ဒီဇင်ဘာလဟာ ခရီးသွားဝါသနာ ပါသူတွေအတွက် ခရီးထွက်လို့ကောင်းတဲ့ ရာသီကာလ တခုပါ။ ရာသီဥတုက ချမ်းစိမ့်စိမ့်နဲ့ မိုးလေကင်းလွတ်ပြီး မိုးသားကင်းစင် ပြာလဲ့နေတဲ့ မိုးကောင်းကင်ကြောင့် ဒီအချိန်ဟာ နှစ်တနှစ်ရဲ့ အလှဆုံးအချိန်၊ ခရီးသွားရာသီချိန်လို့ ဆိုနိုင်ပါတယ်။
ဒီအချိန် ဒီကာလမှာ ခရီးထွက်ချင်သူတွေ အတွက် ရန်ကုန်မြို့နဲ့ မနီးမဝေး၊ ခရီးရက်ရှည် အချိန် အများကြီးလည်း ပေးစရာမလိုတဲ့ စိတ်ဝင်စားစရာ Trekking Trip (တောင်တက်ခရီးစဉ်) တခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
ဒီနေ့ ခေတ်ရေစီးအရ Facebook အသုံးပြုသူ လူငယ်တွေကြားမှာ ခရီးသွားခြင်းဟာလည်း Trend တခုလို ဖြစ်နေပါတယ်။ လက်ရှိ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ခရီးတခုကတော့ ရန်ကုန်ကနေ ညဘက် ကားစီးပြီး မနက်ဘက်စောစော ကရင်ပြည်၊ ဘားအံမြို့ကို ရောက်တဲ့ ကရင်ပြည်၊ ဘားအံ – တောင်ဝိုင်း ခရီးစဉ်ပါ။
ပေပေါင်း ၂၆၀၀ ကျော်မြင့်တဲ့ တောင်ဝိုင်းတောင်က တောင်ခြေကနေ တောင်ထိပ်အထိ တောင်တက်ချိန် ၂ နာရီခန့် ကြာမြင့်ပေမယ့် တောင်ထိပ်ရောက်တဲ့အခါ ရင်သပ်ရှုမောဖွယ် လှပတဲ့ တောင်တန်း၊ တိမ်တိုက်၊ မိုးတိမ်၊ ကောင်းကင်အလှတွေနဲ့ အတူ စိမ်းလန်းစိုပြေနေတဲ့ ရေမြေ တောတောင် သဘာဝရှုခင်း၊ လယ်ကွင်း အလှတွေကြောင့် တောင်တက်အမောတွေကို ပြေစေပါတယ်။
တောင်ဝိုင်းတောင်ကို သွားမယ်ဆိုရင် ရန်ကုန်မြို့ကနေ ညဘက် ၉ နာရီခွဲ ၁၀ နာရီလောက်ကနေ စတင် ကားထွက်ပြီး မနက်ဘက် စောစော ၄ နာရီခန့် ကရင်ပြည်နယ်၊ ဘားအံမြို့ ရောက်ပါတယ်။ မနက်စောစော ဘားအံမြို့ရဲ့ နာမည်ကြီး၊ သံလွင်မြစ်ကမ်းနားဘေးမှာ ရှိတဲ့ ရွှေရင်မျှော်စေတီကို သွားရောက်ဖူးမြော်ပြီး တောင်မတက်ခင် ဗိုက်ဝအောင် မနက်စာ အရင်စားဖို့လိုပါတယ်။
ရွှေရင်မျှော်ဘုရားဖူးပြီး မနက်စာ အဝစားပြီးသွားရင်တော့ ဘားအံမြို့ကနေ ၁၅မိနစ်၊ မိနစ် ၂၀ ခန့် မောင်းသွားရတဲ့ ဘားအံ-လှိုင်းဘွဲ့ လမ်းခွဲကို အရင်သွားရမှာပါ။ အဲဒီကနေတဆင့် ထူးဂုဏ်ရွာ အဝင်လမ်း တောမှီရဟန်းလမ်းကနေ ဆိုင်ကယ်၊ သို့မဟုတ် ကားနဲ့ ၁၅မိနစ်ခန့် မောင်းသွားမယ်ဆိုရင် တောင်ဝိုင်းတောင်ခြေနားကို ရောက်ပါတယ်။
အဲဒီလမ်းက ကားနဲ့ သွားနိုင်ပေမယ့် မြေသားလမ်းက မညီမညာ အနည်းငယ်ကြမ်းတာကြောင့် ဆိုင်ကယ်နဲ့ သွားတာ သို့မဟုတ် အကြမ်းခံတဲ့ Light Truck ကားမျိုးနဲ့ သွားတာ ပိုကောင်းပါတယ်။ တောင်ခြေနားရောက်ရင်တော့ တောင်ခြေလမ်းလေးအတိုင်း လျှောက်သွားရင် တောင်ခြေ၀ မရောက်ခင်မှာ ကရင် တောရဘုန်းကြီးကျောင်း တကျောင်းရှိပါတယ်။
တောင်ခြေဝရောက်ရင်တော့ တောင်တက်ခရီးစဉ် စတင်ပါပြီ။ ခပ်မြင့်မြင့် မတ်စောက်နေတဲ့ ကျောက် လှေကားထစ်တွေ အတိုင်း တဆင့်ပြီးတဆင့် တက်သွားရင်းနဲ့ မြေသားလမ်းတလှည့်၊ ကျောက်ကြမ်း လမ်းတလှည့်နဲ့ တောင်တက်ခရီးစဉ်ကို ဖြည်းဖြည်းမှန်မှန် စတင်တက်လှမ်းရပါတယ်။
မနက်ခင်းဘက် စောစောတက်မယ်ဆိုရင်တော့ တောင်ပေါ်ရောက်ရင် နေထွက်ချိန်နဲ့ လှပတဲ့ မြူခိုး တိမ်တောင်တွေကို တွေ့ခွင့်ရမယ့် အခွင့်အရေး ရရှိနိုင်ပါတယ်။ နေမြင့်မှ တောင်ပေါ်တက်မယ် ဆိုရင်တော့ ရှုမဆုံးတဲ့ ရေမြေတောတောင်၊ ရှုခင်းအလှတွေကို မြင်တွေ့ရမှာပါ။ နေ့လည် နေ့ခင်းတက်မယ်ဆိုရင် နေအရမ်းပူလို့ မနက်ဘက်စောစောနဲ့ နေအရမ်းမမြင့်ခင်တက်ဖို့ အကြံပြုချင်ပါတယ်။
တောင်ခြေဝကနေ တောင်တက် တောလမ်း မြေသားလမ်း၊ ကျောက်လမ်း၊ လှေကားထစ်တွေ တခုပြီးတခု ကျော်ဖြတ်ပြီး သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ သစ်ရိပ် ဝါးရိပ် သစ်ပင်တွေကြားမှာ လတ်ဆတ်တဲ့ သဘာ၀ လေကိုရှုရှိုက်ပြီး တောင်တက်ရတာဟာ မောတော့မောပေမယ့် အမောလည်း ပြေစေပါတယ်။ တောင်က တက်ရတာ အနည်းငယ်မတ်လို့ မူးတတ်တဲ့သူ၊ ဒါမှမဟုတ် အမြင့် ကြောက်တတ်တဲ့သူမျိုးဆိုရင် အနောက်ဘက် လှည့်မကြည့်ဘဲ တတ်တာအကောင်းဆုံးပါ။
တောင်အမြင့်၊ လှေကားထစ်တွေက အနည်းငယ်မတ်စောက်တာကြောင့် တောင်တက်ရင်း အနောက်ဘက် ရှုခင်းကို လည်ပြန်ကြည့်မယ်ဆိုရင် မတ်စောက်နေတဲ့ ချောက်ကမ်းပါးတွေနဲ့ ရှုမဆုံးတဲ့ သစ်ပင် အမြင့်ကြီးတွေကို မြင်တွေ့ရမှာပါ။ တောင်တက်ရင်း ရှုခင်းသာစခန်း (လမ်းတထောက်မှာ နားလို့ ကောင်းတဲ့နေရာ) ၃ ခုလောက်ကို ဖြတ်သန်းပြီးရင် တောင်ထိပ်ကို တက်တဲ့ မိုးပျံလှေကား အစကို စတင် ရောက်ရှိပါတယ်။
အဲဒီ မိုးပျံသံလှေကားက တောင်ထိပ်ကို ထောင်တက်သွားတဲ့ ပုံစံတည်ဆောက်ထားတာ ဖြစ်ပြီး တောင်ထိပ်မှာ ဆုတောင်းပြည့် လောကဝိဓူ စေတီ၊ ဘုရားတည်ရှိတာကြောင့် လှေကားပေါ်ကို ဖိနပ်စီးခွင့် မပြုထားပါဘူး။ သံလှေကားက လူနှစ်ယောက်သွားလို့ အဆင်ပြေရုံပါ။ လမ်းအနည်းငယ်ကျဉ်းတာကြောင့် အတက်အဆင်းမှာ အနည်းငယ်လူကြပ်လေ့ရှိပါတယ်။
တောင်ဝိုင်းတောင်ရဲ့ အဓိကနာမည်ကြီးရတဲ့ အချက်က မိုးပျံလှေကားကပါပဲ။ ရင်သပ် ရှုမောလှတဲ့ တောင်ထိပ်မြင်ကွင်း တွေကို မိုးပျံလှေကားကနေတဆင့် အတက်အဆင်းလုပ်ရင်း ကြည့်ရှုနိုင်သလို တောင်ထိပ်ရောက်အောင် တက်ရတဲ့ အခိုက်အတန့်လေးကလည်း ရင်ဖို လှိုက်မောဖွယ်ပါ။
တောင်ထိပ်ကို ရောက်တဲ့အခါ ဆုတောင်းပြည့် လောကဝိဓူစေတီမှာ ဘုရားဖူးရင်း အမောပြေ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကို တစိမ့်စိမ့်ကြည့်ရင်း အပန်းဖြေနိုင်ပါတယ်။ တောင်ပေါ်မှာ တနာရီ၊ တနာရီခွဲလောက် အချိန်ပေး အနားယူ၊ ဓာတ်ပုံရိုက်၊ ဘုရားဖူးပြီးသွားရင်တော့ တောင်ပေါ်ကနေ တောင်အောက်ကို ပြန်ဆင်းရပါတယ်။
တောင်အဆင်းကတော့ တောင်အတက် လမ်းလောက် မပင်ပန်းသလို ဆင်းရတာ အချိန်မပေးရပေမယ့် ဖြေးဖြေးနဲ့ မှန်မှန် နားနားပြီး ဆင်းရင် ပင်ပန်းတာ သက်သာပါတယ်။
အခုဆိုရင် ကရင်ပြည်နယ်၊ ဘားအံ- တောင်ဝိုင်း ခရီးစဉ်ကို ပြည်တွင်းက ခရီးသွားဧည့်သည်တွေ အရမ်း အလာများတဲ့ နေရာတခုလို့ ပြောလို့ရနေပါပြီ။ တဖြည်းဖြည်းနဲ့ ပြည်ပ ခရီးသွားဧည့်သည် တချို့ကလည်း စိတ်ဝင်တစားနဲ့ သွားရောက်လေ့လာတာမျိုးတွေလည်း ရှိပါတယ်။
တောင်ဝိုင်း ခရီးကို နေ့စဉ် လာရောက်တဲ့ လူဦးရေက ၂၀၀ အထက်ရှိတာကြောင့် တောင်ဝိုင်းရဲ့ သဘာ၀ ပတ်ဝန်းကျင် အလှနဲ့ မိုးပျံလှေကား ဘေးကင်းလုံခြုံမှု အပိုင်းကိုပါ ရေရှည်မှာ ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုပါတယ်။
သဘာ၀ ပတ်ဝန်းကျင်အလှကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် အဓိက ကတော့ အမှိုက်ပါ။ တောင်တက်ခရီးကို လာရောက်တဲ့သူ များပြားတာကြောင့် တောင်တက်လမ်း တလျှောက်နဲ့ တောင်ပေါ်မှာ ရေသန့်ဘူးခွံ၊ တစ်ရှုး စတဲ့ အမှိုက်တွေ စည်းကမ်းမဲ့ပစ်ထားတာတွေ မြင်တွေ့ရပါတယ်။
နောင်တချိန်မှာ ခရီးသွားနေရာတခု ဖြစ်လာမယ့် တောင်ဝိုင်းဒေသကို အခုကတည်းက ပြည်သူ တဦး တယောက်ချင်းစီရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ စည်းကမ်းရှိရှိ ထိန်းသိမ်းမယ်ဆိုရင် တောင်ဝိုင်းအလှက ဒီထက်ပိုလှပြီး ပိုကျော်ကြားမှာ အသေချာပါ။ မိုးပျံလှေကားရဲ့ ဘေးကင်းလုံခြုံမှုအပိုင်းကို ဒီထက် ခိုင်ခံ့ အောင်လုပ်ထားပြီး အတက်အဆင်း လူအရမ်းများတဲ့အခါ မပြိုလဲ မပျက်စီးအောင် တဦးနဲ့တဦး စည်းကမ်းတကျ စောင့်ဆိုင်းပြီး အတက်အဆင်း ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။
ကရင်ပြည်၊ တောင်ဝိုင်းတောင်ကို အလည်သွားလည်ဖို့စဉ်းစားထားသူတွေ အတွက် ဆောင်ရန်၊ ရှောင်ရန် သိထားသင့်တဲ့ အကြောင်းအရာတချို့ကို အခုလို ရေးသားဝေမျှ အကြံပြုလိုက်ပါတယ်။ တောင်ဝိုင်း ခရီးစဉ်သွားမယ်ဆိုရင်တော့ ဈေးနှုန်းက သွားမယ့် ခရီးသွားအေဂျင်စီနဲ့ ဝန်ဆောင်မှုတွေ အပေါ်မူတည်ပြီး ဈေးနှုန်းကျပ် ၃ သောင်းခွဲကနေ ၃ သောင်း ၇ ထောင်၊ ကျပ် ၄ သောင်းအထိ အမျိုးမျိုး ရှိပါတယ်။
ကရင်ပြည်၊ ဘားအံ တောင်ဝိုင်း ခရီးစဉ်မှာ သွားရောက်လည်ပတ်နိုင်တဲ့ နေရာတွေကတော့ ဘားအံမြို့ ရွှေရင်မျှော်စေတီ၊ တောင်ဝိုင်းတောင်၊ လွန်းညရေပြာအိုင်၊ ချစ်သူမြိုင် အပန်းဖြေ ပန်းခြံ၊ ကော့ကွန်းဂူ၊ ဘုရင့်ညီဂူ၊ ဘုရင့်ညီ ရေပူစမ်း စတဲ့နေရာတွေပါ။ နေ့ချင်းပြန်ခရီး တနေ့တာအတွင်းမှာ အဲဒီနေရာတွေ သွားရောက်လည်ပတ်နိုင်ပါတယ်။ ကျနော်သွားခဲ့တဲ့ ခရီးစဉ်ကတော့ သုခလမ်းညွှန် Travel & Tours နဲ့ သွားရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။