Hilux Vigo တွေကို ပြည်တွင်းမှာ လူကြိုက်များနေတာ ကြာခဲ့ပြီ ဆိုတော့ နည်းနည်းလောက် အသစ်အဆန်း ဖြစ်ချင်သူတွေ အတွက် အခု Revo ဆိုတဲ့ မော်ဒယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Vigo တွေရဲ့ ဖန်တီးမှု ပုံစံ အတိုင်းပဲ ရုပ်ထွက်ကို ဖန်တီးထားပေမယ့် တချို့သော အပိုင်းတွေမှာတော့ ဆန်းသစ်မှုတွေ တွေ့ရပါတယ်။
အထူးသဖြင့်တော့ အင်ဂျင်ပိုင်း၊ ကိုယ်ထည်အခန်း ဖွဲ့စည်းပုံနဲ့ ရုန်းအားယူ စနစ်တွေ ဖြစ်ပါတယ်။ အရင်ဆုံး Revo ရဲ့ ထူးခြားချက်လေးတွေကို ပြောပြချင်ပါတယ်။
အင်ဂျင်ပိုင်းမှာ Revo ကို လမ်းကြမ်းမောင်း မော်ဒယ်အဖြစ် ဖန်တီးထားတာကြောင့် ဒီ ဇယ်အင်ဂျင်စနစ်ကို ထည့်သွင်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ အရွယ်အစားက ပုံမှန် မြင်နေကျ ၂.၄ လီတာသုံး မဟုတ်တော့ဘဲ ၃.ဝ လီတာသုံး အင်ဂျင်ဖြစ်နေပါတယ်။ စွမ်းဆောင်ရည် မြင့်မြင့်နဲ့ မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုထက် ရုန်းအားပိုင်းကို ဦးစားပေး ဖန်တီးထားပြီး ဝန်တင်ဆောင်နိုင်မှုက ပေါင် ၄၀ဝ၀ ဝန်းကျင် ထိအောင် ရှိမှာပါ။ ဒါက အင်ဂျင်ပိုင်း ဆန်းသစ်ထားမှုပါ။
နောက်တချက် ကိုယ်ထည်ပိုင်း အခန်းဖွဲ့စည်းမှု အပိုင်းမှာ Ext အနေနဲ့လည်း ရနိုင်ပေမယ့် နောက်ထွက် မော်ဒယ်ဖြစ်လို့ ရွေးချယ်နိုင်စရာ နည်းပြီးလက်ရှိ ဈေးကွက် အတွင်းမှာတော့ Double အနေနဲ့ပဲ ရနိုင်ပါတယ်။ ကိုယ်ထည်ပိုင်းမှာ အနေတော် အရွယ်ဖြစ်ပြီး နောက်ဘက် ဝန်တင်ခန်းလည်း ကျယ်ဝန်းပါတယ်။ ဒါပေမယ့် Single အခန်းနဲ့ ဆိုရင်တော့ နည်းနည်းရှားချင်ပြီး ဈေးအနည်းဆုံးနဲ့ ရနိုင်ပေမယ့် ဝန်တင် ဦးစားပေး ပုံစံ ဖြစ်နေလိုု့ ဈေးကွက်မှာလည်း လူကြိုက်နည်းတာကြောင့် ဝယ်လက်လည်း နင်းချင်တာ တွေ့ရပါတယ်။
နောက်ထပ် ပြောချင်တဲ့ အချက်ကတော့ ဂီယာပိုင်းပဲ ဖြစ်ပါတယ်။ Auto နဲ့ လိုချင်တယ် ဆိုရင်လည်း ရနိုင်ပေမယ့် Auto နဲ့မှာ ဈေးနည်းနည်း ပိုချင်ပြီး ဆီစားကတော့ အတူတူလောက်ပါပဲ။ Air-Con စနစ်မှာက Round ပုံစံနဲ့ ဖန်တီးထားတာ တွေ့ရပြီး လေဝင်ပေါက်တွေကို စိတ်ကြိုက် ချိန်ညှိနိုင်မယ့်၊ ပိတ်ထားနိုင်မယ့် အနေအထားပါ။ Push Start ပုံစံနဲ့ဖြစ်ပြီး Smart Key စနစ်နဲ့ ထိုင်ထားပါတယ်။ လေးဘီးယက်စနစ်နဲ့ပဲ ဖန်တီးထားပြီး လမ်းကြမ်းပိုင်း စိတ်ကြိုက်မောင်းနှင်နိုင်အောင် ကိုယ်ထည်နဲ့ မြေပြင်က ၇ လက်မထိအောင် မြင့်ထားပါတယ်။
အရောင်အပိုင်းမှာတော့ ရွေးချယ်နိုင်စရာ တမျိုးတည်းပဲ ဈေးကွက်ဝင်ပြီး အနက်တမျိုးပဲ ရနိုင်ပါတယ်။ ဒါပေမယ့် အဖြူအနေနဲ့လည်း လိုချင်တယ် ဆိုရင် ရနိုင်ပြီး နည်းနည်း အချိန်ပေးဖို့တော့ လိုမှာပါ။ ပြင်ပ ဈေးကွက်မှာကိုပဲ Revo ကို အနက်ရောင် ကီလို ၁၀ဝ မပြည့်သေးတဲ့ အနေအထားနဲ့ Brand Newပုံစံကို ၂၀၁၆ ခုနှစ် မော်ဒယ် အဖြစ် ရနိုင်ပြီး ဈေးနှုန်းက သိန်း ၆၈၀ လောက် ခေါ်ထားတာတွေ့ရပါတယ်။
မော်ဒယ်မြင့် အသစ် အနေအထားဖြစ်လို့ ဈေးတော့ မာဖို့ ရှိနေပြီး Ext ကိ်ုယ်ထည်မျိုး၊ Manual နဲ့ ဆိုရင်လောက်ပဲ ဈေးအနည်းငယ် ကျဖို့ ရှိနိုင်ပါတယ်နော်။ ကီလိုပိုင်းမှာတော့ အသစ်အနေနဲ့ ဝင်တာကြောင့် ဈေးကွက်အတွင်းက မော်ဒယ်တိုင်း ကီလို ၁၀ဝ မပြည့်တတ်လို့ ကီလို အပေါ်မှာ ဈေးစကား မပြောဘဲ အခန်းဖွဲ့စည်းမှု တချက်မှာပဲ ဈေးနည်းနည်း ပြောင်းချင်ပါတယ်။ လူကြိုက်အများဆုံး Double က ဈေးအမာဆုံး ဖြစ်ပြီး Ext ဆိုရင် ကျပ် ၁၅ သိန်းခန့် ဈေးလျော့တတ်သလို Single ကိုတော့ သိန်း ၃၀ လောက်ထိအောင် လျော့နိုင်ပါလိမ့်မယ်။