ဒီတပတ် ကြားဖြတ်ရုံတင်စနစ်နဲ့ ရုံတင်လာတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “စားတယ်” ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက “ကိုတင့်တို့ စူပါရပ်ကွက်” ရုပ်ရှင်ဇာတ်ကားရဲ့ အပိုင်း၂ လို့ ပြောရင်လည်း ရပါတယ်။
ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ရဲ့ ရပ်ကွက်လူကြီး ကိုတင့်ကို ဘယ်လို ဦးနှောက် စားထားသလဲဆိုတာ အဓိက ရည်ညွှန်းပြသထားတာကြောင့် “စားတယ်”လို့ အမည်ပေးထားတာလည်း ဖြစ်ပါတယ်။
“ကိုတင့်တို့ စူပါရပ်ကွက်” ရုပ်ရှင်ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိသတ်တွေအတွက်ကတော့ အခု ဒီဇာတ်ကားကိုလည်း ထပ်မံပြီး ထွေးထွေးထူးထူး ညွှန်းစရာလိုမယ် မထင်ပါဘူး။ ကိုရွှေထူး(ပြည်)ရဲ့ ရုပ်ပြကာတွန်းကို ပြန်လည် အသက်သွင်းထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ အဓိက ဇာတ်ကောင် ကိုတင့်အဖြစ် သရုပ်ဆောင်အရိုင်း နဲ့ ကိုတင့်ရဲ့အမျိုးသမီး မိချိုအဖြစ် မိုးပြည့်ပြည့်မောင် တို့ပဲ ပြန်လည် ပါဝင်သရုပ်ဆောင်ထားပြီး “ကိုတင့်တို့စူပါရပ်ကွက်” ရုပ်ရှင်ဇာတ်ကားတုန်းကလိုပဲ ဧည်သည့် သရုပ်ဆောင်ပေါင်းများစွာနဲ့ အားဖြည့် ရိုက်ကူးထားတာဖြစ်ပါတယ်။
ရပ်ကွက် အတွင်းက ဖြစ်ပျက်တတ်တဲ့ သဘာဝတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ “စားတယ်” ဇာတ်ကားကြီးမှာ ရန်အောင်၊ ရဲအောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ပြေတီဦး၊ နေတိုး၊ ဖြိုးငွေစိုး၊ မြင့်မြတ်၊ အောင်ရဲလင်း၊ နန္ဒ၊ ကောင်းပြည့်၊ ဖိုးချစ်၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ စနီ္ဒမြင့်လွင်၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး နဲ့ ယွန်းရွှေရည် တို့က ဧည်သည့်သရုပ်ဆောင်များအဖြစ် ပါဝင်ထားကြတာပါ။ အဲ့ဒီ သရုပ်ဆောင်တွေက ဇာတ်ဝင်ခန်း တခန်းဆို တခန်း ရပ်ကွက်ထဲမှာ ရပ်ကွက်လူကြီး ကိုတင့်ကို ပရိသတ်သဘောကျအောင် ဘယ်လိုစားထားတယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးပုံဖော်ထားတဲ့ “စားတယ်” ရုပ်ရှင်ဇာတ်ကားကို ဇူလိုင် ၂၉ ရက်က စတင်ပြီး ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ မင်္ဂလာ၊ Junction Mawtin ၊ Junction Square ၊ ဂမုန်းပွင့်(စံရိပ်ငြိမ်) နဲ့ မန္တလေး၊ မော်လမြိုင်၊ လာရှိုး၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးတွေမှာ တပြိုင်နက်တည်း ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။