အလုပ်သမား အမှုကိစ္စများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ ရွေးချယ်ရာတွင် တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု မရှိသဖြင့် ပြန်လည်ကျင်းပပေးရန် အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီက တောင်းဆိုလိုက်သည်။
အလုပ်သမားရေးရာ တရားမျှတမှုဖော်ဆောင်ရေး ကော်မတီဝင် ဦးအောင်စိုးမင်းက “အခုရွေးချယ်ပွဲဟာ တရားမျှတမှု မရှိဘူး။ ရွေးချယ်ပွဲကို တဖွဲ့ထဲပါဝင်ပတ်သက်တာမျိုး မဟုတ်ဘဲ အဖွဲ့အားလုံး အခြေခံကအစ အဖွဲ့ချုပ်တိုင်အောင် အလုပ်သမားထုတွေ ပါဝင်ပတ်သက်တဲ့ တရားမျှတသော၊ ဒီမိုကရေစီဆန်သော ရွေးကောက်ပွဲတခုကို ပြန်လည်လုပ်ဆောင်နိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
ခုံသမာဓိအဖွဲ့ ရွေးချယ်ပွဲကို ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ခုံသမာဓိကောင်စီ ရွေးချယ်ပွဲကို ဇူလိုင် ၁၂ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ကနောင်ခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ ရွေးချယ်ပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်စိုးမင်းက ပြောသည်။
ထိုသို့ရွေးချယ်မှုပြုရာတွင် ဌာနက ရွေးချယ်သည့်နည်းစနစ်၊ လုပ်ထုံးလုပ်နည်းများကို အလုပ်သမားအဖွဲ့အစည်းများသို့ ကြိုတင်အသိပေး အကြောင်းကြားမှု မရှိခြင်းနှင့် ရွေးချယ်ပွဲတွင် အလုပ်သမားအဖွဲ့အစည်းအားလုံး ပါဝင်ခွင့် (All Inclusive) ရရှိရန် ကြိုတင်မဖိတ်ကြားသည့်အပြင် အလုပ်သမားအဖွဲ့အစည်း တချို့ကိုသာ ရွေးချယ် ဖိတ်ကြားခဲ့သည်ဟု အလုပ်သမားရေးရာ တရားမျှတမှုဖော်ဆောင်ရေး ကော်မတီဝင်များက ပြောသည်။
ကော်မတီ အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပအလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွေးနှင့် သွားရောက်တွေ့ဆုံပြီး ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ ရွေးချယ်ပွဲအပေါ် ကန့်ကွက်ကြောင်းနှင့် အလုပ်သမားထု၏ ဆန္ဒသဘောထားများကို တင်ပြခဲ့ကြောင်း ကော်မတီဝင်များက ပြောသည်။
ထို့အပြင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာဌာနများသို့လည်း ကန့်ကွက်ကြောင်း အစီရင်ခံစာများကို ဇူလိုင် ၁၈ ရက်က ပေးပို့ခဲ့သည်ဟု ၎င်းတို့က ဆက်ပြောသည်။
၎င်းတို့ ကန့်ကွက်တင်ပြချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းကာ ရွေးချယ်ပွဲ တရားမျှတမှု မရှိခြင်းအပေါ် စုံစမ်းစစ်ဆေးပေးရန်နှင့် လွတ်လပ်၍တရားမျှတသည့် ရွေးချယ်ပွဲကျင်းပရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး ပြန်လည်ကျင်းပပေးရန် တောင်းဆိုထားသည်ဟု ကော်မတီဝင်များက ဆိုသည်။
ကော်မတီဝင်တဦးဖြစ်သူ ဦးခင်မောင်ဦးက “ခုံသမာဓိကောင်စီက နိုင်ငံတော်အဆင့်ကနေ မြို့နယ်အဆင့်အထိ သက်တမ်းကို ၂ နှစ်တကြိမ် ရွေးရမှာပါ။ အမြဲတမ်းလိုလို ၂ နှစ်တကြိမ်မှာ စနစ်တကျ ဆွဲမထားရင် ဒီပုံစံအတိုင်းပဲ ဖြစ်နေမှာပါ။ အဲဒီလိုဖြစ်တဲ့အခါတိုင်း ကျနော်တို့ အလုပ်သမား၊ လယ်သမားအင်အားစုတွေဟာ ၂ နှစ်တကြိမ် သွေးကွဲနေရတဲ့ အခြေအနေမျိုး လုံးဝမလိုလားလို့ အခုလိုဆောင်ရွက်တာဖြစ်တယ်” ဟု ပြောသည်။
အလုပ်သမားရေးရာ တရားမျှတမှုဖော်ဆောင်ရေး ကော်မတီကို မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း အလုပ်သမားအဖွဲ့ချုပ် (MICS) မှ ၃ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM-IUF) မှ ၃ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက် (AMTUN) မှ ၃ ဦး နှင့် တခြားလွတ်လပ်သော အလုပ်သမားအဖွဲ့အစည်းမှ ၁ ဦး စုစုပေါင်း ကော်မတီဝင် ၁၀ ဦးဖြင့် ဇူလိုင် ၁၃ ရက်က ဖွဲ့စည်းခြင်းခဲ့ခြင်းဖြစ်သည်။