“ဝနာတစ်ခွင်မှာလေ … ရာဇ ပလ္လင်တွေ ဝိုင်းပြီးတော့ တပိုင်းတစစီသာ ကျန်၊ ပစ္စင်ကျုံးမြောင်းတို့ သဏ္ဌာန်၊ မန္တလေးလုံချည်၊ ပိုးလုံချည်တွေ ထွက်တဲ့ ၎င်းအချက်ကျ နေရာပေါ့။ တဘောင်ချို့တဲ့ တောင်မြို့လို့ဆိုပါတော့ … စခန်းမြေသာတယ်၊ လွမ်းဖွယ်ရာအမှန် နှစ်ပေါင်း တစ်ရာကျော်ပြန်၊ အင်းကြီးတောင်သမန် …”
(နန်းတော်ရှေ့ဆရာတင် – တောင်သမန်သီချင်း)
သည်နှစ်မှာတော့ “အင်းကြီးတောင်သမန်” မှာ တိုးရေကြောင့် စောစော ရေပြည့်နေသည်။ တောင်မင်းကြီး ဘုရား ခြေတော်ရင်း ကန်ပတ်လမ်း နံဘေးက ကျောက်သား တမံမှာ တောင်သမန်လှိုင်းက နှုတ်ခမ်းထိအောင် လာပုတ်နေ၏။ အင်းရေတိုးတာ သိသာလာ သောကြောင့် လွန်ခဲ့သော တလခန့် ကပင် “ငှက်” တွေကို ပြင်ဆင်ဖာထေး၊ ဆေး ခြယ်သကြလေပြီ။ ဝါခေါင်လကွယ် တောင်ပြုန်း မင်းညီနောင် ပွဲတော် အပြီး ဝါခေါင် လပြည့်ကျော် ၈ ရက်နေ့ ရတနာ့ဂူ ဘုရားပွဲတော်နှင့် အတူ ကျင်းမည့် မယ်တော် နတ်ပွဲတွင် နတ်နန်း များသို့ “ငှက်” များဖြင့် အပျော် ကူးသန်းကြသည်။
တောင်ပြုန်း ပွဲတော်က မြန်မာ တပြည်လုံး အနယ်နယ် အရပ်ရပ်မှ ပွဲတော် လာသူများဖြင့် စည်ကားသကဲ့သို့ အမရပူရ ရတနာ့ဂူ ပွဲတော်က မန္တလေး မြို့သူမြို့သားများ မြို့လုံးကျွတ်ဆင်နွှဲလေ့ရှိသည့် ပွဲတော်ဖြစ်သည်။ ပွဲတော်ရက် ရောက်လျှင် ကျောက်သွေးတန်းမှာ “တောင်မြို့ကို” “ တောင်မြို့ကို” ဟူသော ဘတ်စ်ကား စပယ်ယာများ၏ ပါစင်ဂျာ ခေါ်သံများ ဆူဆူညံနေသည်။
မန္တလေးသည် ဝါ၊ ဂီ၊ နစ် အနုသုခုမနှင့် ကျွမ်းဝင်သော မြို့ဖြစ်သောအခါ ၁၂ လရာသီ ပွဲတော်တိုင်း “အဆို၊ အတီး၊ အက” ထိုသုံးဝနှင့် မလွတ်တမ်း ဆင်နွှဲနေကျ ဖြစ်၏။ ရွာစားကြီး စိန်ဗေဒါ၊ နန်းတော်ရှေ့ ဆရာတင်၊ မြို့မငြိမ်း၊ မန္တလေး ဦးဘသိန်းစသော ဂီတပညာရှင်ကြီး များ ထွန်းပေါက်ခဲ့ကြသလို သာမန် မန္တလေးသား ကလည်း ရရာတူရိယာများကို အတော်အသင့် တီးတတ်၊ မှုတ်တတ်၊ ရေးတတ်ချွတ်တတ်သူ ချည်းဖြစ်၏။ ထို့အတူ မထွေးလေး၊ မစိန်သုံ၊ လေဘာတီ မမြရင်၊ မြခြေကျင်း မငွေမြိုင်၊ ဩဘာသောင်း စသော ဝါရင့် သမ္ဘာရင့် မင်းသမီးကြီးများ ပေါ်ပေါက်ခဲ့ကြ သလို သာမန် မန္တလေးအရပ်သူ များကလည်း တီးလုံး တီးကွက်၊ ဒိုးဆစ်၊ ဒိုးကွက်များတွင် အချိုးကျကျ၊ လှလှပပ ခြေချိုးလက်ချိုး ကခုန်တတ်ကြ သူချည်းဖြစ်သည်။
ထို့ကြောင့်လည်း တချိန်က မန္တလေး သင်္ကြန် သည် ယခုကဲ့သို့ တီးဝိုင်းနှင့် အဆိုတော်ကို ငွေ သိန်းချီပေးခေါ်ကာ ဖျော်ဖြေစေသည့် “ပုဂ္ဂလိက” ဆန်သော စီးပွား ရေးကြော်ငြာပွဲ မဟုတ်ခဲ့ဘဲ ဦးဦး ဒေါ်ဒေါ်ကိုကို မမ မောင်လေး ညီမလေး များပါမကျန် လှည်းနေ လှေအောင်း မြို့လုံးကျွတ် ရေးစပ်သီဆို၊ တီးမှုတ် ကခုန်ခဲ့ကြသည့် “လူထုသင်္ကြန်”၊ “ပြည်သူ့သင်္ကြန်” အဖြစ် ဂန္ထဝင်တွင် ခဲ့သည် မဟုတ်ပါလော။ သင်္ကြန်ပြီး သော်လည်း “အနုသုခုမပိုး” က မသေ…။ ရိုးတိုးရွတ ကျန်ဆဲဖြစ်ရာ၊ ကဆုန် ညောင်ရေ သွန်းပွဲ၌လည်း တီးမှုတ် ကခုန် ညောင်ရေသွန်း ကြသည်။ ဝါဆိုပန်း ကပ်ပွဲ၌လည်း ဆိုင်ရာ ဆိုင်ရာ ဘုန်းကြီး ကျောင်းများ၌ အတီး အမှုတ် အက အခုန် များနှင့်အတူ ရှာလပတ်ရည် သောက်၊ ည ချင်းသုတ် စားကြရင်း ဝါဆိုပန်း ကပ်ကြသည်။
ဝါခေါင် လဆန်းတော့ တောင်ပြုန်း အတွက် တီးလုံးတိုက် ကြပြန်၏။ ရွှေတချောင်းကလည်း အခုလို အမှိုက်ပိတ်ဆို့ ညစ်ပတ် နံစော်သော ရေဆိုးမြောင်း မဟုတ်။ “ပျားပန်းခတ် သည်တွင်၊ ရောင်းဝယ် ကူးသန်းဟိုစဉ်၊ ချောင်းရွှေလှေ လောင်းစည် ဗုံမောင်းငြိမ့်လွင်၊ မန်းမြို့သူ မူချင်ချင်၊ ဆင်တံတားထိပ် ညောင်ညိုပင်၊ ခေါင်းလျော်ရေချိုး၊ တမျိုးကြည့်လို့ယဉ်” ဟု မြို့မငြိမ်း ရေးစပ်ခဲ့သလို ဆင်တံတားထိပ် ညောင်ညိုပင်အောက် ရေဆိပ်တွင် ဈေးချိုသူများ ခေါင်းလျော် ရေချိုးပြီး သံတံတား ဆိပ်၌ မတ္တရာ ငှက်ပျောလှေတွေ ကြက်တောင်စိုက် ထိုး ဆိုက်ကာ ဈေးချို မတ္တရာကို ရွှေတချောင်း ရေကြောင်းက လှေလောင်းနှင့် ဥဒဟိုသွားလာနိုင် သည်မို့ တောင်ပြုန်း ပွဲအခါ၌လည်း “မြို့မမောင်” များနှင့် အတူ မန္တလေး အပျော်တမ်း တီးဝိုင်းတွေ “အိမ်ကို မြန်မြန်ပြန်ပါ၊ ကလေးတွေငိုကုန်ပြီ….” ဟု သံပြိုင် သီဆို တီးမှုတ်ရင်း ငှက်၊ လောင်းလှေ၊ သမ္ဗန်များနှင့် ချိုးရေတော်သုံး ဆိပ်သို့ တပျော်တပါး သွားခဲ့ကြဖူးသည်။
ရတနာ့ဂူ ပွဲတော်ရောက်ပြီ ဆိုတော့ မန္တလေးသူ၊ မန္တလေးသားတွေ ကိုယ့်မြို့၊ ကိုယ့်ပွဲ၊ ကိုယ့်အရပ်၊ ကိုယ့်ဇာတ်မို့ ပိုမိုသီကျူး၊ တီးမှုတ် ကခုန်ကြဖို့ ပြင်ဆင်သည်။ ပွဲတော်၏ အစည်ကားဆုံးနေ့ ဖြစ်သော ဝါခေါင်လကွယ် နေ့တွင် မန္တလေးမြို့ မြောက်ပြင် အောင်ချမ်းသာ၊ အနောက်ပြင် ညောင်ကွဲ၊ ဖိုးပေကုန်း၊ ထုံးကုန်း၊ လက်ရွေး၊ စိန်ပန်း၊ တောင်ပြင် ဒေါနခြံ၊ ငွေတော်ကျည်ကုန်း၊ အရှေ့ပြင် သမ္မတော၊ ကန်ကောက်၊ ဘူးကုန်း၊ နန်းတော်ရှေ့က အသံစည်ပိုင်းကုန်း စသော အရပ်များမှ နွားလှည်းများက ပေါင်းမိုးကိုယ်စီ ဆင်ကြပြီ။ ဈေးချို ပွဲစားတန်း လှည်းဝိုင်း၊ အိမ်တော်ရာလှည်းဝိုင်း၊ သကျသီဟလှည်းဝိုင်း၊ ဒီဘိုးဝင်း လှည်းဝိုင်းများမှ ကုန်တင်လှည်း အသီးသီး ကလည်း လှည်းစာထိုး၊ နွားစာတင်၊ ပေါင်းမိုးဆင်ကြသည်။
ဝါခေါင် လကွယ် မနက်စောစော ဆွမ်းခံ ထိုင်ကိုယ်တော်ကို ကမန်းကတမ်း ဆွမ်းလောင်းပြီး တီးဝိုင်းတွေ လှည်းပေါ်တင်၊ အသံ ချဲ့စက်ဆင်ပြီး စတင် ပြင်ဆင်ကြသည်။ မန္တလေး အပျိုတသင်းက စူရတီ၊ ဇင်းမယ်၊ ရှန်ဟဲညွန့်၊ မြကြိုးနွယ်၊ ကောင်းကင်စက်၊ ကင်းတပ်၊ ဂျော်ဂျက်၊ ဘရိုကိတ်စသည့် အထည်အဝတ် အသီးသီးရောင်စုံ၊ အမျိုးအစားစုံကို အပြိုင်အဆိုင် ဆင်မြန်းပြီး ရွှေခြေကျင်း ကိုယ်စီ၊ ပုံတော် ကတ္တီပါ ဖိနပ်ကိုယ်စီဖြင့် လှည်းနောက် ခြေတွဲလောင်း ချထိုင်ရမည့် နေရာကို အလုအယက် ဦးကာ လှည်းဆရာ ကာလသား၏ စုပ်သတ် တံပြာဝင့်သံနှင့်အတူ “စံရာတောင်ကျွန်း” ရေကင်းသံနှင့် အတူ “တောင်မြို့” ဆီသို့ လှည်းကိုယ်စီနှင့် အရပ်ကြား၊ ဝင်းကြား၊ လမ်းကြား၊ ပြကြားမှ ဟောတစီး၊ ဟောတစီး ထွက်လာလိုက်ကြ သည်မှာ ဘုရားကြီး အနောက်မုခ် မင်းသားစု ရောက်တော့ လှည်းပေါင်း အစီးရေ ရာချီပြီး သီချင်းသံ တီးမှုတ်သံများ ဘဝဂ်တိုင်တော့သည်။
မျက်နှာပြောင်သော ကာလသား တချို့က အမေရိကန် မြင်းစီး ကောင်းဘွိုင်လို၊ ရက်အင်ဒီယန်း လူနီလူရိုင်းလို၊ ရောမ စစ်သူကြီးလို၊ မြန်မာ သူရဲကောင်း ဗန္ဓုလလို အပီအပြင် အကျအန ဝတ်ဆင်ပြီး မြင်းကိုယ်စီဖြင့် ဟန်ရေးပြ အကြောင်ရိုက်ကာ အပျိုလှည်းနောက် ထပ်ချပ် လိုက်ကြသည်လည်း ရှိသည်။ “ဟဲ့ … နင်ကတော့ ဒီမှာအပျော်ကျူးနေ၊ ကလေးတော့ နို့တိုက်မထားခဲ့ဘူး။ အခု ကွဲကွဲလန် ငိုနေလို့။ ကလေးလိုက်ပေးရတာ” ဟု ကော်ပတ်ရုပ် နီတာရဲအား အနှီးဖြင့် ပွေ့ပြီး လှည်း နောက်က မိန်းမပျိုနောက် တကောက်ကောက် လိုက်ပေးသူလည်း ရှိသည်။
“အမေ၊ အမေ့သမီး ပြောပါဦးဗျ။ ကျနော့်ကျ အိမ်ထဲက အိမ်ပြင် မထွက်နဲ့တဲ့။ သူကျ အခု အပျိုလုပ် ထွက်လည်နေပြီ။ တောင်းရမ်း ယူတုန်း ကတော့ သမီး အလိမ္မာလေးဆို” ဟု လှည်းရံတိုင် ကိုင်ရင်း တတွတ်တွတ် နားညီးအောင် ပြောနေသောသူကို မအေကြီးက ခြေဆောင့်ကာ စိတ်ဆိုးတော့၊ ကိုယ်တော်ချောက “ဘာလဲ ကြီးတော်က မကြီးမငယ်နဲ့ ခြေဆောင့် ပြနေတာ၊ သမီးနဲ့အပြိုင် ရွှေခြေကျင်း ဝတ်ချင်လို့လား၊ ဦးဖိုးချမ်း တရံတော့ရှိလေရဲ့” ဟု ဆိုပြီး ကုလားရွှေ စက္ကူကပ် ခြေကျင်း ဧရာမကြီးထုတ်ကာ ထုတ်ကာပြ၍ မအေကြီးက စိတ်မထိန်းနိုင်ဘဲ ကာလနာ၊ မြွေပွေး နှင့် စုံအောင် ဆဲရေးတော့ ဝါးခနဲ ရယ်ကြ၏။
ဤ လှည်းတန်းကြီးက တောင်သမန် အင်းစောင်း မယ်ဇယ်တန်းတွင် စခန်းချ ရပ်နားကြ၏။ ချက်ပြုတ် စားကြ၏။ သူ့လှည်း၊ ကိုယ့်လှည်း အပြိုင် တီးမှုတ်ကြ၏။ ကာလသား၊ ကာလသမီးများက တောင်သမန်အင်း အတွင်း “ငှက်” စီးကာ နတ်နန်းများသို့ ပန်တော်ပန်း ဆက်ကြ၏။ ကျောက်ပန်းခွေများကို ခေါင်း၌ စွပ်ကာ ကြားဝံ့ နာသာပြီး ပျော်ရွှင်ရယ်မောဖွယ် အပျော်စကား များဖြင့် စပြောင်ကျီစယ်ကြ၏။ ထိုစဉ်က လူကြီးသူမ များပြောဖူးသည်။
“မန္တလေးမှာ သင်္ကြန်၊ တောင်ပြုန်း၊ ရတနာ့ဂူနဲ့ စစ်ကိုင်းတောင်ရိုး ကထိန် တပွဲပွဲမှာမှ မစွံရင် တသက်မစွံတော့ဘူး” တဲ့။
အပျို လူပျို တူ တူမများကို နောက်ပြောင် သလိုလိုနှင့် တပ်လှန့်သည့် စကားဖြစ်သည်။
အခု သင်္ကြန် ပြီးပြီ၊ တောင်ပြုန်း ပြီးပြီ၊ ရတနာ့ဂူပွဲ ပြီးပြီ။ မန္တလေး မြို့ပေါ်သာ မက ဧရာဝတီ ကမ်းအနောက်ဖက် စစ်ကိုင်း တောင်ရိုးပေါ် အထိ ခြိမ့်ခြိမ့်သည်း စည်ကားလေ့ ရှိသော ကထိန်ပွဲကြီး ရောက်ပြီ။ “မန္တလေးမှာ သင်္ကြန်၊ တောင်ပြုံး၊ ရတနာ့ဂူနှင့် စစ်ကိုင်း တောင်ရိုး ကထိန်ပွဲ၊ တစ်ပွဲပွဲမှ မစွံလျှင် တသက် မစွံတော့ဘူး” ဆိုသော လူကြီးတွေ စကားကလည်း အတိတ်မှာ ကျန်ရစ်ပြီ။ ပွဲရှိမှ အပျို လူပျိုတွေ့ ကြတော့တာ မဟုတ်။ ပွဲရှိမှ မန္တလေးသူ မိန်းမပျိုလေး တွေကို လူကြီးတွေက အပြင်လွှတ်တာ မဟုတ်။ ဆိုင်ကယ်တစင်း ရှိလျှင် ဟိုသင်တန်း အကြောင်းပြ၊ ဒီသင်တန်း အကြောင်းပြ၊ ဟိုကျူရှင် အကြောင်းပြ၊ ဒီကျူရှင် အကြောင်းပြ မနက်မိုးလင်းက မိုးချုပ် ယောက်ျားလေး မိန်းကလေး မရွေး၊ အချိန်မရွေး ကြိုက်သလို ထွက်နိုင်သည်။
ညဉ့်နက် သန်းခေါင် ပြန်ရောက်လည်း ကျူရှင်က ပြန်လာတာလို့ပဲ မိဘက သဘောပေါက်သည်။ ပွဲလမ်း ရှိမှ မဟုတ်၊ အအေးဆိုင်မှာ တွေ့နိုင်သည်၊ လက်ဖက်ရည်ဆိုင်မှာ တွေ့နိုင်သည်၊ ဘီယာဆိုင်မှာ တွေ့နိုင်သည်၊ အကင်ဆိုင်မှာ တွေ့နိုင်သည်၊ ကျုံးနံဘေးမှာ တွေ့နိုင်သည်၊ ကန်တော်ကြီးမှာ တွေ့နိုင်သည်၊ မန္တလေး တောင်ပေါ်မှာ တွေ့နိုင်သည်။ ယုတ်စွအဆုံး ကြိုက်သည့် ဟိုတယ်မှာ တွေ့နိုင် သည်။ လွတ်လပ် ပွင့်လင်းသည့်ခေတ် …။
ပြောလို့သာ ပြောတာ၊ သူ့ ဘာသာသူ ဘယ်လိုပုံစံပဲ ပြောင်းပြောင်း သင်္ကြန်ဆိုတာ ပြလို့ရသေးသည်၊ တောင်ပြုံးဆိုတာ ပြလို့ ရသေးသည်၊ ရတနာ့ဂူ ဆိုတာ ပြလို့ရသေးသည်။
အင်း စစ်ကိုင်းတောင် ကထိန် ဆိုတာတော့ ပြလို့ မရတော့။ မန္တလေး မြို့ပေါ်မှာတော့ အနှေးယာဉ် အလုပ်သမားက အစ ပွဲရုံများအလယ် စူပါ မားကတ်ကြီးတွေ အထိ ကထိန်ခင်းသည့် အစဉ်အလာ ကတော့ ရှိပါသေးရဲ့။ နာမည်ကျော် ဈေးချို ကထိန် ဆိုတာလည်း ရှိပါသေးရဲ့။ နှစ်ပေါင်း ရာချီ သက်တမ်းရှိသည့် ဝါးတန်း ကထိန်တို့၊ ဒေါင်းရိုး ကထိန်တို့၊ ပိုက်ကျုံး ကထိန်တို့ စသည်ဖြင့် ရှိပါသေးရဲ့။
အလှူအတန်း ရက်ရောသော ပွဲစားကုန်သည် စက်ပိုင်များ ကထိန်လည်း ရှိပါသေးရဲ့။ ဒါပေမယ့် မန္တလေး ကထိန်နှင့် ယှဉ်တွဲ ထင်ရှား ခဲ့သော စစ်ကိုင်း တောင်ရိုးပေါ်က ကထိန် ညချမ်းများ ကတော့ ပျောက်ကွယ်သွားတာ ကြာပါပြီ။ နက္ခတ်တာရာ စုံလင်စွာဖြင့် ဝင်းပရွှန်းလဲ့ နေသည့် တန်ဆောင်မုန်း လပြည့်ည တရုတ်စကားပွင့် ရနံ့၊ သင်းပျံ့ထုံသော လရောင် စိုစွတ်သည့် စစ်ကိုင်း တောင်ရိုး တောလမ်းလေးတွေ ပေါ်မှာ တူရိယာ အသံ ညှင်းသွဲ့စွာဖြင့် တမိသားနှင့် တမိသား ယခုမှ တွေ့ကြကာ ကြည်နူး ညွတ်နူးစွာ တေးသီကြ၊ ကကြ၊ ရင်းနှီးကြ၊ သံယောဇဉ် တွယ်ခဲ့ကြသည့် ဇာတ်ဝင်ခန်းတွေလည်း ပျောက်ဆုံးခဲ့ပြီ။ ဆယ်စုနှစ် သုံးစုခန့် ရှိရောပေါ့။ လွမ်းပါ့။
စိတ် ယဉ်ကျေးမှု၏ အမှတ်ရဖွယ် ပွဲတော်တွေ ပြန်လည် ဆုံတွေ့ချင်စမ်း ပါဘိ။