iGroup (အာရှ ပစိဖိတ်) လီမိတက်က စီစဉ်သည့် ပညာရေး အထောက်အကူပြု စာအုပ်များ အခမဲ့ ပေးဝေမည့် အစီအစဉ်ကို မန္တလေးမြို့၊ မန္တလေးဆေးတက္ကသိုလ်ရှိ အောင်ပင်လယ်ခန်းမတွင် ဇွန် ၁ မှ ၂ ရက်နေ့ အထိ ကျင်းပနေကြောင်း သိရသည်။
အဆိုပါ iGroup သည် ရန်ကုန်မြို့တွင်လည်း မေ ၂၈ မှ ၂၉ ရက်နေ့ အထိ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပခဲ့ပြီး ပညာရေး ဝန်ကြီးဌာန အောက်ရှိ အဆင့်မြင့်ပညာရေး တက္ကသိုလ်များသို့ ပညာရေး အထောက်အကူပြု စာအုပ်များ၊ နည်းပညာ စာအုပ်များ၊ စိုက်ပျိုးဆိုင်ရာ သုတေသန စာအုပ် စာတမ်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
“iGroup ကို ဦးစီးဦးဆောင် ထူထောင်ခဲ့တာက မြန်မာနိုင်ငံဖွား Mr. Pote Narittakurn Le ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက ထိုင်းနိုင်ငံမှာ စတင်ခဲ့တာပါ။ ရည်ညွှန်းဒေတာဘေ့စ် လို့ ခေါ်တဲ့ သုတေသနပြု စာတမ်းတွေ၊ နည်းပညာဆိုင်ရာ ပညာရေးဆိုင်ရာ စာအုပ်စာတမ်းတွေကို တက္ကသိုလ် ၁၂ ခု၏ စာကြည့်တိုက်များသို့ နှစ်စဉ် လှူဒါန်းခဲ့ရာမှာ ၂ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုး ရှိပါတယ်။ အခုလည်း မန္တလေးက တက္ကသိုလ် စာကြည့်တိုက်တွေ လိုအပ်တဲ့ ရည်ညွှန်းဒေတာတွေ အခမဲ့ ဆက်လက် ပေးအပ် လှူဒါန်း သွားမှာ ပါ” ဟု iGroup မှ နည်းပညာအရာရှိ ဦးအောင်မော်က ဧရာဝတီကို ပြောသည်။
iGroup (အာရှ ပစိဖိတ်) လီမိတက်သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံပေါင်းစုံ ပါဝင်သည့် အဖွဲ့အစည်း ဖြစ်ပြီး အာရှပစိဖတ်ဒေသနှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ပြီး ဝန်ထမ်း ၁၀၀၀ ကျော်ဖြင့် လည်ပတ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
iGroup စာအုပ် အရောင်းမြှင့်တင်ရေး လုပ်ငန်းကိုလည်း ၁၉၈၃ ခုနှစ်က ထူထောင်ခဲ့ပြီး ပုံနှိပ် ထုတ်ဝေရေး၊ ဈေးကွက်နှင့် ဖြန့်ချိရေး လုပ်ငန်းများကို ထိုင်းနိုင်ငံ အပါဝင် နိုင်ငံအများအပြားတွင် ဆောင်ရွက်ပေးလျက် ရှိသည့် အပြင် အီလက်ထရောနစ် စာကြည့်တိုက်နှင့် အီလက်ထရောနစ် ဒေတာများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။