ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသ ဖန်ငခရိုင်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ဘဝအခြေအနေမှန်တွေကို အခြေခံပြီး ရိုက်ထားတဲ့ “အဖေ့ကျောင်း” ဗီဒီယိုဇာတ်ကားကို ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးကနေ သြဂုတ်လ ၅ ရက်နေ့မှာ တပြည်လုံးကို စတင်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
“အဖေ့ကျောင်း” ဗီဒီယိုဇာတ်ကားဟာ စာရေးဆရာမ တူးတူးသာရဲ့ ဝတ္တု၊ ဇာတ်ညွှန်းကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ရဲတိုက်၊ ချစ်သုဝေ၊ ကောင်းပြည့်၊ သန္တာဗို တို့ ပါဝင်သရုပ်ဆောင်ထားကြတာပါ။
“ဒီ ဇာတ်လမ်းလေးက ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေရဲ့ သားသမီးတွေ ကြုံတွေ့ ခံစားနေရတဲ့ ပညာရေးအခြေအနေကို ကိုယ်တိုင်သွားကြည့်ပြီး ရေးခဲ့တာပါ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ခရိုင်မှာပေါ့။ FED လို့ခေါ်တဲ့ ပညာရေးဖောင်ဒေးရှင်းက ဦးထူးချစ် ထူထောင်ထားတဲ့ ကျောင်းလေးတွေပါ။ ဦးထူးချစ်က ဒီ အကြောင်းတွေကို ရုပ်ရှင်လေးရိုက်ချင်တယ်။ ဇာတ်ညွှန်းရေးပေးပါဆိုပြီး ဖိတ်ခေါ်လို့ ရေးဖြစ်တာ။ ဇာတ်လမ်းကျတော့ ပညာပေးချည်းပဲ အဆင်မပြေပြန်တော့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ကိုယ့်စိတ်ကူးနဲ့ကို ဖြည့်ထားတာပေါ့” လို့ စာရေးဆရာမ တူးတူးသာက ဧရာဝတီကိုပြောပါတယ်။
ဒီဇာတ်ကားကို ၂၀၁၁ ခုနှစ်က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် မေလမှာ ရိုက်ကူးပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသ ဖန်င ခရိုင်မှာ ရှိနေတဲ့ ရော်ဘာခြံလုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ ရေလုပ်သား စသည်ဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများရဲ့ ဘဝမှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
အဖေ့ကျောင်း ဇာတ်ကားဟာ ၂၀၁၂ ခုနှစ်မှာ ရိုက်ကူးပြီးစီးခဲ့ပေမယ့် အခုမှ ဘာကြောင့် ဖြန့်ချိဖြစ်ခဲ့ရသလဲဆိုတာကို ဒေါ်တူးတူးသာက “ ဒီဇာတ်ကားက ၂၀၁၂ ခုနှစ် မေလမှာ ရိုက်ကူးပြီးပေမယ့် ခုမှ ဖြန့်ချိလို့ရတာ။ ရိုက်ထားပြီးတော့အကြောင်းအမျိုးမျိုးကြောင့် မဖြန့်ဖြစ်ဘူးပေါ့။ အစက ရည်ရွယ်တာက ဖူးခက်ဒေသရဲ့အလုပ်သမားတွေ၊ တခြားပြည်ပရောက် မြန်မာအလုပ်သမားတွေ၊ တခြားအဖွဲ့အစည်းတွေကိုပဲ အခွေလေးတွေလုပ်ပြီး ဖြန့်ပေးဖို့လေ။ ဒါပေမယ့် မြန်မာပြည် ပြန်ရောက်တဲ့အခါမှာ ဆာတိုရီနဲ့ချိတ်မိပြီး ဆာတိုရီက သူတို့ဖြန့်ပေးမယ် မြန်မာပြည်မှာလည်း ဖြန့်ပါဆိုလို့ မြန်မာပြည်မှာ ဖြန့်ဖြစ်တာ။ အဲ့တော့ ခုလောက်ကြာသွားတာပါ” လို့ ၎င်းက ဆိုပါတယ်။
ပညာရေးပိုင်းမှာ ထူးချွန်ပေမယ့် မိဘတွေက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တာကြောင့် အဆင်မပြေလို့ ကျောင်းဆက်မတက်နိုင်ဘဲ လုပ်ငန်းခွင် ဝင်ခဲ့ရတဲ့ ကလေးငယ်တွေ၊ မိဘ ဘယ်သူဘယ်ဝါဆိုတာ မသိဘဲ စွန့်ပစ်ထားခဲ့လို့ မွေးစားထားရတဲ့ကလေးတွေရဲ့ဘဝကို ပုံဖော်ထားပြီး မိုးနေ၊ ငြိမ်း၊ ကျော်ခက်၊ နီနီ တို့ရဲ့လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း ကိုလည်း ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။
ပညာပေးဇာတ်ကားတကားလည်းဖြစ် ဘဝအကြောင်း၊ အချစ်ရေးအကြောင်းတွေလည်း ထည့်သွင်း ဖော်ကျုးထားတဲ့ ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။