၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာ ကားကုမ္ပဏီများကို အရောင်းပြခန်းများ ဖွင့်ခွင့်ပြုရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။
“အခုက TATA၊ Ford တို့တင်ထားတယ်။ ပေါင်း ၅ ခုလောက်ရှိမယ်။ ဒါပေမယ့် ၆၀ ရာခိုင်နှုန်းလောက် သေချာတာတော့ TATA၊ Ford တို့က သေချာနေတယ်။ ကားအရောင်း ပြခန်းဖွင့်ဖို့ လျှောက်ထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးက ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ကားအရောင်းပြခန်းနှင့်ပတ်သတ်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညိနှိုင်းဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပြီး ၎င်းအချက်အလက်များကို အတည်ပြုမည်ဟု သိရသည်။ ထိုသို့ လုပ်ဆောင်ပြီးပါက လျှောက်ထားသည့်အဖွဲ့ များကို လက်ခံဆောင်ရွက်ခွင့်ပြုမှာဖြစ်ကြောင်း သိရသည်။
“သူတို့ဆီကနေ တိုက်ရိုက်လာဖွင့်တာမျိုးတော့ လက်ခံသွားဖို့ မရှိသေးဘူး။ ဒီကနေ နိုင်င်ငံသားပိုင် ကုမ္ပဏီနဲ့ပေါင်းလုပ်ရမယ်။ နောက်လာဖွင့်တဲ့ show room မှာ သူတို့ ကားပစ္စည်း အပိုပစ္စည်းရောင်းတဲ့ဟာ၊ နောက် ကားပြင်ဆင်တဲ့နေရာတွေပါ ပါဝင်ရမယ်။ ငွေကြေးပမာဏ တင်ပြမှုကတော့ ခုချိန်မှာ ပြောလို့မရသေးဘူး။ နိုင်ငံခြားဘဏ် အကောင့်ကို တင်ပြရမှာတွေ ပါမှာပါ။ နောက် ဖက်စပ်လုပ်မယ့်မြန်မာဘက်ကလည်း ဟိုဘက်ကနေ တရားဝင်ထောက်ခံချက်ပေးတဲ့ အထောက်အထားတွေ တောင်းပါမယ်”ဟု ၎င်းက ပြောသည်။
လတ်တလောတွင် အိန္ဒိယနိုင်ငံမှTATA ကားကုမ္ပဏီနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ APEX GRTEATEST INDUSTRIAL ကုမ္ပဏီလီမိတက်တို့ပူးပေါင်းကာ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်ရန် တင်ပြထားကြောင်း သိရပြီး နာမည်ကျော်ဖို့ဒ် ကားကုမ္ပဏီ (Ford Motor Company) ကလည်း ဒိုင်းမွန်းစတားအုပ်စု ကုမ္ပဏီမှ ဒေါက်တာကိုကိုကြီး၏ Capital Automotive နှင့် ပူးပေါင်းကာ အရောင်းပြခန်းများ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
“မီနီဆလွန်း၊ တိုယိုတာတို့ကလည်း လာဖွင့်ဖို့ ပြောထားတာရှိပေမယ့် မသေချာသေးဘူးပေါ့”ဟု အဆိုပါ အကြီးတန်း အရာရှိတဦးက ပြောသည်။
လက်ရှိ ဖွင့်လှစ်ခွင့်ပြုနေသော ကားစင်တာများမှာ Use car sale center (တပတ်ရစ်ကားအရောင်းပြခန်း) များသာဖြစ် ကြောင်း၊ ယခုဖွင့်လှစ်မည့် ကားအရောင်းပြခန်းများမှာ ကုန်အမှတ်တံဆိပ် သီးသန့်ရောင်းချရမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ရောင်းချနေကြသလို သက်ဆိုင်ရာ ကားထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်သော ကားများကိုသာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီမတိုင်မီ အချိန်အထိ ကုန်အမှတ်တံဆိပ် သီးသန့်ရောင်းချသော ကားအရောင်းပြခန်းများရှိခဲ့ပြီး ဆိုရှယ်လစ် တံခါးပိတ်စီးပွားရေးခေတ်တွင် ဂျပန်ကားတပတ်ရစ်များကို နိုင်ငံခြားတွင် အလုပ်သွားလုပ်သူများ၊ သင်္ဘောသားများမှတဆင့်သာ တင်သွင်းခွင့် ရခဲ့သည်။ ယခု ဦးသိန်းစိန်အစိုးရ လက်ထက်မှ စတင်ကာ အသက် ၁၈ နှစ်ပြည့်သူ မည်သူမဆို နိုင်ငံခြားငွေအကောင့် ဖွင့်နိုင်သူတိုင်း ကားတင်သွင်းခွင့်ပေးခဲ့ပြီး ယခုအခါ ကုန်အမှတ်တံဆိပ် သီးသန့်ရောင်းချသော ကားအရောင်းပြခန်းများ တရားဝင်ဖွင့်ခွင့်ပြုရန် စီစဉ်ခြင်းဖြစ်သည်။