မန္တလေးမြို့ဟာ စားသောက်စရာ အင်မတန်ပေါများတဲ့ မြို့တမြို့ပါ။ မြန်မာအစားအစာ၊ အညာအစားအစာ၊ ရှမ်းအစားအစာ၊ ကချင်အစားအစာ၊ တရုတ်အစားအစာ ကြိုက်ရာလက်ညှိုး ထိုးလို့ရတဲ့ မြို့ဖြစ်ပေမယ့် နေရာတိုင်းမှာ စက်ဘီး၊ ဆိုင်ကယ်တွေ ပေါများလွန်းတာကြောင့် စိတ်အေးလက်အေး အပန်းဖြေရင်း စားသောက်နိုင်မယ့် ဆိုင်ကိုတွေ့ဖို့တော့ ခဲယဉ်းလှပါတယ်။
မိတ်ဆွေတယောက်ရဲ့ လမ်းညွှန်မှုကြောင့် မန္တလေးမြို့အထွက် ရန်ကင်းတောင်ခြေအောက်နားက ပုသိမ်ကြီးမြို့နယ်ထဲမှာရှိတဲ့ “Smile စားသောက်ဆိုင်” ကို ရောက်ဖြစ်ခဲ့ပါတယ်။ မြို့ထဲကနေ ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် မိနစ် ၃၀ လောက်အချိန်ပေးရင် ရောက်နိုင်တာကြောင့် မနီးမဝေးလွန်းတဲ့ အနေအထားလောက်ပါပဲ။
မြို့ရဲ့အပြင် ရန်ကင်းတောင်ခြေမှာ ရှိတာကြောင့် မြို့ပြအနံ့အသက်တွေကို ခဏတာ ခွာချနိုင်ပြီးအေးမြ လတ်ဆတ်တဲ့ တောတောင်ရနံ့နဲ့အတူ အေးမြလတ်ဆတ်တဲ့ လေကောင်းလေသန့်ကို တဝကြီး ရှုရှိုက်ခွင့် ရစေနိုင်ပါတယ်။
ခြံအကျယ်ကြီးထဲမှာ ဥယျာဉ်ဆန်ဆန် အပင်တွေနဲ့ မွမ်းမံထားတာကြောင့်လည်း စိတ်ရဲ့ပျော်ရွှင်အေးချမ်းမှုကိုလည်း အပြည့်အဝ ခံစားနိုင်ပါသေးတယ်။ ရေပေါ်မှာ သီးသန့် တည်ဆောက်ထားတဲ့ စားသောက်ခန်းတွေကြောင့် ရေပြင်ကို ကြည့်ရှုခံစားလိုသူတွေ အတွက်လည်း အဆင်ပြေလှပါတယ်။
အစားအသောက်တွေ မှာထားတုန်း စိတ်လွတ်လပ်စွာ ငါးမျှား အပန်းဖြေခြင်းနဲ့ မြင်းစီးချင်သူတွေ အတွက် မြင်းစီးဖို့အတွက်လည်း စီစဉ်ထားရှိပါတယ်။ မျှားလို့ရတဲ့ငါးရဲ့ အလေးချိန်ပမာဏကိုသာ အခကြေးငွေ ပေးရပြီး မိမိစားလိုတဲ့ ဟင်းချက်နည်းကို ပြင်ဆင်ပေးရတဲ့ ဝန်ဆောင်မှုကိုတော့ အခကြေးငွေ ပေးစရာ မလိုပါဘူး။ အစားအသောက်စာရင်းက သီးသန့်မဟုတ်ဘဲ ချက်နည်း မျိုးစုံကို ထည့်သွင်းစီစဉ်ထားတာကြောင့် အမျိုးအမည်စုံလင်တဲ့ လက်ရာတွေကို မြည်းစမ်းနိုင်ပါတယ်။
(၁) ဝက်ဂုတ်သားကင်နဲ့ ထိုင်းချဉ်စပ်ဆော့စ်
ပုံမှန်စားနေကျ ဟင်းပွဲမျိုးတွေနဲ့ သိသာထင်းရှားစွာ ကွဲပြားတဲ့အရသာမျိုးပါ။ မွှေးပျံ့တဲ့ ထိုင်းဟင်းခတ်အမွှေးအကြိုင်ရနံ့များနဲ့ နှပ်ထားတာကြောင့် ကင်တဲ့အချိန်မှာ မာနေတာမျိုးမဖြစ်ဘဲ နှုးညံံ့ပြီး လတ်ဆတ်တဲ့ အရသာမျိုးကို ခံစားရပါတယ်။ မန်ကျည်းရည်၊ငရုတ်သီးတို့နဲ့အတူ တွဲစပ်ထားတဲ့ ထိုင်းချဉ်စပ်ရည်က လိုက်ဖက်တာကြောင့့် အရသာကို ပိုမိုထူးခြားစေပါတယ်။
(၂) ကြံမဆိုင်ချဉ်ဖတ်ငါးဟင်းရည်
ဒီဟင်းပွဲကတော့ စီချွမ်ဟင်းပွဲ ပုံစံမျိုးပါ။ မြန်မာလို ငါးနဲ့ မျှစ်ချဉ်ပုံစံမျိုးမှာ ငါးအသားလွှာကို မျှစ်ချဉ်မသုံးဘဲ ကြံမဆိုင်လို့ခေါ်တဲ့ မုန်းညှင်းချဉ်ဖတ်ကို အသုံးပြုထားတာကြောင့် အရသာက စွဲမက်ဖွယ် ဖြစ်လို့ နေပြန်ပါတယ်။ ထူးခြားတာကတော့ ဒီဟင်းပွဲက Smile Restaurant ရဲ့ရေပန်းအစားဆုံး ဟင်းပွဲဖြစ်ပြီး လာရောက်စားသုံးသူအများစုက ဒီဟင်းပွဲကို မှာယူကြတယ်လို့လည်း သိရပါတယ်။
(၃) အမဲသားကာလီ
ဘယ်ဘာသာစကားနဲ့ ဘာသာပြန်ထားမှန်း မသိရပေမယ့် ဂျပန်စတိုင်လ်လိုလို ဗီယက်နမ်ပုံစံလိုလို ဆန်းသစ်ထားတဲ့ ကာလီဟင်းဟာ အစားအသောက် ဆန်းသစ်မှုတွေ စီမံဖန်တီးတတ်တဲ့ စားဖိုမှူးရဲ့ လက်ရာလို့ ယူဆရဖွယ် ရှိပါတယ်။ ဒီဟင်းပွဲလေးမှာ နှုးညံ့တဲ့အမဲသားကို ကြက်သွန်နီခွဲခြမ်း၊ ပန်းငရုတ်ပွတွေနဲ့ Gravy ပုံစံလေးချက်ထားတာကြောင့် ကာလီဟင်းဟာ အရသာရှိပြီး ဥရောပဆန်နေပြန် ပါသေးတယ်။
(၄) အာလူးဆိတ်သား
ဒီဟင်းပွဲကတော့ အိန္ဒိယအငွေ့အသက်တွေ ပြည့်စုံစွာ လွှမ်းခြုံထားတဲ့ ဟင်းပွဲလို့ ဆိုရလောက်အောင် အိန္ဒိယဟင်းခတ် အမွှေးအကြိုင်များစွာကို အသုံးပြုထားပြီး အနည်းငယ် သွေ့ခြောက်ပါတယ်။ ဘီယာ အမြည်း လုပ်လိုသူများအတွက် အထူးရှယ်လို့ ညွှန်းချင်ပါတယ်။
“Smile Restaurant” ဟာ သာမန်အမြန်စား ပုံစံမျိုးတွေထက် ထူးခြားတဲ့ဟင်းလျာများကို စီစဉ်ပေးထားတာကြောင့် မိသားစုများ၊ သူငယ်ချင်းများစွာနဲ့ ပျော်ပျော်ပါးပါးဆင်နွှဲလိုကြတဲ့ တွေ့ဆုံပွဲများ အတွက် အထူးပဲ သင့်လျော်လှပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ လေအေးလေးတွေကို တဝကြီး ရှုရှိုက်ပြီး အေးမြတဲ့ တောတောင်အရိပ်တွေကို ခံစားရင်း Smile Restaurant ကို တခေါက်တခါလောက် လှမ်ကြည့်ကြစေရန်အတွက် ခံစားပျော်ရွှင်ခဲ့ရသမျှကို ဝေမျှပေးလိုက်ရပါတယ်။
လမ်းညွှန်။ ။ နန်းရှေ့ (၁၉)လမ်းကနေ ရန်ကင်းတောင်သွားတဲ့လမ်းကို တည့်တည့်မောင်းပြီး မီးပွိုင့် ကျော်ရင် ရောက်ပါပြီ။
လိပ်စာ – Smile Restaurant၊ ချောင်းဝန်းလမ်း၊ ရေထွက် – ပုသိမ်ကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။