ပြင်သစ်မှာ ဖြစ်ပွားခဲ့တဲ့ အစွန်းရောက်သမားတွေရဲ့တိုက်ခိုက်မှုများ အပြီး နိုင်ငံတွင်းရှိ ဗလီများအား ပြင်ပမှငွေကြေး ထောက်ပံနေမှုကို ယာယီပိတ်ပစ်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ် မာနျူရယ် ဗယ်လစ် က ပြောကြောင်း ဗြိတိန်အခြေစိုက် Independent သတင်းမှာဖော်ပြပါတယ်။ ဒါဟာ မကြာ သေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခံရမှုများကြောင့် အကြမ်းဖက်သမား တိုက်ဖျက်ချေမှုန်း ရေး မဟာဗျူဟာကို ပုံဖော်ခြင်းဖြစ်ပြီး၊ ဒီပိတ်ပင်မှုဟာ အချိန်ကာလအကန့်အသတ်မရှိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင်အကြမ်းဖက်သမားတွေနဲ့ စစ်ပွဲဖြစ်ပွားနေတာဖြစ်ပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ပိုမိုကြုံ ရနိုင်ပေမယ့်၊ ပြင်သစ်တို့အနေနဲ့ မစိုးရိမ်ဖို့၊ အစိုးရအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲမှာ အနိုင်တိုက်ခိုက်မယ့် မဟာဗျူဟာ ရှိပြီး၊ အစွန်းရောက်ရန်သူကို သူတို့အနေနဲ့ ချေမှုန်း မှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က မာနျူရယ် ဗယ်လစ်က ဆိုပါတယ်။
လက်ရှိ ပြင်သစ်အစိုးရဟာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရပြီး၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က နော်မန်ဒီဒေသက ကက်သလစ်ဘုရားကျောင်းတိုက်ခိုက်ခံရမှုမှာ ပြင်သစ်အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့တွေ ကြိုတင်ပြင်ဆင်မှုမရှိတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခြင်း ခံနေရသလို၊ အစိုးရရဲ့ အကြမ်းဖက်သမားတွေအပေါ် ကိုင်တွယ်မှုကိုလည်း သံသယရှိနေ ကြပါတယ်။
သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီက ပြင်သစ်အစိုးရဟာ တရားဥပဒေကို လေးစားပြနေရတာနဲ့ပဲ အကြမ်းဖက်မှု တုံပြန်ရေးမှာ ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ နော်မန်ဒီဒေသ ခရစ်ယာန်ဘုန်းတော်ကြီး ၁ပါးအသတ်ခံရတဲ့ ကက်သလစ်ဘုရား ကျောင်းတိုက်ခိုက်မှုမှာ ပါဝင်သူအသက် ၁၉နှစ်အရွယ် အဒဲလ် ခါမီချီဟာ အကြမ်းဖက်လှုပ်ရှားမှု တွေကြောင့် တရားရုံးမှာ အမှုရင်ဆိုင်နေရသူဖြစ်သလို ထောင်ကပြန်လွှတ်ထားကာ သူဟာ လှုပ်ရှားမှုတွေကို ခြေရာခံနိုင်တဲ့ လျှပ်စစ်ကရိယာကို ဝတ်ဆင်နေရသူဖြစ်တယ်၊ ဒါကို ရဲက စောင့်ကြည့်ခြင်း မရှိခဲ့ဘူး၊ အပြင်ထွက်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ သူနဲ့အတူပါခဲ့တဲ့ အဗ္ဗဒူ မာလစ်ခ် ပက်တစ်ဂျန်ဟာ နော်မန်ဒီတိုက်ခိုက်မှု မပြုလုပ်မီမှာ ပြင်သစ်ဝန်ကြီးချုပ် ဗားလစ်နဲ့ သမ္မတ ဖရန်ဆွာဟော်လွန်းတို့အား “ ငါတို့ မင်းတို့ တိုင်းပြည်ကို ဖျက်ဆီးတော့မယ်၊ ငါတို့ဟာ ငယ်ရွယ်သူတွေဖြစ်ပြီး သံဓိဌာန်ချထားတယ်၊ ငါတို့ရဲ့ အကိုတွေ၊ အမ တွေခံစားရတဲ့အတိုင်း မင်းတို့လည်း ခံစားရလိမ့်မယ်”လို့ ၂မိနစ်စာ ပြောဆိုထားတဲ့ ဗီဒီယိုကလစ်တခု ကိုရိုက်ကူးကာ ထုတ်လွှင့်ခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား နေရာ နော်မန်ဒီတိုက်ခိုက်မှု မတိုင်မီ ရက်ပိုင်းအတွင်း ပြင်သစ်အမျိုးသားနေ့ ကျင်းပနေတဲ့ နိစ်မြို့မှာ တူနီးရှားလူမျိုး ဘာသာရေးအစွန်းရောက်တဦးက ထရပ်ကားကို အရှိန်ပြင်းပြင်းမောင်းနှင်ကာ လူအုပ် ထဲ ဝင်တိုက်တဲ့အတွက် လူပေါင်း ၈၄ဦးသေဆုံးကာ၊ လူ ၃၀၀ကျော် ဒဏ်ရာရခဲ့ပါတယ်။