အဆိုတော်အောင်ရင်ရဲ့ ဂီတသက်တမ်း ၃၂ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ “Aung Yin 32 LIVE” ကို လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
အဲ့ဒီလို ကျင်းပပြုလုပ်မယ့်အကြောင်း စာနယ်ဇင်းအသိပေးတဲ့ အခမ်းအနားကို ဒီကနေ့ နေ့လည်က အနောက် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ Friendship စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ဖျော်ဖြေပွဲမှာ သီဆိုမယ့် သီချင်းတွေက ရေဒီယိုသီချင်းတွေ ပါပါမယ်၊ နောက်ပြီး ကျနော် အရမ်းရူးသွပ်ခဲ့ပြီး ကြိုက်ခဲ့တဲ့ အဆိုတော် ကိုစိန်လွင် သီချင်းတွေပေါ့။ ကိုစိန်လွင်ရဲ့ သီချင်းတွေကိုနားထောင်ပြီး ကျနော် လူဖြစ်လာတာပါ။ အဲ့တော့ သူ့သီချင်းတွေကို ကျနော်ဆိုပါမယ်။ ဒီ Show နဲ့ လိုက်ဖက်မယ်ထင်တဲ့သီချင်းတွေပေါ့။ နောက်ပြီး ကျနော် Own Tune ထဲကလည်း Hit ဖြစ်ခဲ့တဲ့ သီချင်းတွေကို ဆိုပါမယ်”လို့ ဂီတဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အဆိုတော် အောင်ရင်က ပြောပါတယ်။
ဒီ ဖျော်ဖြေပွဲဟာ ဂီတသက်တမ်း ၃၂ နှစ်ပြည့်တဲ့အတွက် သီချင်းအပုဒ်ရေ ၃၂ ပုဒ်တိတိကိုလည်း ဖျော်ဖြေမယ် လို့လည်း သိရပါတယ်။ အဆိုတော်အောင်ရင်နဲ့အတူ ပါဝင်သီဆိုဖျော်ဖြေကြမယ့် အဆိုရှင်တွေကတော့ ဇော်ပိုင်၊ Rဇာနည်၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်းနဲ့ အိုင်းရင်းဇင်မာမြင့်တို့ပဲ ဖြစ်ပါတယ်။
အများက စိတ်ဝင်စားနေကြတဲ့ သားဖြစ်သူ မိုးအောင်ရင်နဲ့ ပတ်သက်လို့ မီဒီယာများမေးမြန်းမှုကိုတော့ အဆိုတော် အောင်ရင်က “ကျနော်တို့ မိသားစုလေးယောက်ရှိပါတယ်။ ဒါပေမယ့် ဒီ လေးယောက်က နိုင်ငံသုံးနိုင်ငံမှာ ခွဲပြီး နေနေရတာပါ။ ဖြစ်နိုင်ရင်တော့ မိသားစု စုစုစည်းစည်းနေချင်ပါတယ်။ ဒါပေမယ့် အခြေအနေမပေးလို့ မနေရဘူး။ ဒီလို အခြေအနေမျိုးမှာ ကျနော့်သား ဒီလိုဖြစ်သွားတယ်။ အဲ့ဒီအပေါ်မှာ မိဘတယောက်အနေနဲ့ အဖေတယောက်အနေနဲ့ စိတ်ထဲမှာ အရမ်းမကောင်းပါဘူး။ ကျနော်ဘာလုပ်ပေးနိုင်မလဲပေါ့။ ကျနော်လုပ်ပေးနိုင်တာ များများစားစားမရှိပါဘူး။ အခုတရားရုံးရောက်နေတယ်။ ဥပဒေရဲ့ အဆုံးအဖြတ်ကိုတော့ ကျနော်တို့်အားလုံး ခံယူရမှာပါ။ကျနော်တတ်နိုင်တာ ထောင်ဝင်စာသွားတွေ့တယ်။ သူစားချင်တာလေးတွေ ဝယ်ကျွေးတယ်၊ တရားရုံးထုတ်ရင် သွားတယ်၊ ကျနော်ဒါပဲ တတ်နိုင်တယ်” လို့ ပြောဆိုပါတယ်။
လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် “Aung Yin 32 LIVE” ဖျော်ဖြေပွဲဟာ အဆိုတော် အောင်ရင် အနေနဲ့ ယခုနှစ်အတွင်းမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် တကိုယ်တော်ဖျော်ဖြေပွဲဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လလောက် က Live 90 ဆိုပြီး တကိုယ်တော်ဖျော်ဖြေပွဲတခု ပြုလုပ်ခဲ့ဖူးပါတယ်။
“Aung Yin 32 LIVE” ဖျော်ဖြေပွဲလက်မှတ်များကို ကျပ် ၅ သောင်း၊ ၄ သောင်း၊ ၃ သောင်း၊ ၂ သောင်းနဲ့ ၁ သောင်းကျပ် သတ်မှတ်ပြီး ရောင်းချပေးသွားမှာဖြစ်ကာ ရန်ကုန်မြို့ အမျိုးသားကဇာတ််ရုံမှာ ပြုလုပ်မှာဖြစ်ပါတယ်။