဟောင်ကောင်ကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ Huawei Media Tour အနေနဲ့ မီဒီယာတွေကို စီစဉ်ပေးတဲ့ ဒီခရီးစဉ်ကနေ ဒီဒေသတွေရဲ့ ဖွံ့ဖြိုးမှုတွေနဲ့ မြို့တွင်း မြင်ကွင်းတွေလည်း ပြောပြမှာပါ။
ရှန်ဟိုင်းကို သွားဖို့အတွက် အရင်ဆုံး ရန်ကုန်ကနေ ဘန်ကောက်၊ ဘန်ကောက်က တဆင့် ရှန်ဟိုင်းကို လေယာဉ် ဆက်စီးပါတယ်။ ဘန်ကောက်ကနေ ရှန်ဟိုင်းကို လေယာဉ်ပျံသန်းချိန် ၄ နာရီနီးပါး ကြာမြင့်ပါတယ်။ ရန်ကုန်မှာ အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်နေချိန်မှာ ရှန်ဟိုင်းရဲ့ ရာသီဥတုကတော့ ကောင်းကင်တခုလုံး အုံ့မှိုင်းနေပြီး အအေးဓာတ်က စိမ့်နေကာ အပူချိန် ၁၆ ဒီဂရီ ဆဲလ်စီးရပ် နီးပါးပဲ ရှိနေတာကို စတင်ပြီး ခံစားရပါတယ်။ လေဆိပ်က ထွက်ပြီး သွားချင်တဲ့ ဟိုတယ်ကို သွားဖို့အတွက် ကားငှားတဲ့ အခါမှာတော့ တရုတ်စကား ပြောတတ်ထားမှ အဆင်ပြေတဲ့အတွက် အခက်အခဲတော့ ရှိပါတယ်။
ရှန်ဟိုင်းမှာ ညဘက် ပေါများတဲ့ ဆိုင်တွေကတော့ စားသောက်ဆိုင်တွေ၊ Beer ဆိုင်များနဲ့ Massage ဆိုင်တွေပဲ ဖြစ်ပါတယ်။ တရုတ် Massage ကတော့ တနာရီကို ယွမ် ၁၂၀ ကနေ ၁၅၀ နီးပါး ပေးရပြီး အညောင်းအညာမိလို့ အနှိပ်ခံလိုသူများ အတွက်ကတော့ ပေးရတာတန်ပြီး တကယ်ကို တရုတ်ရိုးရာ ပုံစံအတိုင်း နှိပ်နယ်ပေးတာ ဖြစ်ပါတယ်။ အစားအသောက်တွေ ကတော့ မြန်မာနိုင်ငံမှာ ရရှိနိုင်တဲ့ တရုတ်အစားအစာ ပုံစံတွေအတိုင်းပဲ ဖြစ်ပြီး ဘဲကင်၊ ခေါက်ဆွဲကြော်၊ မှိုဟင်း၊ ငါးကင် ၊ စတာတွေကို ရရှိနိုင်ပြီး အရသာကတော့ ရန်ကုန်က တရုတ်အစားအစာ အရသာနဲ့တော့ နည်နည်း ကွာပါတယ်။ အစပ်အရသာ သိပ်မရှိဘဲ ဟင်းအရသာတွေက ချိုအီအီဘက်ကို ပိုများပါတယ်။
ချမ်းအေးလှတဲ့ ရာသီ ဖြစ်တဲ့အတွက် သူတို့ဆီက ဂျပန်ဆန်အရက်လို ပုံစံ ယမကာကို သောက်ကြပါတယ်။ အဲဒီမှာ အစားများကြတာကတော့ ဟော့ပေါ့ပဲ ဖြစ်ပါတယ်။ တယောက်စာ ဟော့ပေါ့အိုးလေးတွေနဲ့ ဟင်းရည်ကတော့ အချိုနဲ့ အစပ် ၂ မျိုးရပြီး ဟင်းရည်အစပ် ဆိုပေမယ့် ရန်ကုန်က ဟော့ပေါ့ ဟင်းရည်တွေလောက် မစပ်ပါဘူး။ ဟင်းရည်ထဲကို ပင်လယ်စာ၊ ကြက်၊ ဝက်၊ အမဲသားတွေပဲ ထည့်စားကြပြီး သိုးသားကိုလည်း အထူးတလည် စားကြတာ တွေ့ရပါတယ်။ သိုးသားရဲ့ ညှီနံ့က အမဲသားထက် ပိုပြီးတာကြောင့် အညှီ မကြိုက်တဲ့ သူတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်ပြီး ပန်းဂေါ်ဖီ ခရမ်းရောင်ကိုလည်း Mayonnaise နဲ့ သုတ်ပြီး စားကြတာကို အတော်များများ တွေ့ရပါတယ်။
ရှန်ဟိုင်းမြို့တော်ရဲ့ လမ်းတွေ တလျှောက်မှာ ရောင်စုံပန်းတွေကို အလှစိုက်ထားပြီး သစ်ပင်တွေနဲ့ တမြို့လုံး စိမ်းစိုနေတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံရဲ့ City Plan က အတုယူဖို့ ကောင်းပြီး ကျယ်ဝန်းလှတဲ့ မြို့တော်ကြီး တခုလုံး အားကျဖွယ် ကောင်းလောက်အောင် သန့်ရှင်းနေပါတယ်။ ဘတ်စ်ကားလိုင်းတွေ ရှိသလို သွားလာရေး အတွက် မြေအောက် ရထားလိုင်းတွေကိုလည်း အားကိုးနိုင်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ကလည်း ထင်သလောက် မကြာရှည်ပါဘူး။ ရှန်ဟိုင်းက မြို့သူတွေရဲ့ ဖက်ရှင်ကလည်း မျက်စေ့နောက်စရာမျိုး မဟုတ်ဘဲ ဖက်ရှင်ရိုးရိုး အရောင် မှိုင်းမှိုင်းများကိုသာ ဝတ်ဆင်ကြပြီး အာရှ ဖက်ရှင်စတိုင်မျိုးထက် ဥရောပ စတိုင်လ်မျိုးကို ပိုမိုဝတ်ဆင်ကြတာ တွေ့ရပါတယ်။
ညဘက် ရှန်ဟိုင်းမြစ်ဘေးမှာ လေညင်းခံလာကြတဲ့ သူတွေအများကြီး ရှိပြီး မြစ်တွင်းက တိုက်ခတ်လာတဲ့ လေက အေးမြနေတဲ့အတွက် သန့်ရှင်းလတ်ဆတ်လို့ စိတ်ကို ကြည်နူးစေတာကတော့ အမှန်ပါပဲ။ မြစ်တွင်းကို ကြည့်လိုက်ရင်လည်း မီးရောင်စုံများစွာနဲ့ သဘောၤ၊ မော်တော်ဘုတ်တွေ ကူးချည်ဆန်ချည် သွားလာနေတာကို တွေ့မြင်ရတာ ညရဲ့ အလှကို ပိုပြီး ပီပီပြင်ပြင် ခံစားရစေပါတယ်။
ရှန်ဟိုင်းမှာ ဖိနပ်၊ အင်္ကျီနဲ့ လျှပ်စစ်ပစ္စည်းတွေ ပေါများပြီး ဈေးဝယ်ချင်တဲ့ သူတွေအတွက် အဆင်ပြေတဲ့ မြို့တော် ဖြစ်ပါတယ်။ နန်ကျင်းလမ်းပေါ်မှာ ဈေးကတော့ စုံလင်လှပြီး ရှန်ဟိုင်းရဲ့ ပြယုဂ်လို့တောင် ခေါ်ဆိုရအောင် တရုတ် ပစ္စည်း အမွှေးန့ံ့သာဆီ၊ ပုဝါ၊ ရှန်ဟိုင်း အထိမ်းအမှတ် အမှတ်တရ ပစ္စည်းအစုံ ဝယ်ယူနိုင်ပါတယ်။ Brand ပစ္စည်း ဆိုရင်လည်း ဥရောပ၊ အမေရိက က နာမည်ကြီး Brand အစုံကိုလည်း ဝယ်ယူနိုင်ပြီး များပြားလှတဲ့ ဆိုင်တွေ၊ ပစ္စည်းတွေ ကြားမှာ မျက်စိရှုပ်၊ နားရှုပ်စေတာတော့ အမှန်ပါပဲ။ တခြား Shopping Mall တွေထက် ဒီနေရာက နိုင်ငံခြားသားတွေကို ပိုပြီး ဆွဲဆောင်နိုင်တဲ့ နေရာတခုလည်း ဖြစ်နေပါတယ်။
ရှန်ဟိုင်းမှာက အစားအသောက်ဆိုင် ဝင်တဲ့အခါမှာ တရုတ်စကား ပြောဆိုတတ်မှ ပိုအဆင်ပြေစေနိုင်တာနဲ့ သန့်စင်ခန်း ဝင်တဲ့အခါမှာလည်း ရေမသုံးဘဲ တစ်ရှူးသာ အသုံးပြုဖို့ စီစဉ်ပေးထားတဲ့ ဓလေ့တခုကလည်း ရုတ်တရက် အဆင်မပြေသလိုမျိုး လောက်သာ တွေ့ကြုံရနိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိုးမျှော် တိုက်တာကြီးတွေနဲ့ ယခုရှန်ဟိုင်းကို ကြည့်ရင်း ရုပ်ရှင် ဇာတ်ကားတွေထဲက ရှန်ဟိုင်းမြို့ကို ပြန်ပြီးတော့ သတိရမိပါသေးတယ်။
ရှန်ဟိုင်းကနေ နယ်စပ်မြို့လို ဖြစ်နေတဲ့ ရှင်းကျန့်ကို လေယာဉ်စီးသွားတဲ့အခါ ၂ နာရီ နီးပါး ကြာမြင့်ပါတယ်။ ရှင်းကျန့်ရဲ့ ရာသီဥတုကတော့ ရှန်ဟိုင်းလောက် မအေးပါ။ သူက စက်မှုလက်မှုမြို့တော် ဖြစ်ပြီး တောင်တွေနဲ့ သစ်ပင်တွေ ပေါများတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ စက်ရုံတွေ ပေါများပေမယ့် တောထဲတောင်ထဲလို ဖြစ်နေတဲ့အတွက် တိုက်ခတ်လာတဲ့ လေက သန့်နေပါတယ်။ ကျယ်ဝန်းလှတဲ့ ကားလမ်းတွေနဲ့ ၂ ဆင့် ၃ ဆင့် ဆောက်လုပ်ထားတဲ့ တံတားတွေကြောင့် သွားရေးလာရေးလည်း အဆင်ပြေလှပါတယ်။ ဒီမြို့မှာလည်း တရုတ်စကား မပြောတတ်ရင် သိပ်ပြီး အဆင်မပြေလှပါဘူး။ ရရှိတဲ့ အစားအစာကလည်း ရှန်ဟိုင်းလိုပဲ အချိုများတဲ့ ဟင်းလျာတွေဖြစ်လို့ မြန်မာ ပါးစပ်နဲ့ ဆိုရင် ရေရှည်စားဝင်ဖို့ အဆင်မပြေလှပါဘူး။
ရှင်းကျန့်မှာ ဈေးဝယ်ဖို့ အတွက်က LUOHU Mall ဆိုတာ ရှိပြီး ရန်ကုန်မှာ ဆိုရင် ယုဇနပလာဇာမျိုး ဖြစ်ပါတယ်။ သူတို့ဆီမှာလည်း ဈေးတွေကို ၂ ဆ ၃ ဆ တင်ထားပြီး ဆစ်နိုင်မှ တော်ကာကျမယ့် ဈေးလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် Brand မျိုးစုံ၊ အိတ်မျိုးစုံ၊ တံဆိပ်မျိုးကို အတုလုပ်ထားတာတွေ ဝယ်ယူရရှိနိုင်ပါတယ်။ အတုဆိုပေမယ့် လက်ရာက အစစ်နီးပါး သေသပ်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဈေးကတော့ တဝက် ဒါမှမဟုတ် သုံးပုံတပုံအထိ လျှော့ချ ဆစ်ရတဲ့ ဈေးလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် အိတ်ကလွဲပြီး ကျန်တဲ့ အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်တွေ ကတော့ လိုချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု မရှိလှပါဘူး။ ဈေးတွေကလည်း အဆမတန် တင်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဟောင်ကောင်က လူတွေကတော့ ဒီဈေးကို နယ်စပ်ဖြတ်ကျော်ကူးပြီး ကိုယ်ပိုင်ကားတွေနဲ့ လာရောက်ဝယ်ယူကြတာကို တွေ့ရပါတယ်။
ရှင်းကျန့်မှာ နိုင်ငံခြားသားတွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတခုက Splendid China Folk Village ဆိုတဲ့ ဥယျာဉ် ဖြစ်ပြီး ဝင်ကြေးကတော့ အမေရိကန်ဒေါ်လာ ၃၀ ပါ။ ဈေးများတယ်လို့ ထင်ရပေမယ့် အထဲကို ဝင်ရောက်သွားတဲ့ အခါမှာတော့ သူတို့ရဲ့ ပြင်ဆင်ထားမှုတွေကို ကြည့်ရှုပြီး တန်တယ်လို့ မြင်ပါတယ်။ တရုတ်နိုင်ငံ အတွင်းက အထင်ကရ နာမည်ကြီး အဆောက်အအုံ နေရာများကို ပုံစံတူ သေးသေးလေးတွေ ပြုလုပ်ထားတာ မြန်မာနိုင်ငံက တိုင်းရင်းသား ကျေးရွာ ပုံစံလိုပဲ ဖြစ်ပါတယ်။ အထဲမှာ တရုတ်နိုင်ငံတွင်းက ထင်ရှားတဲ့ မဟာတံတိုင်းကြီး၊ ဘုံခုနှစ်ဆင့်ကျောင်း၊ The Imperial Palace, The Forbidden City စတာတွေ အပြင် ဘုရားဆင်းတုများ၊ ရေတံခွန်များနဲ့ လှပတဲ့ ပန်းဥယျာဉ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ညနေပိုင်းမှာ တရုတ်ရိုးရာ အကတွေအပြင် တရုတ်အော်ပရာ ပုံစံကိုလည်း ကပြဖျော်ဖြေ ပေးပါတယ်။ တရုတ် ရိုးရာ အကများကို နာရီဝက်အတွင်းမှာ ဖျော်ဖြေပေးသွားတာက ကြည့်ရှုရသူတွေအတွက် အသက်မရှူနိုင် မျက်တောင် မခတ်နိုင် လောက်အောင်ပါပဲ။ စတိတ်စင်ကို အရှင် (Mobile) ပြုလုပ်ထားပြီး စင်ပေါ်ကရော စင်အောက်ကပါ ဒီဇိုင်း မျိုးစုံ ပြုလုပ်ထားပါတယ်။ အဲဒီ စင်ပေါ်မှာတင် မိုးရေတွေ ကျလာတာ၊ မိုးပေါ်ပျံဝဲလာတာ စတာတွေကို အံ့သြလောက်အောင် ဖျော်ဖြေ တင်ဆက်သွားကြပါတယ်။ ဒီအတွက် ကြည့်ရှုခ လက်မှတ်က ထပ်မံ ပေးဆောင်ရပါတယ်။
ရှင်းကျန့်ကနေ ဟောင်ကောင်ကို သွားတဲ့ အခါမှာတော့ ရှင်းကျန့်နဲ့ ဟောင်ကောင်က နယ်စပ်ချင်း ထိနေတဲ့မြို့များ ဖြစ်လို့ ဟောင်ကောင်ကို ကူးတဲ့အခါမှာ ကားတစီးကို လူ ၇ ယောက်ဆံ့တဲ့ Alphard လို ကားမျိုးနဲ့ အများဆုံး နိုင်ငံဖြတ်ကျော် ကူးကြတာပါတယ်။
ဟောင်ကောင်ကို ဝင်တဲ့ လူဝင်မှု ကြီးကြပ်ရေး ဂိတ် ၂ ခု ဖြတ်ကျော်ရပါ တယ်။ လူတဦးချင်းစီရဲ့ ကိုယ်အပူချိန်ကိုလည်း သေချာစိစစ် တိုင်းတာပြီး မသင်္ကာဘူးဆိုရင် ဆေးရုံကို ခေါ်သွားကာ စစ်ဆေးမှုတွေ အထပ်ထပ် ပြုလုပ်တယ်လို့ သိရပါတယ်။
ဟောင်ကောင်ကို နာရီဝက်ခန့် ကားစီးပြီးတဲ့အခါမှာ ကမ္ဘာကျော် သူဌေးဦးရေ ပိုပြီး များများလာနေတယ် ဆိုတဲ့ ဟောင်ကောင်ရဲ့ လူနေမှု စရိတ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်ရပါတယ်။ ဟောင်ကောင်မြို့တွင်းကို လေဆိပ်ကနေ MTR ခေါ် လျှပ်စစ်ရထားကို သက်သောင့်သက်သာနဲ့ မိနစ် ၂၀ လောက်စီးပြီး ရောက်ရှိပါတယ်။ မြို့တွင်း လမ်းဘေးနေရာတွေ တော်တော်များများမှာ အမျိုးသမီးပေါင်းစုံ စုဝေးပြီး ထမင်းချိုင့်များ၊ တေးသီချင်းများ ဖွင့်ပြီး ပျော်ပွဲစားပုံစံနဲ့ အနားယူနေကြတာကို တွေ့ပါတယ်။ ဒါက ဖိလစ်ပိုင်နိုင်ငံကနေ ဟောင်ကောင်ကို လာရောက်ပြီး အိမ်ဖော်အဖြစ် လုပ်ကိုင်ကြတဲ့ အမျိုးသမီးများနဲ့ အလုပ်ရှာဖွေနေတဲ့သူများ ဖြစ်ကြပြီး တနင်္ဂနွေ တရက်မှာ သူတို့ အချင်းချင်း စုဝေးပြီး အပန်းဖြေကြတာလို့ သိရပါတယ်။
ဟောင်ကောင်မှာ ဘတ်စ်ကားတိုင်းက နှစ်ထပ်ကားတွေ ဖြစ်ပြီး ဟောင်ကောင်ရဲ့ အထင်ကရဖြစ်တဲ့ Victoria Peak တောင်ပေါ်ကို တက်ရောက်တဲ့အခါ ကားလမ်းဘေးကနေ တောင်အောက်ဘက်ကို ကြည့်ရင် အသဲအေးစရာ ကောင်းလှပါတယ်။ မိနစ် ၂၀ ခန့် တောင်ပေါ်ကို တက်ရပြီး တောင်ပေါ်ရောက်တဲ့အခါ စားသောက်ဆိုင်များ၊ Shopping Mall များနဲ့ ပြည့်နေပါတယ်။ တောင်ပေါ်ကနေ ဟောင်ကောင်မြို့ကို ကော်ဖီတခွက်နဲ့ ထိုင်ကြည့်ဖို့ နေရာကောင်းကောင်းမှာ ကော်ဖီဆိုင်တွေ ရှိနေပါတယ်။ တာဝါရဲ့ အပေါ်ဆုံးထပ်ကို တက်ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်လူသူတွေ၊ မြို့အလှကို ကြည့်ရှုခံစားလိုသူတွေ အတွက် ဟောင်ကောင်ဒေါ်လာ ၄၈ ဒေါ်လာ ပေးရပြီး ဟောင်ကောင် တမြို့လုံးကို ထင်ထင်ရှားရှားနဲ့ ရှင်းလင်းစွာ မြင်တွေ့နိုင်တဲ့နေရာပဲ ဖြစ်ပါတယ်။
အဲဒီကနေတဆင့် တောင်အောက်ကို ဆင်းတဲ့အခါ Tram နဲ့လည်း ဆင်းနိုင်ပြီး ဇောက်ထိုးပုံစံ ဆင်းရတာဖြစ်တဲ့ အတွက် ဘေးက ရှုခင်းတွေကို ကြည့်ရတာ မူးနောက်နောက် ဖြစ်စေပါတယ်။ ဟောင်ကောင်မှာ နိုင်ငံတကာက အလှကုန် ပစ္စည်းမျိုးစုံ၊ ဘီယာအရက်၊ အိတ်၊ ရေမွှေး အစရှိတဲ့ Branded မျိုးစုံကို ရရှိနိုင်တဲ့အတွက် Branded ကောင်းကောင်း ဝယ်ချင်တဲ့ သူတွေအတွက်ကတော့ ဈေးဝယ်လို့ အကောင်းဆုံး နေရာတခုပါပဲ။ Branded ပစ္စည်းတွေက ရန်ကုန်ထက် ဈေးသက်သာတာကို တွေ့ရပါတယ်။ ဟောင်ကောင်က လည်ပတ်စရာထက် ဈေးဝယ်ထွက်ဖို့ ကောင်းတဲ့ နေရာတခုလို့ မြင်မိပါတယ်။ ဟောင်ကောင် Disneyland လည်း ရှိတဲ့အတွက် ငယ်စဉ်က စွဲလမ်းခဲ့ရတဲ့ ဇာတ်ကောင်တွေနဲ့ တွေ့ဆုံချင်ရင် သွားရောက် လည်ပတ်နိုင်ပါသေးတယ်။
ဟောင်ကောင်ကနေ ရန်ကုန်ကို တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ်လိုင်း ရှိပြီး ပျံသန်းချိန်ကတော့ ၃ နာရီခွဲ ကျော်ကျော် ကြာမြင့်ပါတယ်။ အာရှဒေသတွင်းပဲ ဖြစ်ပေမယ့် အချိန်တပတ်ခန့် ကြာမြင့်ခဲ့တဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်း၊ ရှင်းကျန့်နဲ့ ဟောင်ကောင် နိုင်ငံခရီးစဉ်က စိတ်လှုပ်ရှားမှုများနဲ့ အမြင်သစ်ခံစားမှုများ ဗဟုသုတများစွာကို ရရှိစေခဲ့ပါတယ်။