ကမ္ဘာပေါ်မှာ သွားလာရေး စနစ်အတွက် အများဆုံး အသုံးပြုနေကြတဲ့ မော်တော်ယာဉ်တွေမှာ ကိုယ်ထည်အပေါ် အခြေခံပြီး အမျိုးအစားတွေ ခွဲခြား သတ်မှတ်ထားပါတယ်။ Sedan, SUV ဆိုတာမျိုးတွေပါ။ ဒါဖြင့်ရင် ဘယ်လို ကိုယ်ထည် အမျိုးအစားက လူကြိုက်အများဆုံးပါလဲ။
Sedan
သူကတော့ ဆီဒင်လို့ ဈေးကွက်မှာ ခေါ်သလို Saloon လို့လည်း ခေါ်ပါတယ်။ ဒေသနဲ့ ဈေးကွက်အရ အခေါ်ကွဲပေမယ့် အတူတူပါပဲ။ ယနေ့ ကမ္ဘာပေါ်က ကားဆယ်စီးမှာ ဆီဒင်တွေ ၃ စီးခန့် ရှိနေပါတယ်။ အိမ်စီး၊ ဇိမ်ခံ၊ စွမ်းဆောင်ရည်မြင့် ပုံစံမျိုးစုံနဲ့ လာသလို ဈေးနှုန်းလည်း ရွေးချယ်နိုင်စရာ များလို့ လူကြိုက်များတာ ဖြစ်ပါတယ်။
Hatchback
သူကတော့ ဟက်ဘက်ချ်ဖြစ်ပြီး လမ်းကြမ်းပိုင်းကလွဲလို့ ဝန်တင် လူစီးအတွက် အဆင်ပြေတာကြောင့် လူကြိုက်များတာပါ။ ပွဲတက် မော်ဒယ်အဖြစ် အံမဝင်ပေမယ့် လုပ်ငန်းသုံး၊ မိသားစုသုံး မော်ဒယ်အဖြစ်နဲ့ ယနေ့ ကမ္ဘာရဲ့ ကား ၁၀ စီးမှာ ၂ စီးခွဲလောက်က Hatchback တွေ ဖြစ်နေပါတယ်။ သူ့ထက် ကိုယ်ထည်သေးတဲ့ Supermini တွေကလည်း Hatchback တန်းဝင်တွေပါပဲ။
SUV
Sport Utility Vehicle ဖြစ်ပါတယ်။ Pick-up Truck ကိုကျော်တက်ပြီး ၂၀ ရာစု အစပိုင်းကနေ လူကြိုက်များလာတာပါ။ လမ်းကြမ်းပိုင်းပါ သုံးနိုင်ပြီး နောက်ဖက် ဝန်တင်ခန်း အမိုးပါရှိမှု၊ ဝန်တင်ဆောင်နိုင်မှု၊ စွမ်းဆောင်ရည် မြင့်မားမှုတွေကြောင့် ဒီနေ့ခေတ် ကားဆယ်စီးမှာ ၂ စီးနီးပါးက SUV တွေ ဖြစ်နေပါတယ်။
Van/Wagon
Hatchback တွေထက် ကိုယ်ထည်ပိုကြီး၊ အလျား ပိုရှည်ပါတယ်၊ အတွင်းခန်း ပိုကျယ်ပါတယ်၊ SUV တွေလိုတော့ လမ်းကြမ်းပိုင်း မရပါဘူး။ မိသားစုသုံး အတွက် အထူး အံဝင်တာကြောင့် လူကြိုက်များတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ကား ၁၀ စီးမှာ Wagon တွေက ၁ စီးခွဲနီးပါး ရှိနေပါတယ်။
Pick-Up Truck
လက်ရှိ ပြည်တွင်းမှာပါ လူကြိုက်များနေတဲ့ အမျိုးအစားပါ။ ဝန်တင်နိုင်မယ်၊ အခန်းဖွဲ့စနစ် ရွေးချယ်နိုင်တယ်။ လမ်းကြမ်းပိုင်း အထူး စွမ်းဆောင်ရည်ကောင်းတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အအောင်မြင်ဆုံး မော်ဒယ် ဖြစ်ခဲ့ပြီး ဒီနေ့ခေတ်မှာတော့ ၁၀ စီးမှာ ၁ စီးခန့်က သူတို့တွေပါပဲ။