သရုပ်ဆောင်သစ် လူငယ်တိုင်းရင်းသားပေါင်းစုံနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ The Team Myanmar အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲကို MNTV ရုပ်သံလိုင်းကနေ ပြသတော့မယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဇာတ်လမ်းပုံစံအနေနဲ့ အချစ်၊ ဒရာမာ၊ အက်ရှင်နဲ့ ဘောလုံးသမားဖြစ်လိုတဲ့ လူငယ်လေးများအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲမှာ အဓိက သရုပ်ဆောင်မင်းသားအဖြစ် ဝေဠုကျော်က ပါဝင်ထားပြီး အနယ်နယ်အရပ်ရပ်က တိုင်းရင်းသား သရုပ်ဆောင်အသစ်များကို ခေါ်ယူသရုပ်ဆောင်စေခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲကို ရိုက်ကူးပုံဖော်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့
“အဓိက ဒီ ဇာတ်လမ်းတွဲက ဘောလုံးအားကစားနည်းနဲ့ ပြသွားတာပါ။ ဘောလုံးအားကစားနည်းနဲ့ ပေးချင်တဲ့ Message တွေကို ပေးထားတာပါ၊ ဇာတ်လမ်းတွဲရဲ့ ရည်ရွယ်ချက်က ပန်းတိုင်တခုကို ရောက်ဖို့ ဘယ်လို စည်းလုံး ရမလဲ။ ဘယ်လိုကြိုးစားရမလဲ စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်မလဲ။ အဲဒါတွေကို စည်းဘောင်ထဲက ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကို ပေးချင်တာပါ။ ဇာတ်လမ်းတွဲ ရိုက်ကူးတုန်းကလည်း တဖွဲ့လုံး Team ရှိဖို့ ကျနော်တို့ ဟိုတယ်တခုလုံးကို ဌားလိုက်တယ်။ သူတို့ကို အဲဒီ ညတိုင်း ဂစ်တာဝိုင်း စကားဝိုင်းလေးနဲ့ ရိုက်ကူးရေးပြီးတော့ သူတို့လွမ်းကြတယ်။ ဒီဇာတ်ကားမှာ ယောကျာ်တွေချည်းပဲ၊ မိန်းကလေးဆိုလို့ တယောက်ပဲပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒီဇာတ်လမ်းတွဲကို ပြင်ဦးလွင်မှာ အချိန် ၃ လကျော်ကြာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး တိုင်းရင်းသား လူငယ်သရုပ်ဆောင်များရဲ့ အသံအနေအထား ပြောဆိုမှုပိုင်းမှာ အခက်အခဲများတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဝေဠုကျော်က “ကျနော်ကလည်း ကားမရိုက်ဖြစ်တာ တနှစ်ကျော် နှစ်နှစ် နီးပါး ရှိခဲ့ပါပြီ။ ဒီကားလေးကို ရိုက်ဖို့ ကမ်းလှမ်းလာတဲ့အခါ ဒီဇာတ်ကားလေးရဲ့ ရည်ရွယ်ချက်ကို သိရတဲ့အတွက် ရိုက်ဖို့အတွက် ဆန္ဒပြင်းပြလာပါတယ်။ ဒီဇာတ်ကားလေးက ကျနော်တို့ ကြက်ခြေနီရဲ့ အခြေခံလေးနဲ့တူပါတယ်။ လူမျိုး ဘာသာ အရောင်မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ သွားလာ တဲ့အတွက် ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် ကျနော်လက်ခံခဲ့တာပါ” လို့ပြောပါတယ်။
သူက ဆက်လက်ပြီး “ကျနော်တို့နိုင်ငံဟာလည်း ဘောလုံးအသင်း တသင်းလိုပါပဲ။ ဂိုးသမားချည်းပဲ ကောင်းလို့မရပါဘူး၊ရှေ့တန်းကပဲ ကောင်းလို့ မရပါဘူး။ တသင်းလုံး ကောင်းဖို့ လိုပါတယ်။ ဒီလို ဥပမာနဲ့အတူတကွ ရင်ဆိုင်ပြီးသွားမယ်ဆိုရင် ကျနော်တို့ နိုင်ငံရဲ့ပန်းတိုင်ကို ရောက်ကြမှာပါ” လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းတွဲဖြစ်မြောက်ဖို့အတွက် ဥရောပသမဂ္ဂ က အဓိကကူညီပံ့ပိုးပေးတာဖြစ်ပြီး Search for Common Ground နဲ့ နှင်းဆီရင်ခွင် ထုတ်လုပ်ရေးတို့က ပူးပေါင်းပါဝင်ထားကြတာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲမှာ အပိုင်းပေါင်း ၁၃ ပိုင်းပါဝင်ပြီး အပိုင်းတပိုင်းကို ပြသချိန် နာရီဝက်ခန့် ရှိတယ်လို့သိရပါတယ်။ ဇာတ်လမ်းတွဲကို ဇူလိုင် ၂၅ ရက်နေ့က စတင်ပြီး MNTV ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း ညစဉ် ၆ နာရီခွဲတွင် ပြသပေးမယ်လို့ ဆိုပါတယ်။