သေသောသူ ကြာရင်မေ့ဆိုတဲ့ မြန်မာစကားတခုရှိခဲ့ပေမယ့်လည်း အဲဒီစကားဟာ ပြည်သူကို ဒုက္ခမျိုးစုံပေးတတ်တဲ့ လူတန်းစားအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ ပြည်သူကို အကျိုးပြုပြီး တိုင်းသူပြည်သား ဆင်းရဲကျပ်တည်း အတိဒုက္ခကို မျက် ကွယ်မပြုတတ်တဲ့သူတွေအတွက် အဲဒီစကားဟာ မှားယွင်းနေပါလိမ့်မယ်။
ဘာကြောင့်လဲဆိုရင် အဲဒီလို လူထုဘက်ရပ်တည်မှုရှိခဲ့သူ၊ သမိုင်းဆိုင်ရာကြီးမားသူတွေကို သေဆုံးသွားသည့်တိုင် လူထု က မမေ့ပစ်ကြလို့ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို မျိုးဆက်၂ခုလောက် ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ တော်လှန်ရေးလုပ်ခဲ့ကြရပါတယ်။ အဲဒီ ထဲမှာ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာစတဲ့အနုပညာသမားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ စစ်အစိုးရခေတ်မှာ စာပေ ကင်ပေတိုင်လို့ လူသိများတဲ့ စာပေစိစစ်ရေးရုံးက အာဏာရှင်ကိုထိပါးတယ်လို့ယူဆတဲ့ အနုပညာမှန်သမျှကို တားဆီးပိတ် ပင်ခဲ့ပါတယ်။
အာဏာရှင်ဗောင်းတော်ညိတ်တွေဟာ လိုအပ်ရင် အနုပညာသမားရော ဘာရော မသိဘဲ ကလောင်ပိတ်၊ ထောင်ချတဲ့ အထိ ကျူးလွန်ခဲ့ကြပါတယ်။
အဲဒီ အနုပညာရှင်တွေထဲမှာ ကွယ်လွန်သူ ကဗျာဆရာလှသန်းလည်း အပါဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ကဗျာဆရာလှသန်း ဟာ အာဏာရှင်ကို ပြက်ရယ်ပြုလို့ ပိုလိုတောင် မျက်မှောက်ခေတ်ကို ကဗျာနဲ့ရအောင် မှတ်ကျောက်တင်ဖို့ အားထုတ်ခဲ့ပါ တယ်။
လှသန်းကလောင်ကို အပိတ်ခံလိုက်ရတဲ့နောက်ပိုင်း စံသိုက်၊ နိမိတ်ထွန်းသန်း၊ လိပ်ပြာသန့်သန့်၊ ရန်မခ၊ ကြည်မောင်သန်း၊ မောင်သီးသန့် အစရှိတဲ့ ကလောင်တွေနဲ့ အမှောင်ခေတ်က အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်တဲ့ကဗျာတွေ ရေးသားခဲ့ပါ တယ်။ သူဟာ ဘယ်လိုလူစားလဲဆိုတာ သူ့ကဗျာတပုဒ်မှာ ခုလို ဖော်ပြခဲ့ပါတယ်။
မယူပါရစေနဲ့
သူများနှာခေါင်းပေါက်နဲ့ ဦးနှောက်တွေ
မယူပါရစေနဲ့
မျက်ရည်ပေါက်ကြီးငယ်နဲ့ သူများ မသဒ္ဒါရေစာကို
မယူပါရစေနဲ့။ (အယူသည်းခြင်း သီချင်းတပုဒ်-ကဗျာတပုဒ် ၁၉၉၇ မှ)
အဲဒီအချိန်ကာလတွေမှာ စစ်အာဏာရှင်ကို လျှာရည်တန်းလန်းနဲ့ ကြည့်ပြီး အရိုးကိုက်ခဲ့ကြတဲ့လူတန်းစားကိုလည်း မြင်ပုံရလို့ အဲဒီကဗျာထဲမှာပဲ
မယူပါရစေနဲ့
ရန်သူက ချီးမြှင့်တဲ့ နှစ်သိမ့်ဆုတွေကို
မယူပါရစေနဲ့ လို့ ကြွေးကြော်တိုင်တည်ခဲ့ပါသေးတယ်။
စစ်အာဏာရှင်လက်ထက်မှာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် တိုင်းတပါးတွေမှာ ဖြစ်သလိုကြုံရာကျပန်းလုပ်ကိုင်နေကြ ရတဲ့ လူငယ်တွေအကြောင်းကိုလည်း ကဗျာဆရာလှသန်းက ရေသူမနဲ့ ညစာစားခြင်း၊ အာရှတိုက်ရဲ့ တနေရာကဗျာတို့နဲ့ မှတ်ကျောက်တင်ရေးခဲ့ပါတယ်။
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ ဝက်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာ ဘာလဲ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လို ခြယ်သ
ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့။ (အာရှတိုက်ရဲ့တစ်နေရာ ကဗျာ မှ)
စစ်အာဏာရှင်စနစ်ရဲ့မူလဘူတ ဦးနေဝင်းမဆလအစိုးရကို ပြည်သူလူထုက မီးကုန်ယမ်းကုန်တော်လှန်ခဲ့ကြတဲ့ ၁၉၈၈ လူထုအရေးအခင်းကြီးကိုလည်း ကဗျာဆရာလှသန်းက ခုလို မော်ကွန်းထိုးဂုဏ်ပြုခဲ့ပါတယ်။
၈ ၊ ၈ ၊ ၈၈
ရှစ်လေးလုံး ဆိုတာ
မသမာတဲ့ အုပ်ချုပ်ရေးသူများအတွက်
တစ်ပြည်လုံးက ဆုံးဖြတ်လိုက်တဲ့
စီရင်ချက်ပဲ။
ရှစ်လေးလုံး ဆိုတာ
ဖြတ်သန်းဖူးသူတိုင်း လူဖြစ်ကျိုးကို နပ်စေတဲ့
လူသားရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကို သင်ပေးတဲ့
ဧရာမ သင်ခန်းစာပဲ။
ရှစ်လေးလုံး ဆိုတာ
နိုင်ငံတကာ အုံကြွမှုများ အတွက်
အကောင်းဆုံး နမူနာပုံစံ
စွန့်ဦးတီထွင် သမိုင်းဝင် အရေးတော်ပုံ
ဖြစ်တယ် ။
ကဗျာဆရာလှသန်းဟာ စစ်အာဏာရှင်ရဲ့ထောက်တိုင် နောက်လိုက်တို့ရဲ့ဖမ်းဆီးထောင်ချခြင်းကိုလည်း ခံခဲ့ရပါ တယ်။ ကြားဖူးတာကတော့ ဒိုင်ယာရီစာအုပ် လက်ဝယ်တွေ့ရှိရာက စတင်တာလို့ သိရပါတယ်။ စစ်ကြောရေးမှာ လူမဆန်စွာ နှိပ်စက်ညှင်းပန်းခံခဲ့ရပါတယ်။ ဘယ်တော့မှ မမေ့ဘူး ဆိုတဲ့ ကဗျာမှာ ခုလို ရေးသားထားပါတယ်။
မမေ့ဘူး
ဘယ်တော့မှ မမေ့ဘူး။
ခဏလောက် ခေါ်သွားပါရစေ
စစ်ဆေးပြီးရင် ပြန်ပို့ပေးမယ် . . .
အဲဒီညကို
ဘယ်တော့မှ မမေ့ဘူး။
ညို့သကျည်းကို
မျဉ်းလုံးနဲ့ လှိမ့်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး။
ပလတ်စတစ်အိတ်ကြီး စွပ်ပြီး
ဘယ်ပြန်ညာပြန် ပါးရိုက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး။
အိမ်ထဲမှာ ဘီယာဘူးခွံ စုတ်လေးနဲ့
အိမ်သာသုံးရေကို ခိုးသောက်ခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး။
စားထားတဲ့ ထမင်း
အတောင့်လိုက် အန်ထွက်လာအောင်
ရင်ဝ ဖနောင့်နဲ့ ပေါက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး။
၂၀၀၃ မေ၃၀မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီပဲယင်းခရီးစဉ်မှာ မသမာသူတွေက လုပ်ကြံသတ်ဖြတ် ဖို့ကြိုးစားခဲ့တာ ကမ္ဘာသိဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် ကဗျာဆရာလှသန်းကို စိစစ်ရေးက ပိတ်ထားလို့ ကြည်မောင်သန်း အမည်နဲ့ ဒီပရင်္ဂကဗျာကို ချယ်ရီမဂ္ဂဇင်းမှာ ရေးသားခဲ့လို့ ထပ်မံ ကလောင်အပိတ်ခံခဲ့ရပါတယ်။
ပြည်သူ့ဘက်မျက်နှာမူခဲ့တဲ့ကဗျာဆရာတယောက်ကို ပြည်သူကလည်း တဖန်ပြန်လည် အသိအမှတ်ပြုစမြဲမို့ ကဗျာဆရာ လှသန်းဟာ တနှစ်တာအကြိုက်ဆုံးဆု၁၉၉၄၊ ထန်းရိပ်ညိုဆု၁၉၉၈၊ ရွှေအမြုတေဆု၂၀၀၅၊ ရွှေဘိုမြို့ပန်းကဗျာဆု၂၀၀၆၊ တော်ဘုရားကလေးစာပေဆု၂၀၀၇၊ ရွှေဘိုမြို့ပန်းကဗျာဆု၂၀၀၈၊ မန္တလေးခေတ်ပေါ်ကဗျာဆု၂၀၁၀၊ ရသအလင်းဆု ၂၀၁၁ အစရှိတဲ့ဆုများစွာ ရရှိခဲ့ပါတယ်။
အမရပူရ၊ တောင်သမန်အင်းစောင်းရှိ ဆရာတော် ဦးပညာ(အမရပူရ)ကျောင်းဝင်းသူဌေးဘုရားရင်ပြင်ထက်မှာလည်း မန္တလေးစာပေသမားများရဲ့ အားထုတ်မှုနဲ့ ကဗျာဆရာလှသန်း အမှတ်တရကျောက်စာတိုင်ရှိနေပါတယ်။
အဲဒီလို ပြည်သူ့ဘက်တော်သား ကဗျာဆရာလှသန်းဟာ ၂၀၁၁နိုဝင်ဘာ၂၂ရက်မှာ အသက်၄၉နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ တော့ ခုဆိုရင် ၅နှစ်ပြည့်မြောက်ခဲ့ပါပြီ။ နှစ်တွေ ဘယ်လောက်ကြာကြာ သူ့ရပ်တည်ချက်နဲ့ သူ့ကဗျာတွေကြောင့်ပဲ ကဗျာဆရာ လှသန်းဟာ ရှိနေဆဲဖြစ်ပါတော့တယ်။
(ကဗျာဆရာလှသန်း ကွယ်လွန်ခြင်း ၅နှစ်ပြည့်အမှတ်တရ)