စား၊ ၀တ်၊ နေရေးဆိုတဲ့ အရေး ၃ ပါးထဲမှာ စားသောက်ရေးက ထိပ်ဆုံးကနေ ပါ၀င်နေပါတယ်။ ဘယ်သူမဆို အသက်ဆက်လက်ရှင်သန်ရေးအတွက် အစားအစာကို စားသောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ စားသောက်တဲ့ အစားအစာတွေဟာ စိတ်ချရရဲ့လား၊ လတ်ဆတ်ရဲ့လား၊ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတာ စဉ်းစားဖို့ လိုအပ်ပါတယ်။
ဟိုးအရင်တုန်းကတော့ ဟင်းသီးဟင်းရွက်တွေကို ဓာတ်မြေသြဇာသုံးတာ၊ ပိုးသတ်ဆေးဖျန်းတာ သိပ်မရှိခဲ့လို့ အရမ်းမကြီးထွားပေမယ့် အန္တရာယ်ကင်းကင်း စားသုံးနိုင်ခဲ့တာပါ။ မြေသြဇာဆိုရင်လည်း တခြားနိုင်ငံက တင်သွင်းတဲ့ ဓာတ်မြေသြဇာကို မသုံးဘဲ သဘာဝမြေသြဇာကိုပဲ သုံးခဲ့တာမို့ ဘေးကင်းပါတယ်။ အခုအခါမှာတော့ ဖွံ့ထွားနေတဲ့ ပန်းဂေါ်ဖီတွေ၊ ဂေါ်ဖီထုပ်တွေ၊ အရွက်ဖားဖားနဲ့ ကန်စွန်းရွက်တွေအပါအဝင် လှလှပပ ဟင်းသီးဟင်းရွက်တွေ တွေ့နေရပေမယ့် တဖက်က ကျန်းမာရေးအတွက် ဘေးကင်း မကင်း အာမ မခံနိုင်ပါဘူး။
ကျမတို့ ဗမာလူမျိုးတွေ မက်မက်စက်စက် စားကြတဲ့ မုန့်ဟင်းခါးကို လေ့လာကြည့်ရင် မုန့်ဖတ်မှာ ဖော်မလင်သုံးထားတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဖော်မလင်ကို သုံးတဲ့အတွက် အာရုံကြောနဲ့ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေအထိဖြစ်ပွားနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ မုန့်ဟင်းခါးဟင်းရည် ချက်ပြုတ်ရာမှာ အသုံးပြုရတဲ့ ပစ္စည်းတွေကအစ စိတ်ချရမှသာ ဘေးကင်းတဲ့ မုန့်ဟင်းခါးတပွဲကို စားသုံးနိုင်မှာဖြစ်ပါတယ်။
လက်ဖက်မှာဆိုရင်လည်း အဝတ်အထည်တွေ ဆေးဆိုးရာမှာ အသုံးပြုတဲ့ ဆိုးဆေးကို ထည့်သွင်းထားကြောင်း FDA ကနေ ကြေညာရတဲ့အထိဖြစ်လာပါတယ်။ လက်ဖက်တံဆိပ် အကုန်လုံးမဟုတ်ပေမယ့် နာမည်ကြီးတံဆိပ် တွေပါ ပါ၀င်နေတာတွေ့ရပါတယ်။ အထူးသဖြင့် စူပါမားကတ်တွေမှာ ရောင်းချနေတဲ့ ခေါက်ဆွဲခြောက်၊ ကြာဆံခြောက်၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ အေးခဲအသားတွေဟာ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေပါ။
တံဆိပ်မျိုးစုံနဲ့ ရှိနေတဲ့ ခေါက်ဆွဲခြောက်လို ရယ်ဒီမိတ်အထုပ်တွေဟာ အာဟာရတန်ဖိုး နည်းပါးတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ထုတ်လုပ်ရက်စွဲနဲ့ ကုန်ဆုံးရက်စွဲ တိတိကျကျ ဖော်ပြမထားတဲ့ အထုပ်တွေ၊ မြန်မာ ဘာသာနဲ့လည်း မဟုတ်၊ အင်္ဂလိပ်ဘာသာနဲ့လည်း မဟုတ်ဘဲ စာတွေပါတဲ့ အထုပ်ကို ဝေးဝေးက ရှောင်သင့်ပါ တယ်။ ကြက်အူချောင်း၊ ၀က်အူချောင်းတွေ တာရှည်ခံအောင် ဓာတုပစ္စည်းတွေထည့်ရတဲ့အတွက် အဲ့ဒီအန္တရာယ်ကို မေ့မထားသင့်ပါဘူး။ တဖက်နိုင်ငံက တင်သွင်းတဲ့ အေးခဲအသားတွေဆိုရင်လည်း လတ်ဆတ်မှု မရှိသလို ရက်တွေကြာသွားတဲ့အတွက် အာဟာရတန်ဖိုးလည်း လျော့သွားပါပြီ။ ခေါက်ဆွဲခြောက်လို ရယ်ဒီမိတ်အထုပ်တွေကို နှစ်ရှည်လများ စားသုံးရင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါတယ်။
နောက်တခုက မြေပဲ၊ ငရုတ်သီးခြောက်တွေမှာတွေ့ရနိုင်တဲ့ “မှို” အန္တရာယ်ပါပဲ။ မှိုတွေတက်နေတဲ့ မြေပဲနဲ့ ငရုတ်သီးခြောက်တွေကို စားသုံးမိရင် အသည်းကင်ဆာအထိ ဖြစ်ပွားနိုင်တာမို့ မပေ့ါဆသင့်ပါဘူး။ တချို့ လက်ဖက်ရည်ဆိုင်တွေဟာ စမူဆာတို့၊ အီကြာကွေးတို့ ကြော်ရာမှာ ပြည့်ဝဆီကို အသုံးပြုရုံသာမက ပြန်ကြော်ဆီတွေပါ သုံးကြပါတယ်။ ပြည့်ဝဆီ အသုံးပြုလို့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးပါ။ မြင်သာတာကတော့ နှလုံးသွေးကြောပိတ်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဘယ်လောက်ပဲ ခမ်းနားတဲ့ စားသောက်ဆိုင်ဖြစ်နေပါစေ အဲ့ဒီဆိုင်ရဲ့ မီးဖိုချောင်သန့်ရှင်းမှု၊ စားဖိုးမှူးတွေရဲ့ သန့်ရှင်းမှုက ပိုပြီးအရေးကြီးပါတယ်။
မီးဖိုချောင်သန့်ရှင်းမှု အားနည်းရင် စားသုံးသူတွေကြား အသည်းရောင်အသားဝါ ဘီပိုးကူးစက်ဖို့အခွင့်အလမ်း ပိုများပါတယ်။ အထူးသဖြင့် လမ်းဘေးမှာ ရောင်းချနေတဲ့ မုန့်ဟင်းခါး၊ အသုပ်၊ ၀က်သားတုတ်ထိုးတွေဟာ သန့်ရှင်းလတ်ဆတ်မှုမရှိခဲ့ဘူးဆိုရင် ၀မ်းပျက်ဝမ်းလျှောတာကအစ အသည်းရောင်အသားဝါရောဂါအထိ ဖြစ်ပွားနိုင်တာမို့ သတိပြုသင့်ပါတယ်။ ဒါ့အပြင် ငါးကင်၊ အသားကင်တွေကို စွဲစွဲမြဲမြဲစားသုံးရင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်တာမမေ့သင့်ပါဘူး။
ထုတ်လုပ်တဲ့နိုင်ငံတွေမှာတောင် မစားတဲ့၊ ဟင်းချက်ရာမှာ မထည့်ကြတဲ့ အချိုမှုန့်ကို ကျမတို့ အိမ်ရှင်မတွေက ဟင်းချက်ရာမှာ၊ အသုပ်သုပ်ရာမှာ ထည့်သွင်းအသုံးပြုနေတာကို ရှောင်ကြည်သင့်ပါပြီ။ အချိုမှုန့်တင် မကပါဘူး၊ ကြက်သားဟင်းခတ်မှုန့်ကိုပါ မသုံးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြက်သားဟင်းခတ်မှုန့်မှာ ကြက်သားထက် အနံ့ထည့်ထားတဲ့ ဓာတုပစ္စည်းတွေ ပါ၀င်မှုများပြားနေလို့ပါပဲ၊ ဆားပမာဏပါ ပါ၀င်မှုများတာ ကြောင့် သွေးတိုးနဲ့ နှလုံးရောဂါတွေပါ ဖြစ်ပွားနိုင်ပါတယ်။ အချို့မှုန့်မှာ ပါ၀င်တဲ့ ဓာတုပစ္စည်းတွေကြောင့် နောက်ကျောတတ်၊ ဇက်ကြောတတ်တဲ့ ဝေဒနာတွေသာမက အာရုံကြောတွေပါ ထိခိုက်နိုင်တာ၊ အမြင်အာရုံ ထိခိုက်နိုင်တာ၊ သွေးတိုးရောဂါဖြစ်ပွားနိုင်တာကြောင့် ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။
စျေးကွက်ထဲမှာ ရောင်းချနေတဲ့ မြေပဲဆီ၊ နှမ်းဆီအမည်ခံ အရောအနှောဆီ ရောင်းချသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ အရောအနှောဆီတွေကို စားသုံးရင် သွေးကြောတွေထဲမှာ မကောင်းတဲ့ ကိုလက်စထရောပိုများလာပြီး နှလုံးသွေးကြောပိတ်တာ၊ အဝလွန်တာတွေ ဖြစ်နိုင်တာမို့ပါ။ နေကြာဆီနဲ့ ပဲပိစပ်ဆီလို ဟင်းသီးဟင်းရွက်ကနေ ထုတ်လုပ်တဲ့ ဆီနဲ့ မြေပဲဆီ၊ နှမ်းဆီ အစစ်ကိုပဲ စားသင့်ပါတယ်။
၀ယ်ချင်စဖွယ် အရွက်တွေ ဖားဖားဝေနေတဲ့ ပိုးပေါက်မပါတဲ့ အသီးအရွက်တွေတွေ့ရင် ၀ယ်သင့် မဝယ်သင့် စဉ်းသားသင့်ပါပြီ။ အထွားလွန်နေတဲ့ အသီးအရွက်တွေကို စားချင်ရင်တောင်မှ ဆားရည်ထဲမှာ မိနစ် ၄၀ ကနေ တနာရီအထိ စိမ်ထားသင့်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကင်ဆာရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံတွေထဲမှာ ပါ၀င်နေပါတယ်။ အကြောင်းရင်းတွေထဲမှာ စားသောက်မှု ပုံစံနဲ့ အစားအစာနဲ့ ပတ်သက်ပြီး ဆက်နွယ်နေတဲ့ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကြိတ်ကင်ဆာတွေ ဖြစ်ပွားမှု မြင့်တက်နေတာပါ။
ဒီလိုဆိုရင် စားသုံးသူတွေရဲ့ အခွင့်အရေးကို ဥပဒေအရ ကာကွယ်ပေးမှုမရှိဘူးလားလို့ မေးခွန်းထုတ်စရာဖြစ် လာပါတယ်။ “အမျိုးသား အစားအသောက် ဥပဒေ” ကို မြန်မာနိုင်ငံမှာ ၁၉၉၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပါတယ်။ အရင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် သြဂုတ်လထဲမှာ အမျိုးသား အစားအသောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထွက်ပေါ်လာခဲ့တာပါ။ အမျိုးသား အစားအသောက်ဥပဒေ ပုဒ်မ (၂၂) မှာ စားသုံးသူကို အဆိပ်သင့်စေနိုင်တဲ့ ဒါမှမဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအသောက်၊ စံမမီ အစားအသောက်၊ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိတဲ့ သက်ဆိုင်ရာအစိုးရဌာန ဒါမှမဟုတ် အဖွဲ့အစည်းက သတ်မှတ်တဲ့ အချက်အလက်တွေ မပါတဲ့ အစားအသောက်တွေကို ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးခဲ့ရင် ပုဒ်မ (၂၈) အရ ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ၃ သိန်းအထိ၊ ဒဏ်နှစ်ရပ်စလုံးအထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဘေးကင်းလုံခြံုတဲ့ အစားအစာတွေကို ကျမတို့ ပြည်သူတွေ စားသောက်နိုင်တဲ့ အခွင့်အရေး ဖန်တီးပေးဖို့ နိုင်ငံတော်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် စျေးကွက်ထဲမှာ ရောင်းချနေတဲ့ စံမမီ၊ ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို ပြန်ရုပ်သိမ်းသင့်သလို ထုတ်လုပ်၊ ဖြန့်ဖြူသူတွေကိုပါ ဥပဒေအတိုင်း အရေးသူမှသာ ပြည်သူတွေရဲ့ ကျန်းမာရေးကို အမှန်တကယ် စောင့်ရှောက်ရာ ရောက်မှာဖြစ်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်။