အစားအသောက် ကောင်းကောင်း ကြိုက်သူတွေက အရသာကောင်းတဲ့ စားသောက်ဆိုင်တွေကို ရှာဖွေ စားသောက်တတ်ကြပါတယ်။ ဒီတပတ်မှာတော့ အစားအသောက် ကောင်းကောင်းကြိုက်သူတွေ အတွက် စားပွဲပေါ်ဖြန့်ခင်းထားတဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာ ပုဇွန်ထုပ်ကြီးတွေကို လက်နဲ့ အားရပါးရ အရသာကောင်းကောင်း စားသုံးနိုင်မယ့် ထိုင်းစားသောက်ဆိုင်တဆိုင်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။
ပုဇွန်ထုပ်ဆိုရင် ဇွန်ခက်ရင်းနဲ့ စားတာထက် လက်နဲ့စားရမှ အားရကျေနပ်တတ်သူတွေနဲ့ ပင်လယ်စာ အစားအစာတွေကို ချို၊ ချဉ်၊ ငံ၊ စပ် အရသာစုံနဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်စာစုံကို အရသာရှိရှိ စားချင်သူတွေအတွက် My Siam ဆိုတဲ့ ထိုင်းစားသောက်ဆိုင်က Facebook လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
ရန်ကုန်မှာ My Siam စားသောက်ဆိုင် ၂ ဆိုင်ရှိပြီး ဧရာဝတီကနေ ဒီတပတ် ညွွှန်းပေးမယ့် ဆိုင်ကတော့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ စံပြရုပ်ရှင်ရုံနံဘေးက “My Siam II” ထိုင်းစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။
“My Siam II” စားသောက်ဆိုင်မှာ ဆိုင်ရဲ့နာမည်ကြီး ပုစွန်၊ ဂုံး၊ ယောက်၊ ခရု၊ ပြည်ကြီးငါး စတဲ့ ပင်လယ်စာ အစုံပါဝင်တဲ့ “ကု(န်)ထန်” ဟင်းပွဲနဲ့ အခြား ထိုင်းအစားအစာ အမျိုးအမယ်မျိုးစုံနဲ့ အခြား နာမည်ကြီး ယိုးဒယား သင်္ဘောသီးထောင်း၊ ပြောင်းဖူးထောင်း၊ သီးစုံဆားဘဲဥထောင်း စတဲ့ ယိုးဒယား အထောင်းမျိုးစုံ ရရှိနိုင်ပါတယ်။
“ကု(န်)ထန်” ရဲ့ အဓိပ္ပာယ်က “ကု(န်) = ပုစွန်”၊ “ထန်= အိုး” အဓိပ္ပာယ်ရပြီး “ပုစွန်စဉ့်အိုးချက်” လို့ နာမည် ပေးချင်တာကြောင့် ဒီဟင်းလျာကို ဖန်တီးဖြစ်တာလို့ ဆိုင်မန်နေဂျာ ကိုဝေယံက ဧရာဝတီကို ပြောပါတယ်။
ဒီအစားအစာက ထိုင်းအစာအစာ စစ်စစ် မဟုတ်ဘဲ အမေရိကန်စတိုင် အစားအစာကိုမှ ထိုင်းရိုးရာ အစားအစာ ပုံစံဖြစ်အောင် အုန်းနို့နဲ့ချက်ပြီး အရသာ အသစ်အဆန်း ပြန်လည် ဖန်တီးထားတာလို့ သူက ဆိုပါတယ်။
ကု(န်)ထန်က တပွဲကို ကျပ် ၁ သောင်းခွဲကနေ စရှိပြီးတော့ တပွဲမှာ ပုစွန်ထုပ်ကြီး ၈ ကောင် ၉ ကောင်ခန့် ပါနိုင်ပြီး လူ ၃ ဦး၊ ၄ ဦးခန့် ဝဝလင်လင် စားသုံးနိုင်ပါတယ်။ ပုစွန်နဲ့အတူ အခြား ဂုံး၊ ယောက်၊ ခရု၊ ပြည်ကြီးငါး စတဲ့ ပင်လယ်စာတွေ ပါဝင်ပြီး ဂဏန်း ထပ်ထည့်ချင်ရင်တော့ ဂဏန်း ၁ ကောင်ကို အရွယ်အစားပေါ်မူတည်ပြီး ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိ ပိုပေးရတယ်လို့ သိရပါတယ်။
ကု(န်)ထန်ဟင်းပွဲက ပုစွန်ထုပ်၊ ပင်လယ်စာတွေနဲ့ အတူ ပြောင်းဖူး၊ အုန်းနို့၊ ပုစွန်ဆီတို့နဲ့ အရသာရှိရှိ ချက်ပြုတ်ထားတာပါ။ အချို အရသာ၊ ချဉ်စပ် တုံယမ်းအရသာ စသဖြင့် ကိုယ်ကြိုက်နှစ်သက်သလို မှာလို့ရပါတယ်။
ကုန်(န်)ထန် စားသုံးပုံက ထူးထူးခြားခြားပါ။ ဟင်းပွဲကို ရေပုံးလိုမျိုး သံပုံးအိုးနဲ့ သယ်ဆောင်လာပြီး စားပွဲပေါ်ဖြန့်ခင်းထားတဲ့ ဆီမစုပ် စက္ကူပေါ် ပုစွန်နဲ့ ပင်လယ်စာတွေကို ဖြန့်ခင်းချလိုက်တာပါ။ ပန်းကန်နဲ့ ထည့်စားရတာမျိုး မဟုတ်ပါဘူး။ စားပွဲပေါ် ဖြန့်ခင်းထားတဲ့ ပုစွန်ထုပ်နဲ့ ပင်လယ်စာတွေကို လက်နဲ့ လက်အိတ်စွပ်ပြီး အားရပါးရ လွတ်လွတ်လပ်လပ် စားသုံးရတဲ့ ပုံစံမျိုးပါ။
ကုန်(န်)ထန် ဟင်းပွဲနဲ့ အတူ နောက်ထပ် နာမည်ကြီး ထိုင်းအစားအစာ တခုဖြစ်တဲ့ မုန့်တီ-ငါး ပလာတူး၊ ထူးထူးခြားခြားဖြစ်မယ့် သီးစုံဆားဘဲဥထောင်း၊ အရည်သောက်အဖြစ် မှိုချဉ်စပ်ဟင်းရည်တို့ကို မှာလိုက်ပါတယ်။ စားပြီးသွားရင် အချိုတည်းဖို့ ဆိုင်ရဲ့ နာမည်ခပ်ဆန်းဆန်းနဲ့ ပုံစံဆန်းဆန်း ပြုလုပ်ထားတဲ့ “ရေခဲနန်းတော်” ကို Dessert အဖြစ် မှာယူထားပါတယ်။
အရသာတွေ မြည်းစမ်းကြည့်တဲ့အခါ ကုန်(န်)ထန်က လတ်ဆတ်ပြီး ချိုအီတဲ့ ပုစွန်ထုပ်ကို အုန်းနို့အရသာ၊ ထောပတ်အရသာ ဆိမ့်ဆိမ့်လေးနဲ့ အစပ်အနည်းငယ် ထည့်ထားတဲ့ ပုစွန်ဆီနဲ့ ခံတွင်းထဲမှာ အရသာက အစပ်အဟပ် တည့်နေပါတယ်။ ပုစွန်ထုပ်နဲ့ အုန်းနို့ ဖြစ်တဲ့ အတွက် စားရတာ အနည်းငယ်တော့ အီပါတယ်။
“မုန့်တီ – ငါး ပလာတူး” က စားတဲ့အခါ သူနဲ့တွဲဖက်စားတဲ့ အချဉ်ရည်အရသာက အဓိကပါ။ ပလာတူး ငါးကြော်က ငါးအသားလေးတွေဖဲ့ပြီး ဆလပ်ရွက် သို့မဟုတ် မုန်ညင်းရွက် ကြိုက်နှစ်သက်ရာ အရွက်ထဲထည့်ကာ အချဉ်ရေ၊ မုန့်တီနဲ့ ပလာတူးငါးကြော် ၊ နံနံပင် အနည်းငယ်ကို အရွက်နဲ့ထုပ်ပြီး စားရတာမျိုးပါ။ ခံတွင်းထဲမှာ အချဉ်ရည်ရဲ့ ချဉ်စပ်အရသာနဲ့ မုန့်တီ၊ ငါး တို့နဲ့ ထုတ်ထုတ်လေး ဖြစ်နေပါတယ်။
“သီးစုံဆားဘဲဥထောင်း” ကတော့ သီးစုံဆိုတဲ့အတိုင်း နဂါးမောက်သီး အနီ၊ အဖြူ၊ စပျစ်သီး၊ ပန်းသီး၊ မာလကာသီး၊ သခွားသီး၊ ပြောင်းဖူး စတဲ့ အသီးစုံပါဝင်ပြီး သူ့အရသာက ချဉ်၊ ငံ၊ စပ်လေးနဲ့ အသီးအနှံ တွေကြောင့် ပုစွန်ဆီအုန်းနို့ချက် ဟင်းပွဲ “ကု(န်)ထန်” ရဲ့ အအီကို ပြေစေပါတယ်။
“မှိုချဉ်စပ်ဟင်းရည်” ကလည်း ထူးထူးခြားခြားပါပဲ။ ဟင်းရည်ထဲမှာ အသားမပါပဲ မှိုတမျိုးတည်းနဲ့ ချက်ထားတဲ့ ဟင်းရည်က ချဉ်ချဉ်စပ်စပ်နဲ့ ရာသီဥတုမိုးအေးအေးနဲ့ လိုက်ဖက်ပါတယ်။ အသား မပါပေမယ့် အသားအတိုင်း အရသာရှိတဲ့ မှိုရဲ့ အာဟာရဓာတ်တွေနဲ့တင် ဟင်းရည်က ခံတွင်းထဲမှာ အရသာ ပြည့်စုံနေပါတယ်။
ဟင်းပွဲတွေရဲ့ စျေးနှုန်းက အရမ်းမများပါဘူး။ တပွဲကို ကျပ် ၂ ထောင်၊ ၂၅၀၀၊ ၃၅၀၀၊ ၄ ထောင် စသဖြင့် ဟင်းလျာတွေရဲ့ အရသာက ပေးရတာနဲ့ စျေးနှုန်းနဲ့ သင့်တင့်ပါတယ်။ ဆိုင်ရဲ့ အခင်းအကျင်းပုံစံက ရိုးရှင်းပြီး ဆိုင်ခန်းက အနည်းငယ် ကျဉ်းပေမယ့် ၄ ယောက်၊ ၅ ယောက်ဝိုင်းတွေနဲ့ စားပွဲတွေမှာ ပင်လယ်စာ ကု(န်)ထန်တွေ ခင်းကျင်းပြီး လွတ်လွတ်လပ်လပ် အားရပါးရ စားသုံး နိုင်ပါတယ်။
အစားအစာတွေ အားလုံးစားပြီးသွားတော့ အအီပြေ “ရေခဲနန်းတော်” Dessert ကို မြည်းစမ်းခဲ့ ပါသေးတယ်။ ပုံစံက ရေခဲကိုစက်နဲ့ ခြစ်ထားပြီး နန်းတော်ပုံစံ ရေခဲတောင်ပေါ်မှာ ဂျယ်လီ၊ ဝေဖာ စတာတွေနဲ့ ထိပ်မှာ ထီးလေးနဲ့ အလှဆင်ထားတာပါ။ အရသာကတော့ ရေခဲသားထဲထိ ချောကလက်ရည်ကို စိမ့်ဝင်အောင် ပြုလုပ်ထားပြီး အပေါ်ကလည်း ချောကလက်မှုန့်တွေ ဖြူးထား ပါတယ်။ ရေခဲနန်းတော်က ချောကလက်အရသာနဲ့ စတော်ဘယ်ရီအရသာဆိုပြီး ၂ မျိုးရှိပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပြီး “My Siam II” က ဖွင့်လှစ်တာ ၁ လ ဝန်းကျင်ပဲ ရှိပါသေးတယ်။ ပထမဖွင့်လှစ်ထားတဲ့ “My Siam” စားသောက်ဆိုင်က မြေနီကုန်း၊ စမ်းချောင်းလမ်းမှာ ဖွင့်လှစ်ထားပြီး ဖွင့်ထားတာ ၁၁ လခန့်ရှိပြီလို့ ဆိုင်မန်နေဂျာ ကိုဝေယံက ဆိုပါတယ်။
အရသာလည်းကောင်း၊ စျေးလည်း မဆိုးတာကြောင့် အစားအသောက်ကောင်းကောင်း ကြိုက်သူတွေ အတွက် လတ်လတ်ဆတ်ဆတ် ပုစွန်ထုပ်၊ ပင်လယ်စာတွေ စားပွဲပေါ်ဖြန့်ခင်းပြီး ထူးထူးခြားခြား လက်နဲ့ အားရပါးရစားရတဲ့ ဘုန်းကြီးလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ မင်္ဂလာ စံပြရုပ်ရှင်ရုံအောက်က ထိုင်းအစားအစာဆိုင် “My Siam II” သွားစားကြည့်ဖို့ ညွှန်းဆို ပေးလိုက်ပါတယ်။
လိပ်စာ – “My Siam II” ထိုင်းစားသောက်ဆိုင်
အမှတ် (၂၁၀)၊ ဘုန်းကြီးလမ်းနှင့် အနော်ရထာလမ်းထောင့်၊ မင်္ဂလာစံပြရုပ်ရှင်ရုံအောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။