လူတဦး တယောက် အတွက် အကျင့်စာရိတ္တ ကောင်းမွန်ရေးဟာ အထူး အရေးကြီးသလို ယဉ်ကျေးဖို့လည်း အလွန် အရေးကြီး ပါတယ်။ ယဉ်ကျေးခြင်း ဆိုတာ မေတ္တာရဲ့ အခြေခံ ဖြစ်ပြီး တဦးနဲ့ တဦး အပြန်အလှန် လေးစားခြင်း၊ အပြန် အလှန် နားလည်ပေးခြင်း၊ အပြန်အလှန် ခွင့်လွှတ်ခြင်းတို့နဲ့လည်း ဆက်စပ်နေပါတယ်။ ယဉ်ကျေးခြင်းဟာ သင်ကိုယ်တိုင် အတွက်ရော သူတပါးအတွက်သာမက ပတ်ဝန်းကျင်က အခြားသူများကိုပါ စိတ်အေးချမ်းသာ ရှိစေပါတယ်။ လူတဦး တယောက်ချင်း ကနေ လူ့အဖွဲ့အစည်း တရပ်လုံး အထိ အရေးပါတဲ့ ယဉ်ကျေးခြင်း အကြောင်း တင်ပြဖို့ မယဉ်ကျေးသူများ ရဲ့ နိုင်ငံတော်က မယဉ်ကျေးတဲ့ အကြောင်းများနဲ့ ဆက်စပ်ပြီး သာဓကဆောင် ထင်ရှားအောင် တင်ပြလိုက် ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဟာ သောက်တဲ့ သူကိုသာမက မသောက်တဲ့ အနီးဝန်းကျင်က လူတွေကိုလည်း အန္တရာယ် ဖြစ်စေ ပါတယ်။ ဒါကြောင့် ဘတ်စကားဂိတ်၊ မီးရထားဘူတာ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ဘတ်စကားပေါ်၊ မီးရထားပေါ်၊ စာသင်ခန်း၊ ပန်းခြံ၊ လူအများ သွားလာနေတဲ့ လမ်းပေါ် စတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ် မသောက်သင့်ပါဘူး။ နောက်ပြီး ကလေးသူငယ် ရှိတဲ့ နေရာ၊ နေအိမ်တွေမှာလည်း ဆေးလိပ်မသောက်သင့် ပါဘူး။
တကယ်လို့ သင်ဟာ လူအများကြားမှာ ဆေးလိပ် သောက်နေတယ် ဆိုပါတော့…၊ ဒါဆိုရင် သင်ဟာ သင့်ကျေနပ်မှု အတွက် အခြားသူတွေရဲ့ ကျန်းမာရေးကို ထိပါးနေပါပြီ၊ စိတ်အနှောက်အယှက် ဖြစ်စေပြီမို့ ယဉ်ကျေးသူ မဖြစ်နိုင်တော့ပါ။ ယဉ်ကျေးသူ ဆိုတာ ကိုယ်တိုင် အတွက် ရော သူတပါး အတွက်ပါ ထိခိုက် ထိပါးစေတဲ့ အပြုအမူမျိုးကို ရှောင်ရှားသူ ဖြစ်ပါတယ်။
မယဉ်ကျေးတဲ့ နိုင်ငံတော်က လူများ
မယဉ်ကျေးတဲ့ နိုင်ငံတော်က လမ်းတွေပေါ်မှာတော့ ဆေးလိပ် စီးကရက် မီးခိုးငွေ့ တလူလူနဲ့ သွားလာနေသူတွေ တွေ့ရ၊ ဘတ်စကား ဒရိုင်ဘာက စီးကရက်ကို ဟန်ပါပါခဲ၊ စပယ်ယာတွေကလည်း လူခေါ်ရင်း တဖွာနှစ်ဖွာဆွဲ၊ ဆိုက္ကားသမားတွေ ကလည်း ဆိုက္ကားတွေပေါ် မိန့်မိန့်ကြီး ထိုင်ပြီး စီးကရက်ကို ရှိုက်ဖွာ..၊ ပန်းခြံအစောင့် ဆေးလိပ်ကလည်း မီးခိုးငွေ့ တလိပ် လိပ်တက်လို့၊ ဌာနဆိုင်ရာ ရုံးခန်းတွေမှာ မီးခိုးမွှန်မဆုံး၊ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ တွေ့နေရတတ်တယ်။
အမေရိကန်မှာတော့ နှစ်စဉ် သေဆုံးသူ ၅ ဦးမှာ ၁ ဦးက ဆေးလိပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးတာဖြစ်ပြီး နှစ်စဉ် လူပေါင်း ၄၈၀ ၀၀၀ (၄ သိန်း ၈ သောင်း) ခန့် ဖြစ်တယ်လို့ အမေရိကန် အစိုးရရဲ့ Centers for Disease and Prevention (CDC) တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ ဆေးလိပ်ကြောင့် သေဆုံးမှု၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဆက်စပ်ရောဂါ ဖြစ်ပွားမှုတွေက အများဆုံးလို့ သိရပါတယ်။
အပြောင်းအလဲဆီ ဦးတည်နေတဲ့ ကျနော်တို့ နိုင်ငံမှာတော့ ဆေးလိပ်နဲ့ ပတ်သက်ပြီး သေချာ သုတေသနပြုတာတွေ မှတ်တမ်းမှတ်ရာတွေ အပြည့်အစုံ မရှိ၊ အသိပညာပေးတာ မကျယ်ပြန့်သေး၊ သတ်မှတ် ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေက အသက်မဝင်သေးတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သေဆုံးတာ၊ ရောဂါဖြစ်ရတာ အတိအကျ မသိနိုင်သေးပေမယ့် သင် ခန့်မှန်းတဲ့ အရေအတွက်ထက် ပိုနေမှာ သေချာပါတယ်။
ယဉ်ကျေးတဲ့ နိုင်ငံတော်ကို ချီတက်ဖို့ မယဉ်ကျေးတဲ့ အပြုအမူတွေ ရှောင်ကြဉ်ကြပါစို့။ ။