KFC Myanmar မှ မြန်မာအကြိုက်အရသာကို အခြေခံပြီး ငရုတ်သီး “အစပ်” အရသာနဲ့ သံပုရာသီး “အချဉ်” အရသာတို့ကို အချိုးကျပေါင်းစပ်ထားသော“Chili Lime” လို့ အမည်ရတဲ့ ကြက်ကြော် အရသာသစ်ကို ယနေ့၊ သြဂုတ်လ ၂၆ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။
“Chili Lime” ကြက်ကြော် အရသာသစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ KFC Junction Square မှာ ကျင်းပခဲ့ပြီး စတင်မိတ်ဆက်လိုက်တဲ့ ယနေ့မှ စတင်ကာ ရန်ကုန်မှာရှိတဲ့ KFC ဆိုင်ခွဲတိုင်းမှာ ဝယ်ယူ စားသုံးနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
“တဖဲ့ကိုက်လိုက်တိုင်း လန်းဆန်းစေမယ့် ငရုတ်နဲ့ သံပုရာ” လို့ အမည်ပေးထားတဲ့ ဆောင်ပုဒ် အတိုင်း ကြက်ကြော်ရဲ့ အရသာက အချဉ်နဲ့ အစပ်ပေါင်းစပ်ထားတဲ့ ချဉ်စပ်အရသာမျိုးပါ။
“ဒီ Menu က “Chili Lime Chicken” လို့ခေါ်ပါတယ်။ ငရုတ်နဲ့ သံပုရာပေါင်းစပ်ထားတဲ့ ကြက်သား ကြော်ပါ။ ဒီ ကြက်ကြော်ကို ကျနော်တို့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ မိတ်ဆက်ဖူးပါတယ်။ အဲဒီက အရသာကို ကျနော်တို့ မြည်းစမ်းကြည့်ပြီး ဒီ အရာက မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ်၊ သင့်တော်မယ်ဆိုပြီး ဒီမှာ မိတ်ဆက်တာပါ။ သူတို့နဲ့တော့ အရသာမတူပါဘူး။ မြန်မာလူမျိုးတွေက အစပ်ပိုကြိုက်တဲ့ အတွက် အရသာ နည်းနည်းပြုပြင်ထားပါတယ်” လို့ KFC Myanmar ရဲ့ Head of Marketing ကိုဉာဏ်ကျော်က ဧရာဝတီကို ပြောပါတယ်။
“Chili Lime Chicken” Set Menu ကို ဝယ်စားမယ်ဆိုရင် Chili Lime ကြက်ကြော် ၂ တုံး၊ အာလူး ချောင်းကြော် တပွဲ၊ အအေးတို့ ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းက မြန်မာငွေ ကျပ် ၃၉၀၀ ပါ။
Chili Lime ကြက်ကြော်ကို တတုံးချင်း ဝယ်စားမယ်ဆိုရင်တော့ ပုံမှန်ဈေးနှုန်း တတုံးကို ကျပ် ၁၅၀၀ ဖြစ်ပါတယ်။ Family Set နဲ့ ဝယ်စားမယ်ဆို အသားတုံး ၈ တုံးကို ကျပ် ၁၁၀၀၀ လို့ သိရပါတယ်။
“Chili Lime ကြက်ကြော်ကို မြန်မာလူမျိုးတွေ ခံတွင်းတွေ့မယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အကြိမ်ကြိမ် အရသာကို စမ်းသပ်ပြီးတော့ Customer တွေရဲ့Feedback ကို ရယူပြီးမှ ဒီ Menu ကို မိတ်ဆက်တာပါ။ ဆိုင်ခွဲတွေအနေနဲ့ ရန်ကုန်မှာ ထပ်ဖွင့်ဖို့ရှိတယ်။ မန္တလေးမှာလည်း ထပ်ဖွင့်သွားမယ်။ ၂၀၁၇ ဧပြီလ မတိုင်ခင်လောက် ကျနော်တို့ ၁၂ ဆိုင်လောက် ဆိုင်ခွဲဖွင့်ဖို့ မှန်းထား ပါတယ်” လို့ ကိုဉာဏ်ကျော်က ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ KFC One (Downtown)၊ KFC Junction Square၊ KFC Myanmar Plaza၊ KFC Dagon Center II၊ KFC International Airport နဲ့ KFC Capital Thaketa စသဖြင့် KFC ဆိုင်ခွဲ ၆ ဆိုင်ရှိတယ်လို့ သိရပါတယ်။