ယူဘင်၊ ရီအွန်၊ ဆမ်းမီနဲ့ ဟယ်ရင်း စတဲ့ အဖွဲ့ဝင်လေးဦးနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ရီးယားပေါ့ပ်ဂီတအဖွဲ့ဖြစ်တဲ့ Wonder Girls အဖွဲ့ဟာ သူတို့ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းများပါဝင်တဲ့ တေးအယ်လ်ဘမ် အသစ်ဖြစ်တဲ့ I Feel You တေးအယ်လ်ဘမ် ကို မကြာခင်မှာ ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ JYP Entertainment ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဂီတလှုပ်ရှားမှုတွေကို ၁၀ နှစ်ကြာ ပြုလုပ်လာခဲ့တဲ့ Wonder Girls အဖွဲ့ဟာ CEO ဖြစ်တဲ့ ဘတ်ဂျင်ယောင်းရဲ့ လွမ်းမိုးမှုမပါဘဲ အဖွဲ့ဝင်များကိုယ်တိုင် သီချင်းများ ရွေးချယ်ထားခြင်းဖြစ်တယ်လို့ Wonder Girls နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
JYP Entertainment ရဲ့ တည်ထောင်သူလည်းဖြစ် တေးရေးနဲ့ တေးဆိုလည်းဖြစ်တဲ့ CEO ဖြစ်သူ ဘတ်ဂျင်ယောင်းဟာ သူ့ရဲ့ အနုပညာအေဂျင်စီမှ အနုပညာရှင်များရဲ့ သီချင်းခေါင်းစဉ်ကစလို့ တေးစီးရီးခေါင်းစဉ်အထိ သူ့စိတ်တိုင်းကျ ပြုလုပ်သူတစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ Wonder Girls အဖွဲ့ရဲ့ အရမ်းကို အောင်မြင်တဲ့ သီချင်းတွေဖြစ်တဲ့ Tell Me, So Hot, Nobody စတဲ့ သီချင်းများကို ဘတ်ဂျင်ယောင်းက ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ အင်တာဗျူးတွင် Wonder Girls အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆမ်းမီက သူတို့အဖွဲ့ဟာ သူတို့ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတွေအပြင် သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ သီချင်းသစ်တွေပါဝင်တဲ့ I Feel You တေးအယ်လ်ဘမ် ကို မကြာခင်ထုတ်ဝေမှာဖြစ်ကာ CEO ဖြစ်တဲ့ ဘတ်ဂျင်ယောင်းရဲ့ စီစဉ်မှုမပါဝင်ဘဲ သူတို့စိတ်ကြိုက်ဖန်တီးထားတဲ့ တေးအယ်လ်ဘမ်ဖြစ်ပါတယ်လို့ ပြောကြားခဲ့တာပါ။
သီချင်းအများစုကတော့ ပေါ့ပ်အချစ်သီချင်းအများစုဖြစ်ကာ တေးရေးဆရာ ဟောင်ဂျီဆမ်းနဲ့ အဓိကတိုင်ပင်ပြီး သီချင်းတွေကို ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။ တေးဂီတပိုင်းမှာလည်း ထူးခြားမှုများစွာ ဖန်တီးထားတယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင်အားလုံးဟာ သူတို့နဲ့လိုက်ဖက်မယ်လို့ ယူဆတဲ့ သီချင်းများကို ကိုယ်တိုင်ဖန်တီးထားကြခြင်းလည်း ဖြစ်ပါတယ်။
ယခင်က အကဖြင့် နာမည်ကြီးခဲ့တဲ့ Wonder Girls အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ တူရီယာများတီးခတ်ခြင်းကို လေ့လာသင်ယူခဲ့ရာမှာ ရီအွန်က ကီးဘုတ်၊ ဆမ်းမီက ဘေ့စ်ဂီတာ၊ ယူဘင်က ဒရမ်၊ ဟယ်ရင်းက ဂစ်တာ တို့ကို ကိုယ်တိုင်တီးခတ်ခဲ့ပြီး ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့အဖွဲ့အနေနဲ့ ပြောင်းလဲမှုများစွာကို ပြုလုပ်မှာဖြစ်ပြီး အဲ့ဒီအတွက် လေ့လာမှုများစွာကိုလည်း ပြုလုပ်နေတယ်လို့ ဆမ်းမီက ပြောကြားခဲ့ပါတယ်။ Wonder Girls အဖွဲ့ဟာ K-pop အမျိုးသမီးရဲ့ ဂီတသမိုင်းကိုပြောင်းလဲပစ်မယ်လို့ ဆိုခဲ့ပြီး K-pop ဆိုတာနဲ့ အကနဲ့ အလှကိုသာ မြင်နေတဲ့ ကမ္ဘာတဝှမ်းက ပရိသတ်များအတွက် ပြောင်းလဲမှုများစွာ ဖန်တီးသွားမယ်လို့ ဆိုခဲ့ပါတယ်။
Wonder Girls အဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှ စတင်ပြီး K-pop လောကမှာ ခြေချခဲ့ကာ ၂၀၀၉ ခုနှစ်မှာတော့ အမေရိကန် ဂီတ လောကသို့ ခြေဆန့်ခဲ့ကြပါတယ်။ Nobody သီချင်းနဲ့ အမေရိကန် ဘေလ်ဘုတ်ရဲ့ ၇၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာတဝှမ်းက ပရိသတ်များကြား ရေပန်းစားတဲ့ အမျိုးသမီး K- pop အဖွဲ့တဖွဲ့ဖြစ်ခဲ့ပါတယ်။
Wonder Girls အဖွဲ့ကို အဖွဲ့ဝင် ငါးဦးနဲ့ စတင်ခဲ့ပေမယ့် ဆန်နေးနဲ့ ဆိုဟီးတို့က အဖွဲ့မှ ထွက်ခွာခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်ရောက်မှ ဟယ်ရင်းက အဖွဲ့ဝင်အသစ်အဖြစ် ရောက်ရှိခဲ့ခြင်းပါ။
REF: koreatimesus.com