သွေးမျက်ရည်နဲ့ ချိုမြိန်ချစ်ခြင်းတို့ နယ်မြေလို့ အဓိပ္ပာယ်ရတဲ့ (The Land of Blood And Honey) ဇာတ်ကားဟာ ဘော့စနီးယားက ပန်းချီဆရာမလေး အဂျလာ (Ajla) ရဲ့ ကြေကွဲဖွယ်ရာ ဘဝဇာတ်သိမ်းသွားရပုံ အကြောင်းကို ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီက ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဂျိုလီဟာ ၂၀၀၇ ခုနှစ်က A Place in Time ရုပ်ရှင်မှာ ပထမဆုံး ဒါရိုက်တာ လုပ်ခဲ့ပြီး ဒီကားက ဒုတိယ မြောက်ဇာတ်ကားပါ။ ဂျိုလီဟာ ၂၀၁၄ ခုနှစ်မှာ Unbroken ဇာတ်ကား၊ ၂၀၁၅ ခုနှစ်မှာ By the Sea ဇာတ်ကားတွေ ကိုလည်း ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးတင်ပြခဲ့ပါသေးတယ်။
၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ် အထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယား စစ်ပွဲကြီးအတွင်း ကိုယ်တိုင် ရောက်ရှိသွားသလို ကြည့်ရ မြင်ရတော့ ရင်သပ်ရှုမော ပါးစပ်အဟောင်းသားနဲ့ ထိတ်လန့်မှု၊ တုန်လှုပ်မှု၊ ကြောက်ရွံ့မှုတွေနဲ့ ကြေကွဲမှုတွေ ကိုလည်း ဇာတ်ကားကို ကြည့်ရင်း ခံစားရပါတယ်။ ပြီးတော့ ဘာသာရေး မလိုမုန်းတီးမှု၊ သတ်ဖြတ်အနိုင်ကျင့်မှုတွေ ဟာ ယဉ်ကျေးပါတယ် ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ အမှောင်ဘက်ထဲက ရိုင်းစိုင်းမှုတွေ ဖြစ်တယ်ဆိုတာ မီးမောင်း ထိုးပြနေပါတယ်။
၁၉၉၁ ခုနှစ် ကစပြီး ယူဂိုစလားဗီးယား နိုင်ငံဟောင်းထဲက ဘော့စနီးယား၊ ဆာဗီးယား၊ ခရိုအေးရှားဆိုတဲ့ ဘာသာမတူ ကွဲပြားတဲ့ လူမျိုးစု နိုင်ငံသုံးခုဟာ ပဋိပက္ခ စစ်မက် ဖြစ်ပွားကြပါတယ်။ လူမျိုးရေး မုန်းတီးမှု ပဋိပက္ခတွေ မငြိမ်းနိုင်အောင် ဖြစ်ခဲ့ကြတယ်။ အပြစ်ရှိသူရော အပြစ်မရှိသူရော ၁ သိန်းကျော် သေဆုံးသွားခဲ့ရပြီး၊ မိန်းမပေါင်း သောင်းချီပြီး အဓမ္မပြုကျင့်ခံရမှုတွေ ဖြစ်ပွားတဲ့ စစ်ပွဲ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကို ဟန်ဂေရီ နိုင်ငံမှာ ဆက်တင်တွေဆောက်ပြီး အစားထိုး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အင်ဂျလီနာဂျိုလီဟာ စစ်ရဲ့ အနိဋ္ဌာရုံနဲ့ ရက်စက်မှုတွေကို ပီပြင်အောင် ရိုက်ကူးတင်ပြ နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒေသသုံး ဘာသာစကားကို သုံးပြီး၊ ဘော့စနီးယား၊ ခရိုအေးရှားနဲ့ ဆာဗီးယား လူမျိုးတွေကိုပဲ ပြန်သရုပ်ဆောင်ခိုင်းခဲ့ပါ တယ်။ အဓိက ဇာတ်ကောင်နှစ်ဦး ဖြစ်တဲ့ ဆာဗီယားလူမျိုး ဗိုလ်မှူး “ဒင်နီယယ်” နဲ့ ဘော့စနီးယား အမျိုးသမီး ပန်းချီဆရာမလေး “အဂျလာ” တို့ ၂ ယောက်ရဲ့ ရင်နင့်ဖွယ်ရာ အချစ်ဇာတ်လမ်းကို တင်ပြထားတာပါ။
ဒင်နီယယ်အဖြစ် ဒေသခံမင်းသား “ဂိုရန်ကို့စ်တစ်” က သရုပ်ဆောင်ပြီး၊ အဂျလာ အဖြစ်ကိုတော့ ဒေသခံမင်းသမီး “ဇာနာ မာဂျန်နိုဗစ်” က သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ကို အဂျလာ တယောက် ညီမဖြစ်သူရဲ့သားလေးကို ပုခက်ထဲ ထည့်ကာ လွှဲပေးနေရင်း ပန်းချီဆွဲနေတဲ့ အခန်းနဲ့ စတင်ထားပါတယ်။
အဂျလာရဲ့ ညီမဖြစ်သူ “လေလာ” ဟာ စစ်ပွဲမှာ ယောကျာ်ဖြစ်သူ သေဆုံးသွားခဲ့တာကြောင့် လသားအရွယ် ကလေးငယ်နဲ့ အစ်မဖြစ်သူကို မှီခိုရင်း အတူနေထိုင်ကြပါတယ်။ ညီအစ်မ ၂ ယောက်ဟာ သူငယ်ချင်းလို တမျိုး၊ ညီအစ်မလို တဖုံနဲ့ အလွန် ချစ်ခင်တွယ်တာ ကြပါတယ်။ ဆွဲနေတဲ့ ပန်းချီကား တပိုင်းတစကို ပစ်ထားပြီး ပုခက်ထဲမှာ ငိုနေတဲ့ ကလေးငယ်ကို ပွေ့ချီရင်း ညီမဖြစ်သူ လေလာ အခန်းထဲက ထွက်လာတော့မှ လှမ်းပေးကာ ချစ်သူဖြစ်တဲ့ ဒင်နီယယ်နဲ့ ပါတီပွဲမှာ ချိန်းထားတာကို သတိရလို့ အခန်းထဲ အပြေးဝင်ကာ အဝတ်လဲ အလှပြင်ပါတယ်။
ပိုပြီး ချစ်ဖွယ်ကောင်းအောင် ညီမဖြစ်သူလေလာရဲ့ ထပ်မံ ပြင်ဆင်ပေးတာကို လက်ခံပြီး ပါတီပွဲကို ပျော်ရွှင်မြူးတူးစွာ ထွက်လာခဲ့ပါတယ်။ ပါတီပွဲဟာ သူ့အတွက် တသက်လုံး ကံဆိုးမိုးမှောင်ကျစေလိမ့်မယ် ဆိုတာကို မသိခဲ့ရှာပါဘူး။ ပါတီပွဲမှာ ချစ်သူ ဒင်နီယယ်နဲ့ ပျော်ရွှင်စွာ တွဲကနေတုန်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်လာပါတယ်။ ကံကောင်းထောက်မလို့ အသက်မသေဘဲ ကျန်နေသူများထဲမှာ အဂျလာနဲ့ ဒင်နီယယ်တို့ ၂ ယောက်လည်း ပါဝင်ပါတယ်။
အိမ်ပြန်ရောက်ပြီး နောက်တနေ့မှာ ဒီအဖြစ်အပျက်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်နဲ့ ဘာတွေ ဆက်ဖြစ်လေမလဲ ဆိုတာကို အဂျလာတို့ ညီမနှစ်ယောက် ခန့်မှန်းသိနေခဲ့ကြပါတယ်။ ဒါကြောင့် ဘေးကင်းနိုင်တဲ့ အနီးဆုံး နိုင်ငံတခုကို ထွက်သွားဖို့ ညီအစ်မနှစ်ယောက် ခရီးဆောင်အိတ်ထဲကို အဝတ်အထည်နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ အမြန်ထည့်နေပါတယ်။ အရေးထဲမှာ ပတ်စပို့က ရုတ်တရက် ရှာမတွေ့ဘဲ ဖြစ်နေတဲ့ အတွက် သူတို့ရဲ့ ကံကြမ္မာဟာ နောက်ကျသွားခဲ့ရပါတယ်။ ဆားဗီးယား စစ်အုပ်စုဟာ စစ်ကားကြီးတွေနဲ့ အမြန်ရောက်လာပြီး အဂျလာတို့တိုက်ကို စီးနင်းလိုက်ကြပါတယ်။
ယောကျာ်မှန်သမျှ သတ်ပစ်ဖို့ ဖမ်းဆီးသွားပြီး၊ မိန်းမမှန်သမျှကိုတော့ ခြံဝင်းအကျယ်ကြီးထဲ ပို့ကာ စစ်သားတွေက မုဒိမ်းကျင့် ပါတော့တယ်၊ ကလေးငယ်နဲ့မို့ ညီမဖြစ်သူ လေလာကတော့ လွတ်မြောက်ခွင့်ရသွားပြီး အခန်းကို ပြန်လာခွင့် ရခဲ့ပါတယ်။ မိန်းမတွေ အုပ်စုထဲမှာ အဂျလာ ပါလာတာကို ဒင်နီယယ်က မြင်သွားပြီး “ဒီမိန်းမတော့ မင်းကြိုက်မယ် မထင်ပါဘူး၊ ငါ့အတွက် ထားလိုက်ပါ” ဆိုပြီး ကယ်တင်လိုက်ပါတယ်။
အဂျလာက သူချစ်ခဲ့တဲ့သူဟာ ဘော့စနီးယား ဆာ့ဗ်လူမျိုး ဗိုလ်ချုပ်ကြီး “နီဘိုးဆာ” ရဲ့ သားဖြစ်နေပြီး ဒီစစ်ဘီလူး တွေရဲ့ ခေါင်းဆောင်ဗိုလ်မှူး တဦးဆိုတာကို သိလိုက်ရတဲ့အခါ သူဟာ အတော်တုန်လှုပ် သွားပါတော့တယ်။ သွေးအလိမ်းလိမ်းနဲ့ နှိပ်စက်မှု ပေါင်းများစွာကို ခံနေရတဲ့ မိန်းမတွေကြားမှာ နေရပေမယ့် ဒင်နီယယ် ရှိနေလို့လည်း အနည်းငယ် စိတ်သက်သာရာ ရပါတယ်။
သူတို့ ၂ ယောက်ရဲ့ အခြေအနေကို အကဲခတ်မိတဲ့ စစ်သားတွေက သံသယဝင်လာကြတဲ့ အတွက် “ငါမင်းကို ကြာရှည် ကာကွယ် မပေးနိုင်ဘူး၊ မင်းလွတ်အောင်ပြေးတော့” ဆိုပြီး လွှတ်ပေးလိုက်လို့ တညမှာ အဆောက်အအုံရဲ့ အနောက်ဘက် တောထဲကနေ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။ ထွက်ပြေးရင်း သူရဲ့ လူမျိုးစု တော်လှန်ရေး သမားတွေဆီ ရောက်သွားတော့ သားလေးသေဆုံးလို့ ရောက်နေတဲ့ ညီမ လေလာနဲ့ ပြန်ဆုံရပါတယ်။ အဲဒီမှာ ညီအစ်မ ၂ ယောက် တိုင်ပင်ပြီး စွန့်စားခန်းတခုကို ပြင်ဆင်ကြပါတယ်။
အဲဒီ စွန့်စားခန်း ကတော့ အဂျလာက ဒင်နီယယ်ကို တအားချစ်လို့ မခွဲနိုင်ဖြစ်ပြီး ပြန်လာဇွတ်တိုးတဲ့ ပုံစံနဲ့ ဒင်နီယယ်ဆီကို ပြန်ဝင်ပါတယ်။ ဒင်နီယယ်ကလည်း ယုံကြည်ပြီး သူ့အခန်းမှာပဲ ထားလိုက်ပါတယ်။ အဲဒီမှာ ပန်းချီဆရာမမှန်း သိသွားတော့ ပိုလေးစားလာပြီး ပန်းချီဆွဲစရာ ပစ္စည်းတွေ ရှာပေးကာ ပန်းချီဆွဲစေ ပါတယ်။
ညဘက်မှာ ခိုးချောင်ခိုးဝှက်နဲ့ ပန်းချီပြတိုက်ကြီးဆီကို ၂ ယောက်အတူသွားကာ အနုပညာလက်ရာတွေကို လက်နှိပ် ဓာတ်မီး အလင်းရောင်နဲ့ ခံစားကြပါတယ်။ ပန်းချီဆရာ နာမည်တွေ၊ ပန်းချီလက်ရာတွေရဲ့ အဓိပ္ပာယ်တွေကို ဒင်နီယယ် မေးမြန်းသမျှ ပန်းချီဆရာမ အဂျလာက စိတ်ရှည်လက်ရှည် ရှင်းပြရပါတယ်။
အဲဒီရက်ပိုင်း အတွင်းမှာပဲ ဒင်နီယယ်တို့ ဆာ့ဗ်လူမျိုးစု စစ်သားတွေဟာ ဖောက်ခွဲမှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြပြီး အကျအရှုံး များစွာနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။ တိုက်ခိုက်မှု အမျိုးမျိုးတွေရဲ့ ဒဏ်ကို ခံကြရပြီး အကျအရှုံးတွေ သေဆုံးမှုတွေကို ခံရပြီးတဲ့ နောက်တနေ့မှာ ဒင်နီယယ်ကိုယ်တိုင် ပေါက်ကွဲမှုတခုကြောင့် လွှင့်စင်သွားပြီး အားယူကာ ကုန်းထနေ တုန်းမှာ ယမ်းခိုးယမ်းငွေ့တွေကြားကနေ မြင်လိုက်ရတဲ့ မြင်ကွင်းတခုကြောင့် ဒင်နီယယ် အံ့အားသင့် သွားပါတယ်။
အဲဒါကတော့ အဂျလာရဲ့ညီမ လေလာရဲ့လှုပ်ရှားမှုကို မြင်လိုက်ရလို့ ပါပဲ။ ဒင်နီယယ်ဟာ ချက်ချင်းပဲ ဒီ အဖြစ်အပျက်ဟာ သူတို့ ညီအစ်မ ၂ ယောက်ရဲ့ လက်ချက်ပဲ ဆိုတာကို ဒင်နီယယ် သဘောပေါက်သွားပါတယ်။ ဒင်နီယယ်ဟာ ယမ်းငွေ့တွေကြားက ဖုန်အလိမ်းလိမ်း ခန္ဓာကိုယ်နဲ့ သူပိုင်တဲ့ အခန်းဆီ အပြေးသွားတော့ အဂျလာက အရာရာကို ဘာမှမသိသလို တည်ငြိမ်စွာနဲ့ ကင်းဗတ်အဖြူရောင်ပေါ်မှာ အနီရောင်စုတ်ချက်တွေနဲ့ ပန်းချီကားတချပ် ဖန်တီး ရေးဆွဲနေပါတယ်။
ဒင်နီယယ်ဟာ ဒေါသနဲ့ ဆောင့်တွန်း ပစ်လိုက်ပြီး ပုံလျက်သား လဲကျသွားတဲ့ အဂျလာကို ခါးကြားက သေနတ်နဲ့ ချက်ချင်း ကောက်ချိန်ကာ ပစ်ချဖို့ လုပ်တော့ အဂျလာက “ကျမ မှားပါတယ်” လို့ တောင်းပန်တယ်။ သူဟာ တချိန်မှာ ဒီလိုကြုံရမယ် ဆိုတာကို ကြိုသိနေတာ ဖြစ်တဲ့ အတွက်ကြောင့် တုန်လှုပ်မှုတွေ မရှိပါဘူး၊ တည်တည်ငြိမ်ငြိမ်ပါပဲ။
ပြီးတော့မှ ဒင်နီယယ်ရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ပြီး ငိုကြွေးလိုက်ပါတယ်။ သူရဲ့ငိုကြွေးသံအဆုံးမှာပဲ ဒင်နီယယ်က ပစ်သတ်လိုက် ပါတယ်။ ပြီးတော့မှ စစ်တလင်းပြင်ရဲ့ အကျအဆုံးတွေကြားကို ပြေးသွားကာ “သူ” ဟာ ရာဇဝတ် ကောင်ပါလို့ အော်ပြီး အဖမ်းခံရင်း ရုပ်ရှင်ဇာတ်ကားကို နိဂုံးချုပ် အဆုံးသတ်လိုက်ပါတယ်။