ပရိသတ် အတန်အသင့်ရရှိထားပြီး အရင်က Myanmar’s Got Talent မှာလည်း ပြိုင်ပွဲဝင်တယောက် ဖြစ်ခဲ့ဖူးကာ အခု လက်ရှိမှာတော့ ရှိုးပွဲတွေမှာ လိုက်ဆိုနေပြီဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်အနုပညာရှင် မင်းသက်ခိုင်ဟာ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Beat Box လို့ခေါ်တဲ့ Dj Music ကို ပါးစပ်နဲ့ တီးဆိုသူတဦးဖြစ်ပါတယ်။
ဒါ့အပြင် KMD သင်တန်းကျောင်းမှာ Computer Software ပိုင်း တက်ရောက်နေတယ်လို့လည်း သိရပါတယ်။ Beat Box ကို အလယ်တန်းကျောင်းသားဘဝလောက်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လေ့လာသင်ယူခဲ့ရင်းက အခုဆိုရင် Show ပွဲတွေမှာပါ လိုက်ဆိုနေပြီလို့ သိရပါတယ်။
မေး။ ။ အခု လက်ရှိ ဘာတွေလုပ်ဖြစ်နေလဲ။
ဖြေ။ ။ ခု လက်ရှိတော့ ကျနော် KMD မှာ Software ပိုင်း တက်နေပါတယ်။ ကျောင်းက တနင်္လာကနေ သောကြာထိ တပတ်ကို ၅ ရက် တက်ရတာဆိုတော့ စနေ၊ တနင်္ဂနွေမှာက ဒီအတိုင်း ရှိုးပွဲတွေ သွားစရာရှိရင် သွားတယ်ပေါ့။
မေး။ ။ Beat Box ကို ဘယ်တုန်းက စပြီး စိတ်ဝင်စားခဲ့တာလဲ။
ဖြေ။ ။ Beat Box ကို ကျနော် ၈ တန်းလောက်က စပြီး စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ သိပ်မလုပ်ဖြစ်ဘူး။ ဆယ်တန်းနှစ် ဘော်ဒါရောက်တော့မှ သူငယ်ချင်းတွေကို လုပ်ပြရင်းကနေ သူတို့ကလည်း သဘောကျပြီး လက်ခံအားပေးကြတယ်။ အဲ့ဒီနောက်ပိုင်း ကျနော် ဆက်လေ့ကျင့်ပြီး ဆရာကန်တော့ပွဲမှာ စင်ပေါ် စ တက်တယ်ပေါ့။ အဲ့ဒီကနေ ကျင့်ရင်းကျင့်ရင်းနဲ့ ခု လက်ရှိ ရှိုးပွဲတွေဘာတွေ ဆိုဖြစ်တယ်ပေါ့။
မေး။ ။ ဘယ်လို လေ့လာသင်ယူခဲ့လဲ။
ဖြေ။ ။ ကျနော် Youtube ကနေ ဗီဒီယိုတွေ ကြည့်ပါတယ်။ Practice လုပ်တဲ့ဟာတွေ မဟုတ်ဘူး။ တချို့ ပြိုင်ပွဲဝင်ထားတဲ့ ဗီဒီယိုတွေ ရှိတယ်လေ။ အဲ့ဒါတွေကြည့်ပါတယ်။ သူတို့ရဲ့ပါးစပ်အနေအထား ဘာညာပေါ့။ တခါတလေကျတော့ အရမ်းခက်တဲ့အသံတွေ ရှိတယ်။ အဲ့ဒီအခါကျရင် ကိုယ့်ကိုကိုယ် စိတ်တိုတယ်။ မရရကောင်းလား ဆိုပြီးပေါ့။ အဲ့ဒီလိုအချိန်မျိုးတွေဆိုရင်တော့ ရှိုးပွဲတောင် မသွားချင်တော့ဘူး။ တခါတလေကျတော့လည်း ပွဲတွေမှာ မိုုက်ကရိုဖုန်း မကောင်းတာမျိုးရှိတယ်။ အဲ့ဒီလိုကျရင် ကျနော်တို့ Roll ကျတာပေါ့။ ခု လက်ရှိမှာတော့ facebook မှာ ဗီဒီယိုလေးတွေ တင်တယ်။ Lil’ Z တို့လို Hip Hop ရှိုးပွဲတွေ သွားတယ်ပေါ့။ ဒီလထဲမှာတော့ မန္တလေးကို သွားဖို့ ရှိပါတယ်။
မေး။ ။ လိုချင်တဲ့အသံကို ရဖို့အတွက် အစားအသောက်တွေဘာတွေ ဆင်ခြင်ရတာမျိုးရှိလား။
ဖြေ။ ။ ဟုတ် ရှောင်ရပါတယ်။ ဆေးလိပ်တို့ အရက်တို့ သောက်လို့မရဘူး။ ပြီးတော့ အချိုတို့ အဆီများတဲ့အစားအစာ ဘာညာလည်း ရှောင်ရတယ်။ ကျနော်ကတော့ ဆေးလိပ်တွေ အရက်တွေ မသောက်ဘူးဆိုပေမယ့် အစားအသောက် ကတော့ မရှောင်ဖြစ်တာများတယ်ဗျ။ အစားမရှောင်တော့ လိုချင်တဲ့အသံမရောက်တဲ့ အခက်အခဲတွေ အများကြီး ရှိတာပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒီလိုကြီး ရှောင်ဖို့ကျတော့လည်း သိပ်မလွယ်ဘူးလေ။
မေး။ ။ Beat Box ကို ဝါသနာတခုအနေနဲ့ပဲ လုပ်မှာလား၊ အသက်မွေးဝမ်းကြောင်းတခုအနေနဲ့ပါ လုပ်သွားမှာလား။
ဖြေ။ ။ Beat Box ကို ဝါသနာတခုအနေနဲ့ပဲ ဦးစားပေးပြီး လုပ်ဖြစ်မှာပါ။ ဘဝရပ်တည်ဖို့အတွက်ကတော့ အခု တက်နေတဲ့ Software ပိုင်းနဲ့ပဲ အလုပ်လုပ်သွားမှာပါ။ Beat Box ကလည်း ဝါသနာတခုအနေနဲ့ဆိုပေမယ့် မြန်မာနိုင်ငံမှာ အကောင်းဆုံး ပညာရှင်တယောက် ဖြစ်ချင်တယ်။ နောက်ပြီး သင်တန်းဖွင့်ဖို့လည်း ရှိပါတယ်။ သေသေချာချာ ကြိုးစားသွားမှာပါ။ အိမ်ကလည်း အရင်ကတော့ မကြိုက်ကြဘူးပေါ့။ အောင်မြင်မှာမဟုတ်ဘူး ဘာညာဆိုပြီးတော့ ကန့်ကွက်ကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ လက်ခံပေးလာပါပြီ။
မေး။ ။ တခြားဝါသနာတွေရော ရှိသေးလား။
ဖြေ။ ။ တခြား ဝါသနာအနေနဲ့က ထွေထွေထူးထူးမရှိဘူးဗျ။ ဂိမ်းဆော့တယ်။ Beat Box လုပ်တယ်၊ အဲ့ဒီလောက်ပါပဲ။
မေး။ ။ လေ့ကျင့်ချိန်ကို သတ်မှတ်ထားတာမျိုးရှိလား။
ဖြေ။ ။ လေ့ကျင့်ချိန်ကတော့ သူက ဘာမှလည်း မလိုဘူး၊ ပါးစပ်ကနေပဲ လုပ်ရတာဆိုတော့ အချိန်ရတိုင်း လုပ်ဖြစ်ပါတယ်။
မေး။ ။ ငယ်ငယ်တုန်းက ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုတာမျိုးရော ရှိလား။
ဖြေ။ ။ ငယ်ငယ်တုန်းကတော့ ပန်းချီဆရာ အရမ်းဖြစ်ချင်တာ။ လမ်းဘေးပန်းချီဆွဲတာတွေဘာတွေ တွေ့ရင် သဘောကျတယ်။ ကျနော်လည်း ကြီးလာရင် အဲ့ဒီလိုဆွဲနိုင်ရမယ်ဆိုတာမျိုး စိတ်ကူးမိတယ်။ ဂစ်တာတီး သင်တန်း တက်ရင်းနဲ့ ပန်းချီဆရာတယောက်ဆီမှာ သင်ဖူးတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျ ဘယ်လိုဖြစ်ပြီး Beat Box ဘက်ကို ရောက်လာတယ်မသိဘူး။ ပန်းချီ မဆွဲဖြစ်တော့ပါဘူး။
မေး။ ။ ကိုယ့်လိုပဲ နယ်ပယ်အသီးသီးမှာ ကြိုးစားနေကြတဲ့ လူငယ်တွေကို ဘယ်လိုအကြံပေးချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့ထက် ငယ်တဲ့ကလေးတွေပေါ့၊ ကျနော့ဆီမှာ Beat Box လာသင်ကြတယ်။ သူတို့က အောင်မြင်ချင်ကြတယ်။ ဒါပေမယ့် အဲ့ဒီလို အောင်မြင်ဖို့ဆိုတာ ဖြည်းဖြည်းချင်း လုပ်ယူရမှာလေ။ နောက်တခုက မိဘက သဘောမတူတာတွေရှိမယ်။ နောက်ပြီး သူတို့လည်း စိတ်ဓာတ်ကျကြတာ ရှိတယ်။ ကျနော်လည်း အောင်မြင်ဖို့အထိတော့ မရောက်သေးပါဘူး။ အဲ့ဒီတော့ တခုခုကို သေသေချာချာ လေ့ကျင့်၊ သေသေချာချာ နားလည်အောင် လုပ်ပြီးတော့မှ အောင်မြင်အောင် ဆက်ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရည်ရွယ်ချက်ကိုရောက်အောင်တော့ လုပ်ရမှာပေါ့။