အာရှ အခြေစိုက် မော်တော်ဆိုင်ကယ် ထုတ်လုပ်သူတွေ ဖြစ်တဲ့ နာမည်ကျော် Yamahaတို့ Hondaတို့က Sport တန်းဝင် မော်ဒယ်တွေပဲ ထုတ်လုပ်လေ့ရှိတာ ဖြစ်ပေမယ့် အမေရိက ဆိုင်ကယ်ဈေးကွက်ရဲ့ အကြိုက် Cruiser တန်းဝင်တချို့ကိုလည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးလာနိုင်တာ တွေ့ရပါတယ်။ ဒီထဲကမှ အခု ပြည်တွင်း မှာပါ ရနိုင်မယ့် မော်ဒယ် Honda Shadow Phantomအကြောင်းကို ပြောချင်ပါတယ်။
တကယ်တမ်း မော်ဒယ်ရဲ့ နာမည်က Shadowပါပဲ။ နောက်က Phantomက မော်ဒယ်ခွဲ ဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တဲ့ ဒီမော်ဒယ်က သက်တမ်းရင့်နေပြီ ဖြစ်သလို ၁၂၅စီစီသုံး အင်ဂျင်တပ်ကနေ ၁၁၀၀ စီစီသုံး (၁ ဒသမ ၁လီတာ) မော်ဒယ်ထိအောင် ထွက်ရှိထားတာပါ။
၁၂၅စီစီ မော်ဒယ်တွေကိုတော့ အင်္ဂလန်အပါအဝင် ဥရောပဈေးကွက်အတွက် အဓိက ထုတ်လုပ်ရောင်းချ နေတာ တွေ့နိုင်ပြီး ၅၀၀စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေကတော့ ၁၉၈၃ခုနှစ်လို အစောပိုင်းထုတ် မော်ဒယ် တွေ ဖြစ်ပါတယ်။
၆၀၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေက ၁၉၈၈ခုနှစ်လောက်မှာ စတင် ဈေကွက်ဝင်လာပြီး ၇၀၀-၈၀၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်တွေကတော့ ၁၉၈၅ခုနှစ်ဝန်းကျင်ကနေ အခုချိန်ထိအောင် မော်ဒယ်နှစ် အမျိုးမျိုးနဲ့ ထုတ်လုပ်နေဆဲပါ။
၁၁၀၀ စီစီသုံး မော်ဒယ်တွေကတော့ ၁၉၈၅ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး ဈေးကွက်ဝင်ခဲ့သလို ၁၉၉၂ခုနှစ်လောက်ထိ တွေ့ရပါသေးတယ်။ ဒီထဲမှာ Cruiser တန်းဝင်တွေကို အထူး နှစ်သက်တဲ့ အမေရိကန် ဈေးကွက်အတွက် ACE လို့ ခေါ်တဲ့ American Classic Edition အဖြစ်နဲ့ သီးခြား ထုတ်လုပ်ရောင်းချတာလည်း တွေ့ရပါတယ်။
အခု ပြည်တွင်းမှာ ရနိုင်နေတဲ့ Shadow Phantomကတော့ အသစ် အနေအထားနဲ့ ဖြစ်ပေမယ့် နောက်ဆုံးထုတ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ခုနှစ်ထုတ် မော်ဒယ်ပါ။ ဈေးကတော့ ၁၁၅သိန်း ရှိပါတယ်။ တပ်ဆင်အင်ဂျင်က အရေအအေးခံစနစ် ထည့်ထားတဲ့ V-Twinအမျိုးအစား ၀ ဒသမ ၇၅လီတာသုံး အင်ဂျင်ပါ။ ဒါဟာ Hijet အင်ဂျင်(၀ ဒသမ ၆၆လီတာ)တွေထက် အရွယ်ပိုပြီး ကြီးမားပါတယ်။ အင်ဂျင်အတွင်းခန်း ပေါက်ကွဲမှု အတွက် မီးတောက်စနစ်ကို လျှပ်စစ်နဲ့ ထိန်းချုပ်ထားပါတယ်၊ ထိုးပြွန်တစ်လုံးမှာ အဆို့ရှင် သုံးခုထိုင်ထားပြီး SOHCစနစ်နဲ့ သွားပါတယ်။
ဂီယာချက် ၅ချက်ကို သုံးနိုင်မှာ ဖြစ်ပြီး အမြန်ဆုံး အရှိန်မြှင့်တင်နိုင်မှု ဦးစားပေး ပုံစံ မဟုတ်လို့ စွမ်းဆောင်ရည် ပြောလောက်အောင် မကောင်းတာကြောင့် ထည့်မပြောတော့ပါဘူးနော်။ ကိုယ်ထည်ရဲ့ တည်ငြိမ်မှုကို ဦးစားပေး ဖန်တီးထားတာ ဖြစ်ပြီး Bon Joviရဲ့ Miracle MTVထဲကလိုမျိုး လမ်းကျယ်ကျယ်မှာ စိတ်ကြိုက် စီးနင်းနိုင်မယ့် မော်ဒယ်မျိုးပါ။
တာယာတွေက ရှေ့ဖက်မှာ ၁၂၀/၉၀-၁၇နဲ့ နောက်ဖက်မှာ ၁၆၀/၈၀-၁၅တွေကို ထည့်ထားပါတယ်။ မျက်နှာ ပြင်ကြီး ဦးစားပေး တာယာပုံစံ ဖြစ်ပြီး လမ်းအနေအထားမျိုးစုံမှာ ကိုယ်ထည်ကို ဟန်ချက် မပျက်စေဖို့ Suspensionစနစ်မှာ ရှေ့ဖက်က ၄၁မီလီရှိတဲ့ Forkနဲ့ ၄ ဒသမ ၆လက်မရှိတဲ့ Travelကိုသုံးထားပြီး နောက်ဖက်မှာ ၃ ဒသမ ၅လက်မ Travelနဲ့ Shockကို Dualပုံစံထိုင်ထားပါတယ်။
ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏက ၆၄ ဒသမ ၅လက်မရှိပြီး ထိုင်ခုံရဲ့ အမြင့်က မြေပြင်ကနေ ၂၅ ဒသမ ၉လက်မရှိမှာပါ။ တပ်ဆင်ဆီတိုင်ကီက ၃ ဒသမ ၇ဂါလံ ဆံ့မှာ ဖြစ်ပြီး ဆီတစ်ဂါလံကို ပျမ်းမျှ ၅၆မိုင် လောက် စီးနင်းနိုင်ပါလိမ့်မယ်။
မော်ဒယ်ရဲ့ ဟန်ချက်ညီအောင် ထိန်းချုပ်မှု ပုံစံက အောက်ဖက်မှာ အလေးချိန်များတဲ့ အင်ဂျင်ကို ထိုင်ထားပြီး မြေဆွဲအားကို ရယူထားတာ ဖြစ်သလို ထောက်အနေနဲ့ မျက်နှာပြင်ကျယ် တာယာတွေကို သုံးထားသလို အထက်ဘက် ခရီးသည်ရဲ့ ယိုင်အားကို အကူ အနေနဲ့ ထိန်းနိုင်အောင် ဆီတိုင်ကီရဲ့ တည်ဆောက်ပုံကို ကိုယ်ထည်ရဲ့ တဖက်စီမှာ အညီအညာ နှစ်ခြမ်းခွဲ(အသည်းပုံစံ)ထည့်သွင်းထားတာကြောင့် Crusierတန်းဝင် Shadow Phantomတွေဟာ လမ်းကြောင်းပေါ်မှာ အရှိန်(မြန်နှုန်း)မြင့်နေမယ် ဆိုရင် ထိန်းကျောင်း သူမဲ့အနေအထားနဲ့တောင် လိုက်ပါ စီးနင်းနိုင်သည် အထိ ကောင်းမွန် တည်ငြိမ်တာပဲ ဖြစ်ပါတယ်။