ဗီတာမင်စီဆိုရင် အချဉ်ဓာတ်ပါတဲ့ အစားအသောက်တွေမှာ ပါတယ်လို့ အသိများကြသလို အတော်လေးလည်း တွင်ကျယ်အောင် သောက်သုံးနေကြတာ တွေ့ရမှာပါ။
ဗီတာမင် အများကြီးထဲကမှ တမျိုးအပါအဝင်ဖြစ်တဲ့ ဗီတာမင်စီကို အချဉ်ဓာတ်ကဲတဲ့ အသီးစုံ (လိမ္မော်၊ သံပုရာ၊ ရှောက်သီး ကအစ စတော်ဘယ်ရီတွေ အထိပေါ့)၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ (ငရုတ်သီးစိမ်းလိုမျိုး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ကိုက်လန်အစုံ) မှာ တွေ့ရပါတယ်။ ဗီတာမင်စီ ဘာကြောင့် လိုအပ်သလဲ၊ ဘယ်လို အသုံးဝင်လဲ ဆိုတာလေးတော့ သိထားမှ စားရတာလည်း အကျိုးရှိမှာပါ။
ကိုယ်ခံအားစနစ်
ဗီတာမင် စီ ကို ကိုယ်ခံအားစနစ်က ပုံမှန် လုပ်ငန်းဆောင်တာတွေ အတွက် လိုအပ်ပါတယ်။ ရံဖန်ရံခါ အအေးမိ တာမျိုးတွေ ကာကွယ်ဖို့၊ အားကစား အရမ်းလုပ်သူတွေ၊ သိပ်ပြီး အေးချမ်းတဲ့ဒေသမှာ နေထိုင်သူတွေ ဆိုရင်တော့ ပိုပြီး စားသုံးဖို့ လိုပါတယ်။ ဗီတာမင် စီ ပမာဏများတဲ့ ဆေးတွေစားတာက အအေးမိရောဂါလိုမျိုး နလုံးထမြန်စေပါတယ်။
ဆဲလ်တွေ ကာကွယ်ရေး
ကိုယ်မှာ ဖွဲ့စည်းထားတဲ့ ဆဲလ်လေးတွေကို ဓာတုပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ တနည်းအားဖြင့် Antioxidant ဓာတ်တိုး ဆန့်ကျင်ပစ္စည်းလို့ ခေါ်တာပေါ့။ လေထုညစ်ညမ်းမှု၊ စီးကရက်အခိုးအငွေ့၊ နေ ရောင်ခြည်၊ ဓာတ်ရောင်ခြည်တွေကြောင့် ဆဲလ်တွေ ပျက်စီးစေမယ့် အရာတွေကို သူက ချေဖျက်ပေးပါတယ်။
နာတာရှည်ရောဂါ ကင်ဆာလိုမျိုးတွေ ကာကွယ်ပေးတဲ့ သဘောပါ။ ကင်ဆာရောဂါရှိနေသူတွေကို ဗီတာမင် စီ အများကြီး ပေးရင်တောင်မှ ကင်ဆာဆဲလ်တွေ ပြန့်ပွားတာ နှေးကွေးစေတယ်လို့ တချို့က ဆိုပါတယ်။
တွယ်ဆက်တစ်သျှုး တည်ဆောက်ရေး
အရေပြား၊ အရိုး၊ ကြွက်သားစတဲ့ အရာတွေကို တွယ်ဆက် တစ်သျှုးတွေလို့ ခေါ်ပြီး အဲဒါတွေ တည်ဆောက်ဖို့ ဗီတာမင် စီ က အရေးပါပါတယ်။ အရွတ်တွေ၊ သွေးကြောတွေ အတွက်လည်း အရေးကြီးတာပေါ့။ အရေပြားအသစ် ဖွဲ့စည်းဖို့၊ အမာရွတ်တွေ အဖြစ် တွယ်ဆက်ဖို့၊ အရေခွံကွာတာတွေ သက်သာဖို့ ဗီတာမင်စီ မပါဘဲ မဖြစ်ပါဘူး။
ဦးနှောက်အားဖြည့်ရေး
ဦးနှောက်ကနေ သတင်း အချက်အလက်တွေ သယ်ပို့တဲ့ ဟော်မုန်းတွေ တည်ဆောက်ရာမှာလည်း ဗီတာမင်စီက မပါမဖြစ်ပါဘဲ။ ပျော်ရွှင်တက်ကြွအောင်၊ မှတ်ဉာဏ်ကောင်းအောင်၊ အိပ်ရေးဝအောင် စသဖြင့် လုပ်ငန်းဆောင်တာတွေ အတွက် လိုအပ်တဲ့ ဟော်မုန်းတွေ ထုတ်လုပ်ရာမှာ ဗီတာမင်စီ ပါဝင်ရပါတယ်။ စိတ်ကျရောဂါ မဖြစ်စေအောင်လည်း အရေးပါတာပါပဲ။
အမြင်အာရုံ
အများအားဖြင့် ဗီတာမင် အေ ကသာ အမြင်အာရုံကို ထောက်ကူပေးတယ်လို့ ထင်ကြပေမယ့် အသက်ကြီးလာ လို့ အမြင်အာရုံ ချို့တဲ့လာတာမျိုးကျတော့ ဗီတာမင်စီက ကူညီပါတယ်။ အတွင်းတိမ် မဖြစ်အောင် ကာကွယ်ပေးတာကို လေ့လာတွေ့ရှိရတယ် လို့တောင် ဆိုပါတယ်။
ဒါလောက်ဆိုရင် လက်လှမ်းမီရာ အသီးအရွက်တွေစားပြီး ဗီတာမင်စီကို ဖြည့်ဆည်းသင့်ကြတယ်လို့ ခံယူနိုင်မှာပါ။ ဒါတင် မက လိုအပ်ရင် အပိုဖြည့်ဆည်းဖို့ ဗီတာမင် စီ ဆေးတွေလည်း ပေါကြွယ်သက်သာကြပါတယ်။