အဆိုတော် ချစ်သုေ၀ အမြွာကိုယ်ဝန် ဆောင်ထားရတာ အခုဆိုရင် ကိုယ်ဝန် ငါးလကျော် ရှိနေပြီ ဖြစ်ပါတယ်။ လာမယ့်နှစ် ဇန်နဝါရီလလယ်မှာ မွေးဖွားမယ်လို့လည်း သိရပါတယ်။ လတ်တလော Facebook ပေါ်မှာ တင်ထားတဲ့ ချစ်သုေ၀ ကိုယ်ဝန်နဲ့ ရိုက်ကူးထားတဲ့ အလှဓာတ်ပုံတွေကို လူကြိုက်များနေတာ တွေ့ရပါတယ်။ ကိုယ်ဝန် ဆောင်ထားတဲ့ ကာလမှာ ကြောင်လေးနဲ့ တူတူ ရှိနေတဲ့ အတွက် ချစ်သုဝေအတွက် စိတ်ပူကြတဲ့ သူတွေလည်း ရှိကြပါတယ်။
ကြောင်ကလေးတွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တဲ့ အကြောင်း ချစ်သုဝေက “ကြောင်လေးတွေနဲ့ ကိုယ်ဝန်သည်တွေက အမြဲတမ်း နီးနီးကပ်ကပ် လက်ပွန်းတတီးနေလို့ မရဘူး ဆိုတဲ့ အဓိက အချက်က ကြောင်တွေရဲ့ မစင်မှာပါတဲ့ Toxoplasmosis က ကလေးတွေကို အန္တရာယ် ဖြစ်စေနိုင်တယ်။ နောက်တခု ကတော့ ကြောင်ရဲ့ အမွေးပေါ့။ ဒါတွေ အားလုံးကို ကျမ သိထားပါတယ်။ အဲဒါတွေ အကုန်လုံးကို သိထားတဲ့ အတွက် ကိုယ် ကိုယ်ဝန် ဆောင်နေတဲ့ အချိန်အတွင်းမှာ ကြောင်လေးတွေနဲ့ လက်ပွန်းတတီး မနေရတော့ပါဘူး” လို့ ပြောပြတယ်။
ချစ်သုေ၀ ကိုယ်ဝန်စဆောင်ကတည်းက ကြောင်တွေနဲ့ ဝေးဝေးရှောင်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်ပြောပါတယ်။
- ချစ်သုဝေ/ Facebook
“အိမ်မှာက မေမေကလည်း ကြောင်ချစ်တော့ ကြောင် ၈ ကောင် ရှိတယ် လေ။ ဒါပေမယ့် ကိုယ်ဝန်စဆောင် ကတည်းက ကိုယ့်ရဲ့ အခန်း၊ သွားလာနေတဲ့ နေရာ အကုန်လုံးကို ကြောင်ကင်းမဲ့ဇုန် လုပ်လိုက်တော့ ကိုယ်တိုင် ကြောင်လေးတွေနဲ့ လက်ပွန်းတတီး မရှိခဲ့တာ အရမ်းကြာခဲ့ပါပြီ။ ကြောင်လေးတွေကို မကိုင်ရ၊ မထိရ၊ မတို့ရဘဲ နေခဲ့တာပါ။ အခု ကိုယ်ဝန်ငါးလမှာ အမှတ်တရ ဓာတ်ပုံရိုက်တော့ ဓာတ်ပုံထဲမှာ ပါတဲ့ ကြောင်လေးက ကျမ သိပ်ချစ်တဲ့ ကြောင်လေးပါ။ ဖီးလ်ကိုရီ လေးပါ။ ကိုယ်က ပုတီးသွားစိပ်လို့ သူ့ကိုတွေ့ရင် ဖမ်းပြီး နမ်းလိုက်ချင်ပေမယ့် ကိုယ်ရဲ့ သမီးလေးတွေ အတွက် မလုပ်ဘူး၊ ရှောင်တယ်၊ ဆင်ခြင်တယ်။ ဒါပေမယ့် ကြောင်လေး ဖီးလ်လေးကို ကိုယ်က ပစ်ထားလိုက်သလို ခံစားရတယ်” လို့ပြောပါတယ်။
ကြောင်လေးနဲ့ ဓာတ်ပုံရိုက်ဖြစ်တာကိုလည်း ဆက်လက်ပြီး ချစ်သုဝေက “သူ့ကိုလည်း ကိုယ့်မောင်နှမ မိသားစုလို ချစ်တော့ ဓာတ်ပုံရိုက်တဲ့ အခါမှာ ငါ့သားလေးကိုတော့ အမှတ်တရ ဖြစ်အောင် ထည့်ရိုက်မယ် ဆိုပြီးတော့ ထည့်ရိုက် လိုက်တာပါ။ ခေါ်ပြီး ရိုက်ပေမယ့် အနားလေးမှာပဲ ချထားပေးတယ်။ ဒါက စိုးရိမ်နေတဲ့သူတွေကို ဒါလေးက ပြန်ပြီး ရှင်းပြပေးတာလို့” ဧရာဝတီကနေ တဆင့်ဆိုပါတယ်။
ချစ်သုဝေဟာ လတ်တလောမှာ ရိုက်ကူးရေးတွေ ခဏရပ်နားထားပြီး အမျိုးသားဖြစ်သူ အဆိုတော် လင်းလင်းရဲ့ Rock Music Tour အဖြစ် နယ်မြို့တွေမှာ သွားရောက် ဖျော်ဖြေရာမှာတော့ လိုက်ပါဖြစ်မယ်လို့ သိရပါတယ်။ ။