စာရေးဆရာ – မန်းတင်
စာအုပ်အမည် – မြို့ပိုင်မောင်ပြုံးချို ( ပေါင်းချုပ် )
အမျိုးအစား – ကိုယ်တွေ့မှတ်တမ်းများ
စာရေးဆရာကြီးမန်းတင်ရဲ့ မောင်ပြုံးချိုအတွဲများဖြစ်တဲ့ နယ်ပိုင်မောင်ပြုံးချို၊ မြို့ပိုင်မောင်ပြုံးချို၊ ခရီးသည်မောင်ပြုံးချို၊ မောင်ပြုံးချို၏ ဘဝအထွေထွေ၊ မောင်ပြုံးချို၏ ဆောင်းပါးအထွေထွေ စတဲ့စာအုပ်တွေကို စိတ်ကူးချိုချိုကစုပြီး ရှေ့နောက် အဆက်အစပ် မိအောင် သမီးဖြစ်တဲ့ စာရေးဆရာမ မစန္ဒာရဲ့ စီစဉ်မှုနဲ့ တပေါင်းတည်း ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ မောင်ပြုံးချိုရဲ့ ပြည်သူ့ဝန်ထမ်း တဦးအနေနဲ့ကြုံတွေ့ခဲ့ရတဲ့ ဘဝမျိုးစုံ၊ အတွေ့အကြုံအဖုံဖုံကို ခေါင်းစဉ်ငယ် ၉၆ ခုနဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ စာအုပ်မှာ ဆရာကြီးမောင်ထင်၊ ဒဂုန်တာရာတို့ရဲ့ အမှာစာ၊ ဆရာကြီး မန်းတင်ရဲ့ မိတ်ဆက်စာတွေ အပြင် ဖြည့်စွက်အညွန်းအနေနဲ့ မိုးဂျာနယ်က ဆရာမြင့်သန်းရဲ့ မောင်ပြုံးချိုနှင့် သူ၏ အမိအဘ စာမူကိုလည်း ထည့်သွင်းထားပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၁၀၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မေငြိမ်း
စာအုပ်အမည် – အသံသစ်ပြတိုက်
အမျိုးအစား – အတ္ထုပ္ပတ္တိ
၁၉၉၀ ကျော်နှစ်များက ထုတ်ဝေခဲ့တဲ့ ဆရာမ မေငြိမ်းရဲ့ အသံသစ်ပြတိုက်ကို ရန်ကုန်လမ်းမများ စာပေက ပြန်လည် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ အဲဒီကာလက ဇော်ဝင်းထွဋ်ဆံပင်ရှည် ထားတဲ့အကြောင်းကို စိစစ်ရေးက ဖြတ်တောက်ပါတယ်။ လူငယ်တွေရဲ့ မွန်းကြပ်တဲ့ ခံစားချက်တွေကို ဇော်ဝင်းထွဋ်ရဲ့ ခပ်ပြင်းပြင်းရှော့ခ်သီချင်းတွေက ထွက်ပေါက်လို ဖြစ်စေခဲ့တယ် ဆိုတဲ့ မှတ်ချက်တွေလည်း ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒီအသံသစ် ပြတိုက်မှာ ဇော်ဝင်းထွဋ်ရဲ့ ဂီတမျိုးရိုး၊ မိဘများရဲပံ့ပိုးမှု၊ မိသားစုဘဝ၊ အင်ပါယာအောင် မြင်လာပုံကစလို့ ၁၉၉၅ ခုနှစ် အထိ ဇော်ဝင်းထွဋ်ရဲ့ အောင်မြင်ကျော်ကြားတဲ့ ဂီတဖြတ်သန်းမှုခရီးကို ဖတ်ရှု့ရမှာ ဖြစ်ပါတယ်။ ရန်ကုန်လမ်းမများ စာပေက တန်ဖိုး ၄၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မင်းသူအောင်
စာအုပ်အမည် – လမ်းဆုံလမ်းခွသို့ ရောက်နေသည့် သံဃာ့အဖွဲ့အစည်း
အမျိုးအစား – ဘာသာပြန်
စာအုပ်ခေါင်းစဉ် တွေ့တာနဲ့ ဗုဒ္ဓဘာသာနဲ့ ဘုရားသားတော်ရဟန်းတွေကို ပုတ်ခတ်ထားတဲ့စာအုပ်လို့ အထင်မစောဖို့ ဆရာမင်းသူအောင်က ဆိုပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ သံဃာ့အဖွဲ့အစည်းကို အတွင်းကျကျ ဝေဖန်ထားပြီး အပြုသဘော ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ၊ ပြုပြင်သင့်တဲ့ အားနည်းချက်တွေကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ စာအုပ်မှာ လမ်းဆုံးလမ်းခွသို့ ရောက်နေသည့် သံဃာ့အဖွဲ့အစည်း၊ ဗုဒ္ဓဝါဒ၏ ပြောင်းလဲနေသော မျက်နှာစာ၊ ဗုဒ္ဓဝါဒနှင့် ဒီမိုကရေစီ၊ သိပ္ပံပညာနှင့် ဘဝကူးပြောင်းခြင်း၊ ရာစုသစ်အတွက် ဗုဒ္ဓဝါဒ လူမှုစာရိတ္တ စတဲ့ ဆောင်းပါး ၅ ပုဒ် ပါဝင်ပါတယ်။ လမ်းဆုံလမ်းခွသို့ ရောက်နေသည့် သံဃာ့အဖွဲ့အစည်း စာအုပ် စီစဉ်သူ့စကားမှာတော့ သီရိလင်္ကာနေရာမှာ မြန်မာကို အစားထိုးဖတ်ရှုရင်လည်း အခြေအနေ ကွာဟချက်နည်းတယ်လို့ ဆိုထားပြီး ဗုဒ္ဓ မြတ်စွာသာသနာကို ကာကွယ်တည့်တံ့ ပြန့်ပွားအောင် ဆောင်ရွက်လိုသူတွေ၊ ဆောင်ရွက်နေသူတွေ၊ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်လို့ ညွှန်းထားပါတယ်။ ဒီမိုးစာပေက တန်ဖိုး ၂၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။
စာရေးဆရာ – မောင်ဟုန်ဝမ် ( ကထိက )
စာအုပ်အမည် – သခင်ကိုယ်တော်မှိုင်းနှင့်ကဗျာ
အမျိုးအစား – စာပေ
မြန်မာစာ ကထိကဟောင်း ဆရာကြီးဦးဟုန်ဝမ်ရဲ့ ၁၉၆၉ ခုနှစ် မဟာဝိဇ္ဇာဘွဲ့အတွက် တင်သွင်းခဲ့တဲ့ ကျမ်းကို ပြန်လည် ပုံနှိပ်ထုတ်ေ၀ ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာကြီးဦးလွန်း (သခင်ကိုယ်တော်မှိုင်း)၊ သခင်ကိုယ်တော်မှိုင်းခေတ် နိုင်ငံရေး အခြေအနေ၊ သခင်ကိုယ်တော်မှိုင်းခေတ် မြန်မာ့စီးပွားရေးအခြေအနေ၊ သခင်ကိုယ်တော်မှိုင်းခေတ် မြန်မာ့ယဉ်ကျေးမှု အခြေအနေ၊ နိုင်ငံရေးလေးချိုးများ လေ့လာချက်၊ စီးပွားရေး ထင်ဟပ်ချက်လေးချိုး၊ ယဉ်ကျေးမှု ထင်ဟပ်ချက် လေးချိုးများ၊ ကဗျာ့ဂုဏ်ရည် စတဲ့ အခန်း ၈ ခန်း ပါဝင်ပါတယ်။ ကျမ်းအဖြစ် တင်သွင်းစဉ်က `မင့်စာ အတ္ထုပ္ပတ္တိဆန်တယ်၊ စာအုပ်ထုတ်ရင် ကောင်းမယ်’ လို့ ကျမ်းကြီးကြပ်သူ ဆရာဇော်ဂျီက မှတ်ချက်ခဲ့ဘူးပါတယ်။ ပိတောက်ရနံ့ စာအုပ်တိုက် တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။