မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့တဲ့ Bangkok Night Market (ဘန်ကောက်ညဈေး)ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဇန်နဝါရီလ ၂၁ ရက်မှ ၂၂ ရက်အထိ ၂ ညတာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဘန်ကောက်မှ အစားအစာ၊ အဝတ်အထည်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ တို့အပြင် အမှတ်တရ Handmade ပစ္စည်းများ၊ အရုပ်များ၊ ဖိနပ်နဲ့ အခြားအသုံးအဆောင်ပစ္စည်းများကို သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခဲ့တဲ့အတွက် ကြိတ်ကြိတ်တိုး ဝယ်ယူခဲ့ကြတာကို တွေ့ရပါတယ်။
ပွဲမစခင်ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ညဈေးတန်းတွေရဲ့ပုံစံအတိုင်း ခံစားရမယ်ဆိုတဲ့ သတင်းတွေကြောင့် လူတော်တော်များများ စိတ်ဝင်စားခဲ့ကြတဲ့ပွဲလို့လည်း ဆိုနိုင်ပါတယ်။
ဒါ့အပြင် ပွဲလမ်းသဘင်နဲ့ ဒီလို ဈေးပွဲတော်တွေကို စိတ်ဝင်စားတဲ့ လူကြီးလူငယ်တွေရဲ့ ထုံးစံအတိုင်း ညနေပိုင်း ပွဲချိန်မစခင်ကတည်းက ကြိတ်ကြိတ်တိုး စည်ကားနေခဲ့ပါတယ်။ ပိတ်ရက်လည်း ဖြစ်၊ လူတော်တော်များများ စိတ်ဝင်စားတဲ့ပွဲလည်း ဖြစ်ပြန်တော့ လူဦးရေ ၃၀၀၀ လောက် လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆိုင်ခန်းတွေနဲ့ နေရာထိုင်ခင်းတွေကိုလည်း သပ်သပ်ရပ်ရပ်နဲ့ ပြင်ဆင်ထားတာကို တွေ့ရပြီး ပွဲကျင်းပရာ နေရာက ကျယ်ဝန်းမယ်ဆိုရင်တော့ ချောင်ချောင်ချိချိနဲ့ ပိုပြီးအဆင်ပြေစေမယ်လို့ ယူဆရပါတယ်။
“ဒီလောက် လူအများကြီးလာလိမ့်မယ်လို့ ကိုယ်တိုင်လည်း မမျှော်လင့်ထားဘူး။ ဈေးရောင်းတဲ့သူတွေလည်း အစားအသောက်တွေဆို ပထမနေ့က အယောက် ၅၀၀ စာ၊ တချို့ အယောက် ၈၀၀ စာလောက် ပြင်ဆင်လာကြတယ်။ ဒါပေမယ့် တကယ်တမ်း လာကြတဲ့လူက အရမ်းများလွန်းတော့ မနိုင်မနင်းတွေ ဖြစ်ခဲ့ရတယ်။ ပထမဆုံးအနေနဲ့ စမ်းသပ်ရင်း လုပ်ကြည့်တဲ့ ပွဲလေးဆိုတော့ အတွေ့အကြုံတွေရော နောက်ပွဲမှာ ဘယ်လိုတွေ ပြင်ဆင်ရမလဲဆိုတာပါ ရခဲ့ပါတယ်။ တချို့ဆိုရင် တော်တော် ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်။ ဒီပွဲမှာ ပထမဆုံးမို့လို့ တချို့နေရာတွေ လစ်ဟာခဲ့ပေမယ့် နောက်ပွဲအတွက် ချက်ချင်း အစည်းအဝေးခေါ်ပြီး ကောင်းကောင်းပြင်ဆင်နေပါပြီ” လို့ BKK Night Market Organizer Group မှ မမေမြက ဧရာဝတီကို ပြောပါတယ်။
ဒါ့ထက် ပွဲတွေကို ရောက်ရှိလာကြတဲ့ လူတွေဘက်က “အသက်ရှုကျပ်တာ၊ ဖုန်ထတာ၊ လူများတာပဲ ရှိတယ်။ ဘာမှလည်း ထွေထွေထူးထူးမရှိဘူးဆိုတဲ့ အသံတွေ”၊ “နေရာကျဉ်းလို့ လူတအားများနေတာပါ။ သူတို့ပြင်ဆင်ထားတာလေးက အဆင်ပြေပါတယ်”ဆိုပြီး ဖြည့်တွေး နားလည်ပေးတာတွေလည်း ရှိကြပါတယ်။
Facebook စာမျက်နှာတွေမှာလည်း ပွဲနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုနေကြတာတွေလည်း တွေ့ရပါတယ်။
“လူတွေ တအားများတယ်၊ ဖုန်တွေ ထတယ်၊ အစားအသောက်တွေက ဖုန်တွေထတဲ့ကြားမှာဆိုတော့ သိပ် အဆင်မပြေလှပါဘူး။ နောက်တပွဲကျရင် ဒီပွဲက အတွေ့အကြုံတွေကိုယူပြီး ဒီထက် အဆင်ပြေအောင် စီစဉ်ပေးပါလို့ ပွဲစီစဉ်သူတွေကို အကြံပြုချင်ပါတယ်” လို့ ပွဲကို လာရောက်လည်ပတ်သူ ကိုရှိုင်းက ပြောပါတယ်။
အစက ဝင်ကြေး ၁၀၀၀ ကောက်ဖို့ စီစဉ်ထားပြီးမှ ဝင်ကြေးမကောက်တော့ဘဲ ပြည်သူ့ရင်ပြင်ဝင်ကြေးအဖြစ် ၃၀၀ ကျပ်သာ ပေးရပြီး ဝင်ရတာကလည်း လူများစေတဲ့ အချက်ထဲက တချက်လို့ ထင်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ ထပ်မံပြုလုပ်သွားမယ့် BKK Night Market မှာတော့ ဆိုင်ခန်းပေါင်း ၁၂၀ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး အဆိုပါ ပြည်သူ့ရင်ပြင်ထဲရှိ ကျယ်ဝန်းတဲ့နေရာမှာ ပြုလုပ်ဖို့ ရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။ ဈေးရောင်းသူတွေထဲမှာ ထိုင်းတွေရော မြန်မာတွေပါ ပါဝင်ပြီး လာရောက်လည်ပတ်သူများပြားလို့ လက်မလည်အောင် ရောင်းချရတာကြောင့် ပျော်ရွှင်နေကြတာကို တွေ့ရတဲ့အပြင် နောက်ထပ်ပွဲ အတွက်ကိုလည်း ဆိုင်ခန်းနေရာတွေ ထပ်ယူထားပြီး ဒီထက်ပို ပြင်ဆင်သွားကြမယ်လို့ သိရပါတယ်။