SBS ရုပ်သံမှ ထုတ်လွှင့်ပြသမယ့် “Doctors” ရုပ်သံဇာတ်လမ်းတွင် ကိုရီးယားထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ ဘတ်ရှင်ဟေးနဲ့ ကင်ရေဝန်းတို့ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒီ ရုပ်သံဇာတ်လမ်း ပရိသတ်များနဲ့ မိတ်ဆက်တဲ့ အခမ်းအနားကို ဆိုးလ်မြို့တွင်ရှိတဲ့ SBS ရုပ်သံဌာနရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲသို့ ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်တွေဖြစ်တဲ့ ဘတ်ရှင်ဟေး၊ ကင်ရေးဝန်း၊ လီဆောင်ဂျူး၊ ယွန်းဂူဆောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
“Doctors” ရုပ်သံဇာတ်လမ်းဟာ ဆေးလောကကို အခြေတည်ရိုက်ကူးထားတဲ့ အချစ်၊ ဟာသ ဇာတ်လမ်းဖြစ်ပြီး ဆရာဝန်ဖြစ်ဖို့အတွက် အခက်အခဲများစွာကို ရင်ဆိုင်ရုန်းကန်ခဲ့ရတဲ့ ယိုးဟေဂျန်းဆိုတဲ့ ကောင်မလေးတယောက်ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံထားခြင်းပါ။
“Doctors” ရုပ်သံဇာတ်လမ်းမှာ ကင်ရေးဝန်းနဲ့ ဘတ်ရှင်ဟေးတို့ဟာ ဆရာတပည့်ဆက်ဆံအရေးအဖြစ်နဲ့ စတင်ခဲ့ကာ ဘတ်ရှင်ဟေးကတော့ ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကင်ရေးဝန်းကတော့ ဘတ်ရှင်ဟေး တက္ကသိုလ်ဝင်ခွင့် ဖြေဆိုဖို့အတွက် စာသင်ပေးတဲ့ ဆရာအဖြစ်နဲ့ ဇာတ်လမ်းကို စတင်ထားခြင်းပါ။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ ဆေးရုံတွင် စီနီယာနဲ့ ဂျူနီယာအဖြစ်နဲ့ ပြန်ဆုံတွေ့တဲ့အခါမှာ ဖြစ်ပျက်ရတဲ့ တချိန်က ခံစားခဲ့ရတဲ့ အချစ်၊ အမုန်း၊ နာကြည်းမှုတွေနဲ့ ဇာတ်လမ်းကို အရှိန်မြင့်တင်ထားပါတယ်။
ဒီ ရုပ်သံဇာတ်လမ်းကို ဒါရိုက်တာ အိုချောင်းဟွမ် က ရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူသားတွေအနေနဲ့ တဦးနဲ့တဦး အပြန်အလှန် ကူညီရိုင်းပင်းကြတဲ့ ဓလေ့စရိုက်တွေ ပိုမိုကြီးထွားလာစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်လောကမှာ အတန်ကြာပျောက်ကွယ်နေတဲ့ ထိပ်တန်းသရုပ်ဆောင်တဦးဖြစ်တဲ့ ကင်ရေးဝန်းကို ဒီရုပ်သံမှာ ပါဝင်ဖို့ အကူအညီတောင်းခံထားတာဖြစ်ကာ သူ့ကိုတော့ သူ့ရဲ့ ပရိသတ်များ သဘောကျခဲ့ကြတဲ့ ဇာတ်ရုပ်ဖြစ်တဲ့ သူများအပေါ်မှာ ကူညီဖို့ ဝန်မလေးတဲ့ ဆရာဝန်တဦးအဖြစ် တွေ့မြင်ရမယ်လို့ ဆိုထားပါတယ်။
ဒါရိုက်တာ အိုက အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘတ်ရှင်ဟေးကို “ကျွန်တော်တို့ရဲ့ ရှင်ဟေး” လို့ တွင်တွင်သုံးပြီး ရုပ်သံဇာတ်လမ်းတွင် ဘတ်ရှင်ဟေးအနေနဲ့ ဘယ်လို အပင်ပန်းခံရိုက်ကူးခဲ့တယ်၊ ဘယ်လိုကြိုးစားမှုတွေ ရှိခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဘတ်ရှင်ဟေးဟာ မကြာခင်ကပဲ ဆရာဝန်တဦးအဖြစ် ဆေးလောက အခြေခံရုပ်ရှင်ကားတွင် သရုပ်ဆောင်ခဲ့ကာ အဆိုပါ ဇာတ်ရုပ်နဲ့ မတူညီဘူးလို့ ဆိုခဲ့ပါတယ်။
“Doctors” ရုပ်သံကို SBS ရုပ်သံမှ ဇွန်လ ၂၀ နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး ဘတ်ရှင်ဟေးနဲ့ ကင်ရေးဝန်းတို့ရဲ့ ချစ်စဖွယ် သရုပ်ဆောင်ဟန်များက ပရိသတ်များကို အထူးစွဲဆောင်ခဲ့ပါတယ်။