သရုပ်ဆောင်မော်ဒယ်လ်ထွန်းကိုကို က လတ်တလောမှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ၊ K Ambulance နဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနတို့က ပူးပေါင်းဖွင့်လှစ်ထားတဲ့ “ရှာဖွေကယ်ဆယ်ရေးသင်တန်း” ကို တက်ရောက် နေတယ်လို့ သိရပါတယ်။
ဒီသင်တန်းမှာ ရေဘေး၊မီးဘေးကြောင့် ဒုက္ခရောက်နေသူများကို ရှာဖွေ ကယ်ဆယ်နိုင်ဖို့ အဓိက သင်ကြားပေးနေတာဖြစ်ပါတယ်။
သင်တန်းကို တက်ရောက်ဖြစ်တာနဲ့ပတ်သက်လို့ ထွန်းကိုကိုက “ကျနော် ဒီသင်တန်းကို တက်ရောက်ဖြစ်တာက အရင်တုန်းကဆို ကျနော် ဦးကျော်သူတို့ဆီမှာ နာရေးကားတွေ လိုက်မောင်းတယ်။ အခုနောက်ပိုင်းမှာ ကျနော် Ambulance လည်း လိုက်မောင်းဖူးတယ်။ အဲ့ဒီမှာ နာရေးကူညီမှုအသင်းက ပူးပေါင်းဖွင့်တဲ့ ဒီသင်တန်းလေးကို တက်ဖြစ်တယ်။
ကျနော်တို့နိုင်ငံကလည်း သဘာဝဘေးအန္တရာယ်က နှစ်တိုင်းလိုလို ကြုံတွေ့နေရတယ်။ နေပူရင်ရေရှားမယ်၊ မိုးတွင်းဆို ရေကြီးမယ် ဒါက ပုံသေနည်းလိုဖြစ်နေတယ်။ ရေကြီးမယ်ဆိုတာ သိသိကြီးနဲ့ ရေကြီးတော့မှ အလှူခံနေရင်လည်း မကောင်းဘူးလေ။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်လို့ ထင်တယ်” ထွန်းကိုကိုက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး သူက ပရဟိတစိတ်ရှိတဲ့ လူငယ်တိုင်း ဒီလိုသင်တန်းမျိုးတွေကို တက်ထားသင့်ကြောင်းနဲ့ တကယ် ဒုက္ခရောက်နေတဲ့နေရာတွေကို လူငယ်တွေအနေနဲ့ သွားရောက်ကူညီ လှူဒါန်းကြတဲ့အခါ ကိုယ့်ကိုကိုယ့် အရင်ဆုံး ကာကွယ်နိုင်ဖို့ လိုအပ်ကြောင်း ဒီလို ကိုယ့်ကိုကိုယ် လုံခြုံစိတ်ချရပြီ ကာကွယ်နိုင်ပြီဆိုမှ တခြားသောသူကိုလည်း ကယ်တင်နိုင်မှာဖြစ်ကြောင်းနဲ့ ဒီလို အရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွေကို တက်ထားသင့်တဲ့အတွက် သူကိုယ်တိုင်လည်း တက်ရောက်ဖြစ်နေတာဖြစ်ကြောင်း ဆိုပါတယ်။
ထွန်းကိုကိုက သင်တန်းမှာ သင်ကြားပေးမှုအပိုင်းနဲ့လည်း ပတ်သက်ပြီး “သင်တန်းက ပထမဆုံး မီးသတ်ဌာနမှာ အရင်တက်ရတယ်။ ပြီးတော့နာရေးကူညီမှုအသင်းမှာ စာသင်တယ်၊ လက်တွေ့ပိုင်းကို သင်ကြား ပို့ချပေးတယ်။ မီးသတ်ဌာနမှာလည်း လိုအပ်ရင် လိုအပ်သလို မျှော်စင်ပေါ်ကနေ ဇောက်ထိုးဆင်းတာတို့၊ မီးလောင်ခဲ့ရင် အပေါ်ထပ်ကသူတွေကို ဘယ်လိုပုံစံမျိုးနဲ့ကယ်နိုင်မလဲပေါ့ ဒါတွေ သင်ရတယ်။ အမြင့်ကနေဆင်းရင် ဘယ်လို ပုံစံဆင်းမလဲ နောက်ကြိုးချည်နည်းတွေပေါ့ အဲဒါတွေသင်ကြားရတယ်။ မီးလောင်နေတဲ့အခန်း မီးခိုးတွေပြည့်နေတဲ့ အခန်းထဲကို ကိုယ့်အသက်ကိုလဲ စိတ်ချရအောင် ဘယ်လိုကယ်တင်မလဲ ဆိုတာတွေ သင်ပေးတယ်။ မီးသတ်ဌာနချုပ်က တကယ့်ကို ဝါရင့်ဆရာကြီးတွေ ကိုယ်တိုင်သင်ကြားပေးတာပါ” လို့ ရှင်းပြပါတယ်။
မော်ဒယ်လ် ထွန်းကိုကိုဟာ ၂၀၁၃ ခုနှစ် ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ 2013 Asia Model Festival ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုရယူနိုင်ခဲ့တဲ့ အလှမောင်တဦးအဖြစ် လူသိများပြီး အနုပညာလှုပ်ရှားမှုအနေနဲ့ လတ်တလောမှာ ဒါရိုက်တာစင်ရော်မောင်မောင်ရိုက်ကူးထားတဲ့ “ ထာဝရအမေ” “ ကြေးကြီးတယ်” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။