မြန်မာပြည်သူပြည်သားတွေ အေးမြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာပြည်ရဲ့ အဖိုးတန်တွင်းထွက်ရတနာ ကျောက်စိမ်းကို ကိုယ်ပိုင် အမည်နာမအဖြစ် အသိအမှတ်ပြုယူထားပြီး မြန်မာ့တို့ရဲ့ အဖိုးတန်ဆိုင်းပညာကို ပြည်တွင်းပြည်ပ ပွဲပေါင်းများစွာ တီးခတ်ဖျော်ဖြေနေတဲ့ ဆိုင်းပညာရှင် မြန်မာပြည်ကျောက်စိမ်းရဲ့ အနုပညာသက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ဆိုင်းပညာရှင် မြန်မာပြည်ကျောက်စိမ်းဟာ အမေရိကား၊ ဥရောပနိုင်ငံတွေနဲ့ ဂျပန်-အာဆီယံဒေသ နိုင်ငံတော်တော်များများကို သွားရောက် ဖျော်ဖြေခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ကိုရောက်ရှိလာတဲ့ ပြည်ပနိုင်ငံက တူရိယာပညာရှင်တွေနဲ့လည်း အတူတွဲဖက်ပြီး ဖျော်ဖြေပွဲပေါင်းများစွာကို တီးခတ်ခဲ့ဖူးတာပါ။ ဒါကြောင့် ဒီဘက်ခေတ်နောက်ပိုင်း မြန်မာဆိုင်းဝိုင်း ၊ မြန်မာဇာတ်သဘင်တို့နဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင် သုံးသပ်ချက်များကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်မှ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး နိုင်ငံတကာမှာ ဖျော်ဖြေရတဲ့အခါ မြန်မာ့သဘင် ဆိုင်းဝိုင်းကို အားပေးမှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ကျနော်တို့ရဲ့ ဆိုင်း၊ စောင်း၊ နှဲ တူရိယာတွေက ကမ္ဘာမှာ သူတို့အတွက် ထူးထူးဆန်းဆန်းရှိတယ်။ နောက်ပြီး ဒါက သားရေနဲ့လုပ်တဲ့ တူရိယာမျိုးဆိုတော့ သူတို့ဆီက ပတ်ကားရှင်း(percussion) ပုံစံမျိုးနဲ့ နီးစပ်တယ်။ သူတို့ဆီက ဗုံလိုမျိုးကို ကျနော်တို့ဆီမှာက ပတ်စာပတ်မှ အသံထွက်လာတော့ သူတို့အတွက် ထူးဆန်းတယ်။ အံ့သြတယ်ပေါ့။ အဲဒီအပေါ်မှာမှ ကျနော်တို့က မြန်မာသီချင်းကို Solo တီးတယ်။ ဒါနဲ့ ခက်ခက်ခဲခဲတီးရမှန်းသိတော့ ကျနော်တို့ကို သူတို့ ဂုဏ်ယူပါတယ်။
မေး နိုင်ငံတကာဖျော်ဖြေပွဲအတွေ့အကြုံ့အရ ဘယ်နိုင်ငံတွေမှာ မြန်မာ့ဆိုင်းဝိုင်းကို ပိုပြီး နှစ်သက်ကြလဲ။
ဖြေ အများဆုံးကတော့ နိုင်ငံကြီးတွေမှာရှိပါတယ်။ အမေရိကား၊ ပြင်သစ်၊ ဂျာမဏီ၊ ဟော်လန်၊ အင်္ဂလန်နိုင်ငံတွေပေါ့။ အာရှဘက်မှာဆိုရင် ဘေဂျင်း တရုတ်နိုင်ငံပေါ့။ နောက် ထိုင်းပေါ့။ အဲဒီနိုင်ငံတွေမှာလည်း ဆိုင်းဝိုင်းကြီးတွေ ထားရှိကြတယ်။ သူတို့နှစ်သက်ကြတယ်။ ဒီက ဆရာတွေခေါ်ပြီး သူတို့သင်ကြတာတို့၊ တီးခတ်ပြသခိုင်းတာမျိုးတွေ ရှိကြတယ်။
မေး မြန်မာလူငယ်တွေ မြန်မာ့ဆိုင်းဝိုင်းအပေါ် စိတ်ဝင်စားမှုကရော ဘယ်လိုရှိပါလဲ။
ဖြေ စိတ်ဝင်စားမှုက ပြောရရင် ဒီဆိုင်းဝိုင်းက တီးခတ်ရတာ အရမ်းခက်တယ်။ သူက ဂစ်တာလို ပိုက်ပြီး တီးခတ် လိုက်လို့လည်းရတဲ့ တူရိယာမဟုတ်တော့ ဒီဆိုင်းဝိုင်းက ကျယ်ပြန့်တယ်။ဆိုင်းဝိုင်းမှာပါတဲ့ ဗုံတစ်လုံးဖြစ်ဖို့ရယ်နဲ့ ဒီ ဆိုင်းဝိုင်းကြီးတခုလုံးကို ပြင်ဆင်ရတာ ချိတ်ရတာက မလွယ်ကူဘူး။ ပတ်စာ ရေစာ ဆိုတာ ရှိတာပေါ့။ ကြိုတင် လုပ်ရတယ်။ ဒီလိုတွေ ကြိုတင်လုပ်ရတော့ တချို့ ဝါသနာပါသော်ငြားလည်း ကျနော့်အမြင် ပြောရရင် ချက်ချင်း ဂစ်တာတီးသလို တီးရတာ မလွယ်ကူတဲ့အတွက် ဒီအပေါ် စိတ်ဝင်စားမှုနည်းတယ်လို့ မြင်ပါတယ်။ ဒါကြီးကို အင်မတန် ဝါသနာထုံမှသာ ဥပမာ-ဆိုကရေးတီးပြိုင်ပွဲဝင်ကလေးတွေ သူတို့က နုနယ်တဲ့အရွယ် ဦးနှောက်လည်း ပွင့်လန်းနေတဲ့အချိန်ဆိုတော့ သူတို့မှာ သင်ယူလိုစိတ်၊ဆိုချင်စိတ်၊ကချင်စိတ်၊တီးချင်စိတ် ဒီလို စိတ်ဓာတ် ရှိနေတဲ့ အတွက် ကလေးတွေက သင်ရတာမြန်ပါတယ်။ သူတို့ ဒါနဲ့ လုပ်မစားရင်တော့ တတ်မြောက်ထားမယ်၊ လူငယ်ကဏ္ဍ အနေနဲ့ပြောရမယ်ဆိုရင် ဒါကို သင်ယူဖို့ လေ့လာဖို့အတွက်က သူတို့ သပ်သပ်အချိန်မပေးနိုင်ကြပါဘူး။ ဒီလိုအကြောင်းတွေကြောင့် စိတ်ဝင်စားမှုနည်းတယ်လို့ ကျနော်မြင်ပါတယ်။နောက်ပြီး ဂီတဆိုတာက ဝါသနာပါဦးမှ၊ ဝါသနာမပါရင် လက်ခုပ်တီးခိုင်းရင်တောင်မှ အဆင်မပြေဘူးလေ။ ဝါသနာဆိုတာက ငယ်ငယ်လေးကတည်းက ဆိုတာ၊ကတာ၊ တီးတာ ဝါသနာပါပြီး သင်ယူတာ ဒီလိုနဲ့သွားကြရတာလေ။ ကျနော်တို့ဆို ငယ်ငယ်က ဝါသနာပါတော့ ဆော့ရင်တောင် တီးတာ ခုန်တာမျိုးတွေနဲ့ဆော့ခဲ့တာ။ နောက်ပိုင်းကျတော့ နားထဲမှာ ရေဒီယိုကအသံကြား၊ ဆိုင်းသံ ဗုံသံကြားရင်တောင် မရတော့ဘူး။ ဒီတော့ ဝါသနာထုံတော့ လေ့လာရတာပေါ့။ ဒီပညာက သုံးလေးနှစ်နဲ့ လေ့လာ လို့လည်း ကုန်သွားတာ မဟုတ်ဘူး။ ဒါကြောင့် မြန်မာ့ဆိုင်းပညာက ကျနော်တို့ ငယ်ငယ်လေးကတည်းက လေ့လာခဲ့တာ။ အခုဆိုကျနော် အသက် ၄၃ နှစ်ထဲ ရောက်နေပြီ။ ဒါတောင်လေ့လာလို့ မကုန်သေးပါဘူး။ တီးခတ်မှုပိုင်း ဆိုင်ရာက ရုပ်သေးပဲတီးတီး၊ ဇာတ်သဘင်ပဲတီးတီး၊ နတ်ကနား၊ မင်းခမ်းမင်းနား၊သာရေးနာရေး၊ ဘုရားထီးတင် ဒါမျိုးတွေရှိတယ်။ ဒါကြောင့် လေ့လာလို့ကို မဆုံးပါဘူး။ ဒါကြောင့်မို့လို့လည်း ဆိုင်းဆရာတယောက်ဖြစ်ဖို့အတွက်က မလွယ်ပါဘူး။
မေး ဒီပညာက သင်ယူဖို့ အခက်အခဲတွေရှိတဲ့အတွက် ဒီ မြန်မာ့ဆိုင်းဝိုင်းပညာကို မျိုးဆက်ပြတ်မှာမျိုးရော စိုးရိမ်စိတ်ဖြစ်မိပါလား။
ဖြေ အဲလိုတော့လည်း မဟုတ်ပါဘူး။ ကျနော်တို့ရှေ့မှာဆရာတွေအများကြီးရှိတယ်။နိုင်ငံကျော် စိန်စတင်း၊ စိန်ဗိုလ်တင့်၊ စိန်ဘမော် ၊သူတို့ခေတ်ပြီးတော့ နောက်က ကျနော်တို့တတွေ ပေါ်လာတယ်။ကျနော်တို့နောက်မှာလည်း မန္တလေး ရန်ကုန်တွေမှာ ဆိုင်းဆရာတွေရှိကြပါတယ်။ လူငယ်ဆိုင်းဆရာတွေ တော်တော်ရှိကြပါတယ်။ ဒီပညာကလည်း သူတို့ရှိတာလေးနဲ့ နေလို့တော့ မရဘူး။ အမြဲလေ့လာနေမှဖြစ်မယ်။ ဒီအသုံးအနှုန်းတွေကိုလည်းသိမယ် ကိုယ့်ရဲ့ ရိုးရာဂီတတီးခတ်မှုတွေ တွဲဖက်ပုံတွေ၊ ဘယ်လိုတီးရတယ်။ အများကြီးပါ။ လေ့လာရင် လေ့လာသလောက် ရတဲ့ ပညာပါ။ ဒါကြောင့် ဒီပညာ မတိမ်ကော မပပျောက်အောင်တော့ နောက်လူငယ်တွေကို လေ့လာစေချင်ပါတယ်။ မြန်မာမှာကလည်း ပြစရာဆိုလို့ ရိုးရာဂီတနဲ့ပတ်သက်ရင် ဒါတွေပဲရှိတာကိုး။ ကိုယ့်ရိုးရာ၊ကိုယ့်ဂီတလေး ပျောက်ပျက်သွားမှာကိုလည်း စိုးရိမ်ပါတယ်။ ပြန့်ပွားအောင်နဲ့ ထိန်းသိမ်းဖို့ကလည်း လိုအပ်ပါတယ်။
မေး မြန်မာ့ဇာတ်သဘင်နဲ့ပတ်သက်လို့ကော ဘယ်လိုပံ့ပိုးမှုတွေ လိုအပ်နေပါတယ်လို့ မြင်မိပါလဲ။
ဖြေ ပြောရမယ်ဆိုရင် သဘင်က ကျယ်ပြန့်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ရှိပါတယ်။ ရုပ်ရှင်ဆိုရင် ရန်ကုန်တမြို့ထဲမှာ အများအားဖြင့်ရှိကြတယ်။ ဂီတဆိုရင်လည်း အဲ့လိုပဲ။ မြန်မာ့သဘင်ပညာရှင်တွေကတော့ တောအရပ် ကျေးရွာ တွေမှာလည်း ရှိကြပါတယ်။ အိုးစည်၊ဒိုးပတ်ဝိုင်း ဒါမျိုးတွေရှိတယ်။ ဆိုင်းဝိုင်းတွေရှိတယ်။ အငြိမ့်တွေ၊ ဇာတ်သဘင် တွေက အနယ်နယ်အရပ်ရပ်တိုင်းမှာ ရှိပါတယ်။ ဒါကြောင့် သဘင်ထုကြီး တိုးတက်လာအောင် နိုင်ငံတော်အစိုးရ ကလည်း ပံ့ပိုးကူညီပေးပါလို့ ပြောချင်ပါတယ်။ သဘင်အစည်းအရုံးမှာဆိုရင် ကျနော်တို့ကပဲ ပံ့ပိုးပေးလို့မရဘူး။ အဲ့ဒီတော့ အမြို့မြို့အနယ်နယ်တိုင်းမှာ သဘင်အစည်းအရုံးကို ခမ်းခမ်းနားနားနဲ့ ရှိစေချင်ပါတယ်။
မေး မြန်မာ့သဘင်၊ ဂီတနဲ့ပတ်သက်လို့ တခြားပြောချင်တာရှိရင်ပြောပြပေးပါဦး။
ဖြေ ကိုယ့်ဂီတ ကိုယ့်ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည်ခံစားပေးကြပါ။ နားလည်ပြီးတော့ ဒါဟာ ဒို့ရဲ့ ဂီတ အစစ်ပါလား၊ ဒါဒို့မြန်မာပိုင်တဲ့ တူရိယာတွေပါလားဆိုပြီး ကိုယ့်ဂီတကို မြတ်နိုးစေပြီး ကျနော်တို့ကို အားပေးခြင်း ကိုလည်း ခံယူချင်ပါတယ်။ဝါသနာမပါရင်တောင်မှာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စရိုက်ဆိုတာ ရှိပြီးသားပါ။ ဒါလေးကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဒီ အနုပညာကိုအားပေးပါ မြှောက်စားပါလို့ ပြောချင်ပါတယ်။