ပြည်တွင်း ဈေးကွက်မှာတော့ အမြန်ယာဉ်ငယ်လေးတွေ အဖြစ်နဲ့ရော မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက်ပါ အဆင်ပြေတဲ့ Starexလို မော်ဒယ်တွေပဲ အသုံးများတာ တွေ့ရသလို သူတို့ပဲ မော်ဒယ်ခွဲ များများ၊ မော်ဒယ်နှစ် များများ၊ ဈေးနှုန်း အမျိုးမျိုးနဲ့ ရွေးချယ်နိုင်စရာ ပေါလို့ လူကြိုက်များပါတယ်။
ကျောင်းကား၊ ဖယ်ရီစတဲ့ ပုံစံမျိုးကို အရည်အသွေးကောင်းကောင်းနဲ့ ရေရှည် သုံးချင်သူတွေ အတွက် အခု Transit မော်ဒယ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ပြည်တွင်း အနေအထားမှာတော့ ကိုယ်ထည်ပိုင်းမှာ ဒီလောက်ကြီး ကွာဟချက် မတွေ့ရပေမယ့် ထိုင်ခုံတန်း တည်ဆောက်ပုံနဲ့ နှစ်မျိုး ရနိုင်ပါတယ်။
၁၅ယောက်စီး၊ ၁၇ယောက်စီး ပုံစံနှစ်မျိုးပါ။ အင်ဂျင်အရှေ့ထိုင်စနစ်နဲ့ ဖြစ်ပြီး အင်ဂျင်နေရာ ယူမှု နည်းနည်းများ တာကြောင့် မျက်နှာစာက ရှေ့ကို ထွက်နေပါတယ်။ ဒါပေမယ့် တဖက်က လေခွင်းစနစ်ပိုင်းမှာ ပိုအားကောင်း သွားပြီး မော်ဒယ်က ခရီးဝေး မောင်းနှင်မှု အပိုင်းတွေမှာ စွမ်းဆောင်ရည် ပိုကောင်းသွားသလို လက်ကိုင် ပိုငြိမ်သွားပါတယ်။
၂ ဒသမ ၅လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေ ဖြစ်ပြီး အများစုက အမေရိက မော်ဒယ်တွေကို ဆီစားနှုန်းအရ သဘောမကျလှပေမယ့် အခု Transitက အာရှ ဈေးကွက်အထိပါ အောင်မြင်ချင်လို့ ထုတ်လုပ်ထားတာ ဖြစ်လို့ ဆီစားနှုန်း ချိုသာတာ တွေ့ရပါတယ်။ ဒါပေမယ့် တခု ပြောချင်တာကတော့ တစ်စီးလုံးစာ လေအေးပေးစနစ်မျိုး သုံးလိုက်မယ် ဆိုရင်တော့ ဆီစား မချောင်ပါဘူး။
Manualစနစ်နဲ့ သွားတယ် ဆိုပေမယ့် ဂီယာပိုင်းက မောင်းနှင်လို့ တော်တော်လေး ကောင်းပါတယ်။ ညာမောင်း တွေ အဖြစ်နဲ့ ဈေးကွက် ဝင်နေတာ ဖြစ်ပြီး ဒီဇယ်အင်ဂျင်စနစ်က သဘောကျစရာပါ။ Mini-Busမော်ဒယ်တွေ အနေနဲ့ကတော့ မြို့တွင်းသုံးပဲ ဖြစ်ဖြစ်၊ နယ်ဝေးသွားလာရေးအတွက်ပဲ ဖြစ်ဖြစ် ဒီဇယ်နဲ့ပဲ စိတ်ချရ၊ ကောင်းမွန် ပါတယ်။
ဒီနေရာမှာ တချက် လူကြိုက်နည်းလာစေနိုင်တာ တခုက ပြတင်းပေါက်တွေပါ။ လျောတံခါးပုံစံ မဟုတ်ပဲ အလုံပိတ် ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ဒီမှာ လေအေးပေးစနစ်က ခရီးဝေးမှာ သုံးမယ်ဆို ဆီစားနှုန်းနဲ့ ပြန်တွက်ရင် ပြတင်းပေါက် တည်ဆောက်ပုံက အဆင်မပြေစေချင်ပါဘူး။
လက်ကိုင်စနစ်မှာ Power Steeringစနစ်ကို သုံးနိုင်မယ့် အချက်ကတော့ လက်ရှိ Starexမော်ဒယ် အများစု ထက် အားသာချက် ဖြစ်လာစေပါတယ်။ Mini-Busတန်းဝင် ဖြစ်ပေမယ့် အသက်ကယ် လေအိတ်စနစ်တွေ ထိုင်ထားတာ တစ်ချက်က အာရှမော်ဒယ်တွေထက် ယုံကြည်စိတ်ချရမှု ပိုလာစေပါတယ်။ ကိုယ်ထည်ပိုင်း အရည်အသွေး ကောင်းတယ်၊ အောက်ပိုင်း မာတယ်၊ အင်ဂျင်က ခရီးဝေး မောင်းနိုင်တယ်၊ အတွင်းခန်း ထိုင်ခုံ၊ တပ်ဆင်အပိုင်းတွေ မာကျောတယ်၊ ရေရှည်စိတ်ချရမှု ရှိတယ်၊ မော်ဒယ်အနေနဲ့ ၂၀၀၇-၀၈ခုနှစ်ထုတ်တွေကို ရွေးချယ် ဝယ်ယူနိုင်မယ်။ ကီလို တစ်သိန်း ဝန်းကျင် မောင်းထားပြီး မော်ဒယ်တွေ ဖြစ်ပေမယ့် အခုလို လုပ်ငန်းသုံး မော်ဒယ်တွေရဲ့ သက်တမ်းက ကီလို ၃သိန်းလောက်ထိအောင် ရနိုင်တာကြောင့် အဆင်ပြေပါသေးတယ်။ ဈေးနှုန်း အပိုင်းမှာ မော်ဒယ်နှစ်ထက် ထိုင်ခုံတန်းတည်ဆောက်ပုံက စကားပြောပြီး ၁၇ယောက်စီးကို ၂၉၅သိန်း၊ ၁၅ယောက်စီးကို ၂၇၅သိန်း ခေါ်ပါတယ်။