လူမှုကွန်ရက်ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အလှမယ်တယောက်ရဲ့ Live Video Chat တခုဟာ မကြာသေးခင်က ဖေ့စ်ဘုတ်သုံးစွဲသူအကြား ရေပန်းစားလာခဲ့ပါတယ်။
အဲ့ဒါကတော့ သူ့ရဲ့ Live Video Chat မှာ ပရိသတ်တွေနဲ့အတူ ပြန်လည်ပြောဆိုထားတဲ့ သူ့ရဲ့ အမူအရာတချို့ ကြောင့် ပြောဆိုဝေဖန်မှုတွေရှိလာတာဖြစ်ပါတယ်။ အဆိုပါ အလှမယ်ကတော့ Miss Supranational Myanmar 2104 နဲ့ Miss Supranational Asia & Oceania 2014 ရရှိထားခဲ့ဖူးသူ အလှမယ် မော်ဒယ်လ် ဟန်သီ ပဲ ဖြစ်ပါတယ်။
ယခင်က အနေအထိုင် အေးဆေး တည်ငြိမ်သူအဖြစ် ပရိသတ်အများ လက်ခံထားတဲ့ အလှမယ် ဟန်သီတယောက် ယခင်က ပုံစံနဲ့ ကွာခြားနေတဲ့ အပြုအမူတချို့ကြောင့် ပရိသတ်အများ အံ့သြဝေဖန်မှုတွေရှိလာတာလည်း ဖြစ်ပါတယ်။
အဆိုပါ အလှမယ် ဟန်သီရဲ့ ပရိသတ်တွေနဲ့ Live Video Chat ပြောဆိုထားတဲ့ ဟန်ပန်အမူအရာအတိုင်း ရယ်စရာ ဟာသတခုအသွင် ဖန်တီးကာ ပြန်လည်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေလည်း ဖေ့စ်ဘုတ်မှာ ရေပန်းစားလာပါတော့တယ်။
အဆိုပါ ဟာသဖန်တီးမှုတွင် မန္တလေးမှ နာမည်ကြီးဟာသပုဂ္ဂိုလ်တဦးအဖြစ် အွန်လိုင်း ပရိသတ်အများ လက်ခံထားတဲ့ စတီဗင်ဇော်ကြီးကိုယ်တိုင် သရုပ်ဆောင် ဖန်တီးထားတဲ့ ဗီဒီယိုလည်း ပါဝင်ပါတယ်။
ဒီ Live Video ကို အပြောင်အပျက်သဘောမျိုး ပြန်လုပ်ကြသူတွေကိုလည်း သူ့ရဲ့ Video ကို သေချာကြည့်ပြီး လုပ်ပေးတာဖြစ်တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ လူတယောက်နဲ့တယောက် အမြင်ချင်းမတူတဲ့အတွက် လုပ်နိုင်ကြောင်းနဲ့ လူတိုင်းအပေါ်ကို မေတ္တာထားပါတယ်လို့ အလှမယ်ဟန်သီက ဧရာဝတီကိုပြောပါတယ်။
ဆက်လက်ပြီး သူက “အမှန်ကတော့လေ ဟန်သီ ဖေ့စ်ဘုတ် Live Video ကတော့ အခုမှ စတက်တာမဟုတ်ပါဘူး။ အမြဲတမ်းတက်ဖြစ်ပါတယ်။ ဟန်သီရဲ့ဖေ့စ်ဘုတ် Live Video ဆိုတာ ဟန်သီပရိသတ်တွေအတွက် ဟန်သီနဲ့ ရင်းနှီးအောင် ထိတွေ့ဖို့အတွက်ကို တင်ဖြစ်တာပါ။ ဟန်သီ ချစ်တဲ့ပရိသတ်တွေအတွက် အဓိကထားတင်ဖြစ်တာပါ။ ကွန်းမန့်တွေ မက်ဆေ့ချ်တွေမှာ စာမပြန်ဖြစ်ရင်တော့ ဟန်သီရဲ့ Live Video လေးကနေ စကားပြောဖြစ်ပါတယ်။ ဒီတခေါက်ကတော့ ရုတ်တရက်ကြီး ထပေါက်သွားတာပေါ့နော်” လို့ ဟန်သီက ဆိုပါတယ်။
ဒါ့အပြင် အလှမယ် ဟန်သီက “ဟန်သီ နိုင်ငံခြားသွားပြီး ပြန်လာတဲ့နောက်ပိုင်းမှ ပိုသွက်လာတာလည်း ပါပါတယ်။ ဟန်သီ အများကြီးပြောင်းလဲလာတာပေါ့နော်။ ဟိုမှာက အရမ်း သွက်သွက်လက်လက်နေမှ မဟုတ်ရင် ကိုယ်ပဲ အမြဲတမ်း နောက်ကျတာပေါ့နော်။ ဟိုမှာ တနှစ်လောက် အဲ့ဒီလိုနေခဲ့ရတာဆိုတော့ အကျင်ပါသွားတာပါ။ အခုထိ လည်း ဟန်သီကို အပြင်မှာလာကြည့်ရင် သွက်သွက်လက်လက်ပဲ နေပါတယ်။ အရင်တုန်းကတော့ အရမ်းအေးတာ မှန်ပါတယ်။ ဒါပေမယ့် အခုတော့ ပိုသွက်လာတာပေါ့နော်” လို့ အလှမယ် ဟန်သီက နိုင်ငံခြားကျောင်းသွားတက်ပြီးမှ ပြောင်းလဲသွားတဲ့ အပြုအမူအကြောင်းကို ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ ကြော်ငြာတွေ၊ မဂ္ဂဇင်း မျက်နှာဖုန်းတွေ ရိုက်ကူးနေပြီး၊ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။
အလှမယ် ဟန်သီက စီပွားရေးကိုလည်း စိတ်ဝင်စားတာကြောင့် MIC မှာ Business Management ကို တက်ရောက် နေပြီး၊ သူ့ရဲ့တေးစီးရီးခွေအသစ်ကိုလည်း သေချာပြင်ဆင်နေကာ ပရိသတ် လက်ထဲထည့်ပေးဖို့ ရှိဦးမယ်လို့ သိရပါတယ်။
ဒါ့အပြင် အလှမယ် ဟန်သီဟာ “မချစ်တတ်သေးဘူး”ဆိုတဲ့ Solo Album ကို ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး ဖြစ်ပါတယ်။