ဆယ်စုနှစ် ၂ ခု နီးပါး ဂီတအနုပညာနဲ့ ဝေးကွာပြီး ပျောက်ချက်သားကောင်းနေခဲ့တဲ့ “တစစီကျိုးပဲ့နေတယ်” တေးသီချင်းရဲ့ မူပိုင်ရှင် အဆိုတော်အေးချမ်းမေဟာ မြန်မာပြည်ကို ပြန်လာပြီး တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ် တော့မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အဆိုတော် အေးချမ်းမေက တကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အတည်ပြုရေးသားခဲ့ပြီး ပွဲစီစဉ်သူအနေနဲ့ မြန်မာပြည်မှ ကိုစိုးနိုင်ထွန်း (ခေါ်) ကိုအီကြာကွေး ဖြစ်ကြောင်းလည်း ရေးသားထားတာကို တွေ့ရပါတယ်။
အဆိုတော် အေးချမ်းမေရဲ့ တကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့ ကိုစိုးနိုင်ထွန်း (ခေါ်) ကိုအီကြာကွေးက “မအေးချမ်းမေက အဆို ကောင်းပြီးသားပဲလေ။ ပွဲကောင်းကောင်းတပွဲဖြစ်ဖို့အတွက် ကျနော့်အပိုင်းကလည်း အကောင်းဆုံးစီစဉ်သွားမှာပါ။ လာကြည့်တဲ့ပရိသတ်က ဒီပွဲက တကယ်ကောင်းတဲ့ပွဲတပွဲလို့ ဖြစ်အောင်ကို ကျနော်တို့ လုပ်မှာပါ။ မအေးချမ်းမေ ကလည်း ပရိသတ်နဲ့ မတွေ့ရတာကြာပြီ။ ပရိသတ်ကလည်း သူနဲ့မတွေ့ရတာကြာပြီဆိုတော့ အဲဒီဆုံစည်းမှုလေးကို လှလှပပလေးဖြစ်အောင် ကျနော်တို့က ဝိုင်းပြီးလုပ်ပေးမှာပါ”လို့ သူက ဧရာဝတီကိုပြောပါတယ်။
ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရန်ကုန်တွင် ပြုလုပ်မှာဖြစ်ပြီး နောက်ထပ် မန္တလေးမှာ ထပ်လုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုများလောက်က မိန်းကလေးရော ယောက်ျားလေး လူငယ်ပရိသတ်တွေအကြား အလွန် ရေပန်းစားအောင်မြင်ခဲ့တဲ့ အဆိုတော် အေးချမ်းမေဟာ အဲ့ဒီလို အောင်မြင်နေဆဲကာလမှာပဲ အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီး ဂီတလောကနဲ့ အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခဲ့တာပါ။
ဒါ့ကြောင့် အဆိုတော်အေးချမ်းမေတယောက် နိုင်ငံရပ်ခြားမှာ ကွယ်လွန်သွားပြီဆိုတဲ့ ကောလဟလ သတင်းတွေတောင် ထွက်ပေါ်လာခဲ့ဖူးပါသေးတယ်။
အဲ့ဒီလို လုံးဝပျောက်ဆုံးနေရာကနေ အခုလို တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်လာတော့မယ်ဆိုတော့ ပြည်ပရောက်ရှိနေတဲ့ မြန်မာပရိသတ်တွေကပါ အဲ့ဒီပွဲကို လာရောက်အားပေးကြဖို့ ရှိနေကြပြီး ပွဲလက်မှတ် အော်ဒါများ မှာယူထားကြတာတွေတောင် ရှိတယ်လို့ ကိုစိုးနိုင်ထွန်းက ဆိုပါတယ်။
အဆိုတော် အေးချမ်းမေရဲ့ တကိုယ်တော်ဖျော်ဖြေပွဲမှာ အခြား အနုပညာရှင်တွေလည်း တွဲဖက်ပါဝင်သီဆိုကြမှာ ဖြစ်ပြီး ဘယ်သူတွေလဲဆိုတာကိုတော့ တိုင်ပင်နေတုန်းပဲလို့ သိရပါတယ်။