အခု သင် ဒီဆောင်းပါးကို ဖတ်နေချိန်မှာတောင်မှ တစက္ကန့်ကို ပျမ်းမျှ ကား ၃ စီးဝန်းကျင် ကမ္ဘာနဲ့အဝှမ်းမှာ ထုတ်လုပ်နေကြပါတယ်။
နှစ်စဉ်ထုတ်လုပ်မှု ကားအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းကတော့ အိမ်စီးကားတွေ ဖြစ်ပြီး ကျန်တဲ့ ၂၆ ရာခိုင်နှုန်းက ကုန်တင်မော်ဒယ်၊ အကြီး၊ အလတ်၊ အသေးစားတွေ၊ ခရီးသည်တင်ကားတွေ ပါပါတယ်။
ဒီနေ့ကမ္ဘာမှာ မော်တော်ကား ထုတ်လုပ်မှု ပုံစံ ၂ မျိုး ရှိပါတယ်။ ပထမ တခုက CBU လို့ ခေါ်တဲ့ Completely Built Vehicle ဖြစ်ပါတယ်။ နောက်တမျိုးက CKD လို့ ခေါ်တဲ့ Completely Knocked Down ပါ။ သူက အစိတ်အပိုင်း တခုချင်းစီ၊ တပိုင်းစီကို တခြားနိုင်ငံက စက်ရုံခွဲတွေကနေ ထုတ်လုပ်ပြီး အချောသတ်စက်ရုံမှာ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ သူ့ကို SKD လို့လည်း ခေါ်ပါတယ်။ Semi-Knocked Down ဖြစ်ပါတယ်။
တနှစ်အတွင်း ကားအစီးရေ သန်း ၆၀ ပြည့်အောင် ထုတ်လုပ်နိုင်ခဲ့မှု မှတ်တမ်းက ၂၀၁၂ ခုနှစ်မှာ တင်နိုင်ခဲ့ပါတယ်။ ဆိုလိုရင်းကတော့ တရက်ကို ကားအစီးရေ ၁၆၅၀ဝ၀ ထုတ်လုပ်နိုင်ခဲ့တာပါ။
လက်ရှိ မော်တော်ကား ထုတ်လုပ်မှု အများဆုံးနိုင်ငံက တရုတ် ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တို့ မြင်နေရတဲ့ ကား ၄ စီးမှာ ၁ စီးက တရုတ်နိုင်ငံကနေ ထုတ်လုပ်ထားပါတယ်။
လူဦးရေ အချိုးအစားအရ G7 နိုင်ငံတွေမှာ လူ ၁၀ဝ၀ အနေနဲ့ ကားပိုင်ဆိုင်မှု အစီးရေ ၇၀ဝ ခန့် ရှိချိန်မှာ တရုတ် နိုင်ငံကတော့ အစီး ၄၀ ခန့်သာ ရှိနေသေးတာပါ။
ဒီနေ့ ကမ္ဘာပေါ်မှာ ကားအစီးရေ ဘယ်လောက်များရှိနေ၊ သုံးနေပါပြီလဲ မေးခွန်းအတွက်ကတော့ အစီးရေ သန်းပေါင်း ၁ ထောင်ကျော်ခန့် ရှိနေပါပြီ။ ဒါဟာ ကမ္ဘာ့လူဦးရေ သန်း ၇ ထောင်ကျော်နဲ့စာရင် လူ ၇ ယောက်မှာ တဦးကျနှုန်း ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်အတွက် ထုတ်လုပ်မှု စုစုပေါင်း အစီးရေ သန်း ၉၀ကျော် ထုတ်လုပ်ခဲ့ပါတယ်။ အတိအကျ ဆိုရင် တော့ ၉၀၇၈၀၅၈၃ စီးပါ။
အဆိုပါ ကားအစီးရေ သန်း ၉၀ကျော်ထဲမှာ တရုတ်နိုင်ငံ တနိုင်ငံတည်းကနေ ထုတ်လုပ်မှု အစီးရေ ၂၄ သန်းခွဲ လောက် ရှိပါတယ်။ သူ့နောက်မှာတော့ အမေရိကန်က အစီးရေ ၁၂ ဒသမ ၁ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်ကတော့ အစီးရေ ၉ ဒသမ ၂၇ သန်းပဲ ထုတ်လုပ်ခဲ့တာပါ။