အစိုးရသစ်နဲ့ မြန်မာ့တပ်မတော်အကြား ဆက်ဆံရေး အလျှင်အမြန် တိုးတက်လာနေတာကို နားလည်ဖို့ ကြိုးပမ်းနေသူ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများက Two to tango အတူတွဲပြီး အပြိုင်ကနေသလိုပဲလို့ ဆိုကြတယ်။ ပြီးခဲ့တဲ့ အာဇာနည်နေ့မှာ အဲဒီလို အမူအယာတွေ ဘက် ၂ ဘက်ကြား စိတ်ဝင်စားဖွယ် ကူးလူးသွားခဲ့ကြတယ်။
၁၉၄၇ ခုနှစ် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဘက် ၈ ဦး လုပ်ကြံခံရတဲ့ ဇူလိုင်လ ၁၉ အာဇာနည်နေ့ အာဇာနည်ကုန်းမှာ ကျင်းပတဲ့ ဒီနှစ် အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်အလေးပြုခဲ့တာမို့ ဆယ်စုနှစ်တွေ ကြာပြီးနောက် အာဇာနည်ဗိမာန်ကို လာရောက်အလေးပြုတဲ့ ပထမဆုံး စစ်သေနာပတိချုပ် ဖြစ်လာပါတယ်။ ဒီအစဉ်အလာက သူ့ကို ဆက်ခံသူအားလုံးအတွက် ထုံးစံသဖွယ်ဖြစ်လာပါလိမ့်မယ်။
အံ့ဩစရာတွေ ရှိပါသေးတယ်။ အာဇာနည်ဗိမာန်မှာ အလေးပြုခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ယူနီဖောင်းကိုလဲ ရိုးရာတိုက်ပုံနဲ့လုံချည် ဝတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နေအိမ်က ဗုဒ္ဓဘာသာဝင်တွေ ထုံးစံ တရားနာ ဆွမ်းကျွေး အခမ်းအနားကို တက်ရောက်ပါတယ်။
နာမည်ကျော် အင်းယားကန်ဘေးနေအိမ် အမှတ် ၅၄ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ထင်ရှားတဲ့ ဆရာတော်တွေရှေ့ တဦးနဲ့တဦး အလေးထား ပြုံးရယ်နေတဲ့ ဓာတ်ပုံတွေ ဗမာပြည်သူတွေနဲ့ ပြည်ပလေ့လာသူတွေ အကြား ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှု ဖြန့်ဝေခဲ့တယ်။
အရင် ဩဇာညောင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေလည်း လာကြတယ်။ ယခင် စစ်အာဏာရှင် ဦးသန်းရွှေ တပည့်ဟောင်း လက်ရှိ ဒု သမ္မတ ဦးမြင့်ဆွေနဲ့ တချိန်က ဦးသန်းရွှေ စစ်အုပ်ချုပ်ရေးမှာ နံပတ် ၃ ဖြစ်ခဲ့ပြီး ယခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် မဟာမိတ်ဖြစ်လာသူ ဦးရွှေမန်းတို့လည်း လာကြတယ်။
ဦးရွှေမန်းနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတွေအကြား ဆက်ဆံရေးက အအေးစက်ဆုံး ကာလအထိ ကြီးရင့်လာခဲ့ပြီးသားမို့ ဒေါ်အောင်ဆန်းစုကြည် အလယ်ထားပြီး သူတို့အချင်းချင်း သာကြောင်းမာကြောင်း ပြောကြရတယ်။
ပြီးခဲ့တဲ့လတုန်းက စစ်တက္ကသိုလ်ကျောင်းဆင်းများကို အသစ်စက်စက် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရနဲ့ အတူ လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ ဦးရွှေမန်းရဲ့ မိန့်ခွန်းအပေါ် ကိုးကားခဲ့တဲ့ သတင်းတပုဒ်အတွက် ပြည်တွင်းသတင်းစာတစောင်ကို တရားစွဲဖို့ တပ်က ခြိမ်းခြောက်ခဲ့တယ်။ ထိုစာစောင် ရေးသားမှုဟာ တပ်တွင်း စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတယ်လို့ စစ်ဘက်က ပြောပါတယ်။
၁၉၇၀ ခုနှစ်များက ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပြီး ယခု အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ဝါအရင့်ဆုံးခေါင်းဆောင် ဦးတင်ဦးကို ဇူလိုင် ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ စကားလက်ခံပြောတာ တွေ့ကြရတယ်။
အခုပွဲက မြန်မာ့နိုင်ငံရေးရဲ့ ဆန့်ကျင်ဘက်အင်အားစု ၂ စုက အထက်လွှာတွေရဲ့ သာရေးနာရေးတွေ့ဆုံပွဲပါ။ သမ္မတ ဦးထင်ကျော် မတက်ရောက်ခဲ့ဘူး။ ဒီပွဲကို လူထုက အပြုသဘော တုန့်ပြန်ရှုမြင်ကြတယ်။
ဇူလိုင်လ ၁၉ ရက်နေ့မှာ အသက် ၆၀ ပြည့်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ဇနီးကိုလည်း ခေါ်လာပြီး ဗိုလ်ချုပ်မှူးကြီး ကတော်ဟာ ဘုန်းတော်ကြီးတွေ ဆွမ်းဘုန်းပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နောက် ထိုင်နေတဲ့ ဓာတ်ပုံထွက်လာပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်အကြား နီးကပ်တဲ့ ဆက်ဆံရေးကို ထုတ်ပြတာပါပဲ။
ဒါဆိုရင် ဒီအရာအားလုံး ဖြစ်လာစေဖို့ ညှိနှိုင်းသဘောတူချက်က ဘာများဖြစ်ခဲ့သလဲ။
နိင်ငံရေးသုံးသပ်သူတွေအကြား ပျံ့နှံ့နေတဲ့ သီအိုရီတခုက သမ္မတ ဦးထင်ကျော် အာဇာနည်နေ့ အခမ်းအနားတက်ဖို့ အစိုးရက ပထမ အဆိုပြုတယ်၊ ဒီအခမ်းအနား သူတက်ရင် ၁၉၈၈ အာဏာသိမ်းမှုနောက်ပိုင်း အာဇာနည်နေ့ အခမ်းအနားတက်တဲ့ ပထမဆုံး နိုင်ငံအကြီးအကဲ ဖြစ်လာမယ်လို့ဆိုတယ်။
ဒါပေမယ့် ဒီလိုလုပ်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခပ်ကင်းကင်းနေခဲ့ကြတဲ့ ယခင်အစိုးရအကြီးအကဲတွေအပေါ် အဆိုးသဘော သက်ရောက်သွားမှာ စိုးရိမ်တာ၊ ဒီအစဉ်အလာဟာ နောင်အဆက်ဆက် တက်လာမယ့် အစိုးရအကြီးအကဲတွေအတွက် အစဉ်အလာဖြစ်ပြီး နှောင်ထားသလို ဖြစ်မှာ စိုးရိမ်တာ တို့ကို ဖြစ်လာစေတယ်။
နောက်ဆုံး သမ္မတဦးထင်ကျော် အာဇာနည်နေ့ကို နေပြည်တော်မှာပဲ ဆွမ်းကျွေးအခမ်းအနားတခု အထိမ်းအမှတ် လုပ်တယ်။ လူစိတ်ဝင်စားတာ နည်းခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်က ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနား တက်ရောက်စေခြင်းကတော့ အပေးအယူရဲ့ တစိတ်တပိုင်းပဲလို့ သီအိုရီက ဆိုတယ်။
နိုင်ငံရေးဂုရုတွေအကြား လွန်ခဲ့သောလတွေကတည်းက ပျံ့နေတဲ့ ကောလာဟလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရာထူးသက်တမ်း နောက် ၅ နှစ် တိုးဖို့ရာ အခက်အခဲနဲ့ ရင်ဆိုင်ရတယ်၊ ဒီကိစ္စ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ခွင့်ပြုချက် လိုတယ်လို့ ဆိုတယ်။
လွန်ခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက စစ်ဘက်ကိုယ်စား ရန်ကုန် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ ၂၀၂၀ အထိ အစိုးရ သက်တမ်းပြည့် တာဝန်ယူကြမယ်လို့ အတည်ပြုပါတယ်။ ပြင်ဆင်ထားခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့များ ဥပဒေအရ အငြိမ်းစား အသက် ၆၅ နှစ် ဖြစ်လာတယ်။
အဲဒီကစပြီး နိုင်ငံရေး အတွင်းလူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဒီကိစ္စ မီးစိမ်းပြခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝါရင့်ခေါင်းဆောင်များတွေဟာ နောက်လာမယ့် တပ်ချုပ်သစ်တဦးနဲ့ ဆက်ဆံရေး စတင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုလာကြတယ်။
မေလတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော် သတင်းစာရှင်းလင်းပွဲတခုမှာ သူ့အနေအထားကို ရှင်းပြခဲ့တယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ သမ္မတရဲ့ အောက်မှာပါ၊ အများထင်တာနဲ့မတူ ကျနော်တို့ဟာ အရပ်သားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့လည်း ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လတ်တလောရည်မှန်းချက်က ပြည်တွင်းစစ် ဒဏ်ခံနေရတဲ့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ဖြစ်တယ်။ ဒါ့အတွက် သူဟာ စစ်တပ်ဗိုလ်ချုပ်ကြီးများနဲ့ရော လက်နက်ကိုင်တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်တွေကြားမှာပါ တူညီတဲ့ အခြေခံတွေ ရှာဖွေရပါမယ်။ သူ့ဖခင်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်တွေ့ကျတဲ့ နိုင်ငံရေးသမားဖြစ်ကြောင်း ပြနေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အာဇာနည်ဗိမာန် တက်ရောက်အလေးပြုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နေအိမ်ကို ရောက်လာခြင်းလို လွန်ခဲ့တဲ့အပတ်က ဖြစ်ရပ်တွေဟာ ၂ ဘက်တွေ့ပြီး ယုံကြည်မှု တည်ဆောက်ဖို့ကို အားထုတ်နေကြောင်း ပြသနေပါတယ်။
ဒါဟာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်သစ်ပါ။ သတိနဲ့ အကောင်းမြင်စရာ အကြောင်းတရပ်ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Aung Zaw ၏ The Lady and the Generals ကို ဘာသာပြန်ဆိုသည်)