မြန်မာကာတွန်း နှစ် ၁၀၀ ပြည့် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပေပြီ။
ရန်ကုန် မင်းဓမ္မလမ်းပေါ်က မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ၂၀၁၅ ဒီဇင်ဘာ ၃၀၊ ၃၁ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့သော မြန်မာကာတွန်း ရာပြည့်ပွဲကြီးက စည်ကားလှသည်ဟု မဆိုနိုင်သော်လည်း ကာတွန်းချစ်သူများနှင့် ကာတွန်းဆရာများ အတွက်တော့ ပျော်စရာကောင်းသည်ဟု ဆိုရပေလိမ့်မည်။
MCC ဆိုသော နေရာက အလှမ်းဝေးသည်၊ သွားလာရ ခက်ခဲသည်၊ ဘတ်စ်ကားလိုင်းများ ရှားပါးသည်၊ ဒီကြားထဲ ကားလမ်းက ထုံးစံအတိုင်း ကြပ်သည်။ ထို့ကြောင့် လာပင် လာချင်ကြသော်ငြား မလာနိုင်သူူက များသည်။ သို့သော် ကာတွန်းချစ်သူများကတော့ တကူးတက မရောက်ရောက်အောင် လာကြပါသည်။
ကာတွန်း ရာပြည့်ပွဲကို အစက မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံကြီးတွင် ကျင်းပရန် စီစဉ်ခဲ့ပါသေးသည်။ သို့သော် ခွင့်ပြုမိန့်ကမကျခဲ့။ ထို့ကြောင့် အဆင်ပြေရာ MCC ခန်းမတွင် ကျင်းပလိုက်ရသည်။
မြန်မာ့ လွတ်လပ်ရေး သမိုင်းတွင် ပယ်ဖျက်၍ မရနိုင်သော ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားသည့််နှစ် ၁၉၁၅ ခုနှစ် ကာတွန်းဆရာကြီး ရွှေတလေး (ဦးဘကလေး) မှ စတင်ခဲ့သည့် မြန်မာကာတွန်းသမိုင်းသည် ခေတ် အဆက်ဆက် မရိုင်းခဲ့။ ဦးဘကလေးတို့ ခေတ်က ဗြိတိသျှ နယ်ချဲ့ တော်လှန်ရေးတွင် အခန်းကဏ္ဍတခု အနေဖြင့် ပါဝင်ခဲ့သည့် မြန်မာ့ ကာတွန်းသည် ခေတ်အဆက်ဆက် တာဝန်ကျေခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ဦးဘကလေး၊ ဦးဟိန်စွန်း၊ ဦးဘဂျမ်း၊ ဦးဘကြည်၊ ဦးဖေသိန်း … မှစ၍ ခေတ်အဆက်ဆက် ကာတွန်းဆရာကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသည့် ခေတ်တွင် ကြုံတွေ့ရသော အကျင့်ပျက် လာဘ်စားမှုများ၊ အလွဲအချော်များကို သရော်ခဲ့သည်။ ယနေ့ ဒီမိုကရေစီ ခေတ်ဦးအထိ ကာတွန်းဆရာများက တိုင်းပြည်ပြုပြင်ရေးတွင် တာဝန်ကျေဆဲဖြစ်သည်ကို တွေ့ရသည်။
ကာတွန်းရာပြည့်ပွဲတော်တွင် လက်ရှိ အကန်တော့ခံ ကာတွန်းဆရာကြီးများ ဖြစ်ကြသော ဦးငွေကြည်၊ ဦးရွှေမင်းသား၊ ဦးမောင်မောင်၊ ဦးမြင့်သိန်း၊ ဦးတွတ်တွတ်၊ ဦးမြေဇာ၊ ဦးအောင်အောင်၊ ဦးသစ်ထွဏ်းစသည့် ကာတွန်းဆရာကြီးများကို အပြုံးကိုယ်စီဖြင့် တွေ့ရသည်။ သူတို့၏ ကာတွန်းလက်ရာများကို ကာတွန်းချစ်သည့် လူငယ်များက အလုအယက် အရယူနေကြသည်မှာ ကြည်နူးဖွယ်။ လူလတ်တန်း ကာတွန်းဆရာများ ဖြစ်ကြသော ကာတွန်းမောင်မောင်အောင်၊ ကာတွန်းဝင်းအောင်၊ ကာတွန်းအော်ပီကျယ် စသူတို့ကတော့ ကာတွန်းရာပြည့် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မမောနိုင် မပန်းနိုင် ဟိုသည်လူးလား ခေါက်တုံ့ ပြေးလွှားနေကြသည်။ လူငယ်ကာတွန်း ဆရာများကလည်း သူတို့ တာဝန်ယူထားရသည့် ကဏ္ဍများအတွက် တာဝန်ကျေရန် သူတို့ထက် အသက်၊ ဝါကြီးသော ကာတွန်းဆရာများနှင့် တိုင်ပင် ကြိုးစားနေကြသည်။ မန္တလေး ကာတွန်းဆရာများလည်း ကာတွန်းရာပြည့်ပွဲတွင် ပြဇာတ်ကကြရမည် ဖြစ်ရာ MCC ဝင်းထဲ ရောက်နေကြပြီ။
ကာတွန်းရာပြည့်ပွဲ ဆင်ယင်ကျင်းပရာ MCC ဝင်းထဲတွင် တခေတ်တခါက ကလေးများ ရင်ထဲ စွဲငြိခဲ့သော ကာတွန်း ဇာတ်ကောင် အရုပ်ကလေးများကို ပြင်ဆင်ပေးထားရာ ထိုကာတွန်းဇာတ်ကောင် ကလေးများဖြင့် ဓာတ်ပုံ တွဲရိုက်နေသူ များကို မြင်ကြရသည်။ ဓာတ်ပုံတွဲရိုက်သူများက ကလေးများထက် ထိုဇာတ်ကောင် ကလေးများဖြင့် အတူကြီးပြင်း လာရသော လက်ရှိ လူကြီးအရွယ်များ ဖြစ်နေသည်က ထူးခြားသည်။ ရွှေဂေါင်းပြောင်၊ ဦးရှံဆား၊ ကမ္ဘာရှား၊ ငထက်ဖျား၊ စံရွှေမြင့်၊ မောင်တီထွင်၊ အရိုင်း၊ ဖိုးဝ၊ ပြာလောင်နှင့် ပြာကလောင် ပြာလချောင် အစရှိသည့် ဇာတ်ကောင် ကလေးများသည် လက်ရှိ အသက် ၄၀ ဝန်းကျင်အရွယ် လူကြီးများအားလုံး ကလေးအရွယ် ပြန်ငယ်သွားစေသော အရုပ်ကလေးများဟု ဆိုလျင် မှားမည်မထင်။
ဒီဇင်ဘာ ၃၀ နှင့် ၃၁ နှစ်ရက်တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကာတွန်းရာပြည့်ပွဲကို ကျင်းပရာ ခန်းမ အဝင်ဝတွင် ကာတွန်းနှင့် ပတ်သက်သည့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ စာအုပ်ဆိုင်များ၊ ကာတွန်းပြခန်း တချို့တို့ကို ခင်းကျင်းထားသည်။ ခန်းမထဲတွင်လည်း ကာတွန်းသမိုင်းနှင့် စပ်ဆိုင်သော ရှားပါးဓာတ်ပုံများနှင့် ကာတွန်းပြခန်း ငယ်လေးများ ရှိသည်။ ခန်းမထဲ အဝင်ဝတွင် အမှတ်တရ လက်မှတ်ရေးထိုးနိုင်ရန် ဗီနိုင်းဘုတ်အဖြူ တခု ထားရှိပေးသည်။
ကာတွန်းရာပြည့်ပွဲသည် အပြင်လူများထက် ကာတွန်းဆရာများ၊ သူတို့၏ ဆွေမျိုး မိတ်သင်္ဂဟများ၊ စာပေအသိုင်းအဝင်းမှ လူများ အများစု ဖြစ်သောကြောင့် တဦးနှင့် တဦး နှုတ်ဆက်ကြ၊ စကားလက်ဆုံကျကြနှင့် မြင်ရသူအဖို့ ပျော်စရာပင် ကောင်းသေးတော့သည်။
၃၀ ရက်နေ့ မနက် ၉ နာရီတွင် ဖွင့်ပွဲ ကျင်းပသည်။ ဖွင့်ပွဲတွင် အကန်တော့ခံ ကာတွန်းဆရာကြီး ဦးရွှေမင်းသားက အဖွင့်အမှာစကား ပြောသည်။ အမှာစကားတွင် ကာတွန်းသမိုင်းကို အကျဉ်းချုပ် ပြောသွားသည်။ ထို့နောက် ကာတွန်းရာပြည့်ပွဲသို့ ရောက်ရှိလာသော ကိုမင်းကိုနိုင်ကလည်း မုဒိတာ စကားပြောခဲ့သေးသည်။ ခေတ်အဆက်ဆက်တွင် ပါဝင်တာဝန်ကျေခဲ့သော ကာတွန်း၏ အခန်းကဏ္ဍ အပါအဝင် ၁၉၇၀ ခုနှစ်ကျော်ကာလများကလို ကလေးများ အတွက် ကာတွန်းများစွာ ရေးဆွဲကြစေလိုကြောင်း ကိုမင်းကိုနိုင်က တိုက်တွန်းသည်။ ယခု လက်ရှိကာလတွင် ကာတွန်းဆရာ အများစုက ခေတ်နှင့် စနစ်ကို သရော်သော၊ ထောက်ပြသော ကာတွန်းများစွာ ရေးဆွဲနိုင်ကြသော်လည်း ကလေးသူငယ် များအတွက် ရေးဆွဲသည့် ကာတွန်းကတော့ နည်းနေသေးသည်ဟု သူက ထောက်ပြပြောဆိုသွားသည်။
အခမ်းအနား ကျင်းပသည့် နှစ်ရက်စလုံးတွင် မြန်မာ့ကာတွန်းနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာတန်းဖတ်ပွဲများကို ကဏ္ဍစုံစွာ ထည့်သွင်းခဲ့သည်။ တက်ရောက်သူ ကြိတ်ကြိတ်ခဲ မဟုတ်သော်လည်း ဟောပြောပွဲ၊ ဆွေးနွေးပွဲ များသို့ တက်ရောက်သူများ အားလုံးမှာ စိတ်ဝင်တစား နားထောင်ကြသည်ကို တွေ့ရသည်။ စာရေးဆရာ မောင်သာချိုက မြန်မာ့ကာတွန်းနှင့် ဘာသာစကား ဆိုသည့် ဟောပြောပွဲတွင် မြန်မာကာတွန်းဆရာ များက ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခဲ့ပုံကို ကဏ္ဍများခွဲ၍ စိတ်ဝင်စားဖွယ်ရာ ပြောသွားသည်။ ကာတွန်း မြေဇာကလည်း မြန်မာ့ကာတွန်းရေစီး ဆိုသည့် ခေါင်းစဉ်နှင့် ခေတ်အဆက်ဆက် တာဝန်ကျေခဲ့သော ကာတွန်းသမိုင်းကို ရှင်းပြပြောဆိုသွားသည်။ စွယ်စုံရ အနုပညာရှင်လည်း ဖြစ်၊ တခေတ်တခါက အရှိန်အဝါကြီးမားခဲ့သော မန္တလေးမှ လူထု သတင်းစာ၏ ပင်တိုင်ကာတွန်းဆရာလည်း ဖြစ်သည့် ဦးဝင်းဖေ၏ ဟောပြောပွဲကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ အွန်လိုင်းကာတွန်းများ အကြောင်း၊ သတင်းကာတွန်းများ အကြောင်း ဆွေးနွေးတင်ပြကြသည့် ဆွေးနွေးပွဲများလည်း ပါဝင်သည်။ တက္ကသိုလ် ဆရာ ဆရာမများ၏ စာတန်းဖတ်ပွဲကလည်း ကာတွန်းနှင့် ပတ်သက်၍ ပြည့်စုံသည်ထက်ပင် လွန်နေသည်ဟုပင် ဆိုရပေလိမ့်မည်။
ဟောပြောပွဲ၊ ဆွေးနွေးပွဲနှင့် စာတန်းဖတ်ပွဲများက မနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိဖြစ်သည်။ ၂ နာရီမှ ညနေ ၅ နာရီ အထိကျတော့ ဖျော်ဖြေပွဲ။ မန္တလေး ကာတွန်းဆရာများ၏ “ငါးနှစ်ထဲပါ မယ်ဥမ္မာ” ပြဇာတ်နှင့် ရန်ကုန် ကာတွန်းဆရာများ၏ “ဗိုလ်ကာတွန်း အငြိမ့်သဘင်” တို့ကို ပျော်ရွှင်စွာ ကြည့်ရှုကြသော ပရိသတ်များကို တွေ့ရသည်မှာ ကြည်နူးဖွယ် ကောင်းလှသည်။
ငါးနှစ်ထဲပါ မယ်ဥမ္မာပြဇာတ်ကို ကပြကြသော မန္တလေး ကာတွန်းဆရာများမှာ တကယ့် ဇာတ်သဘင် တခုလို ခင်းကျင်း ပြသသွားနိုင်သည်။ ရယ်လည်း ရယ်ရ၊ ချစ်စရာလည်း ကောင်းသော သရုပ်ဆောင်ကွက်များကို တွေ့ရသည်။ ပြဇာတ်ပြီးတော့ သရုပ်ဆောင်များက ပြဇာတ်ထဲမှ အဝတ်များ မလဲသေးဘဲ ကာတွန်းဆရာ ကြီးငယ်များနှင့် ဓာတ်ပုံများ တွဲရိုက်ကြသည်။ ဗိုလ်ကာတွန်းအငြိမ့်တွင် ပြက်လုံးများက ကြားနေကြ ပြက်လုံး ခပ်နည်းနည်း၊ ကာတွန်းကွက်များကို ကြည့်နေရလို ခံစားရသော ပြက်လုံးခွင်က ခပ်များများ ဖြစ်သည်။ အငြိမ့်မင်းသမီးအဖြစ် ကပြသူများကလ်း ကာတွန်းဆရာမ ထိပ်ထားလေးနှင့်် ကာတွန်းဆရာ စိုးသော်တာ၏ သမီးငယ် ရှင်းရှင်းသန့်တို့ ဖြစ်သည်။ တက်သုတ်ရိုက် ကျင့်ကြရသော်လည်း အချိုးကျကျ ကပြနိုင်ခဲ့ပါသည်။
သဘောအကျဆုံး ပြက်လုံးကတော့ ဦးရွှေရိုး နေရာပျောက်သွားသော ပြက်လုံးခွင်ဖြစ်သည်။
ဦးရွှေရိုးအကသည် မြန်မာကာတွန်း ဖခင်ကြီး ဦးဘကလေး တီထွင်ခဲ့သည့် အကဖြစ်သည်။ မြန်မာ့ရိုးရာ ပွဲလမ်းသဘင် များတွင် မပါမပြီး ဖြစ်ခဲ့သော ဦးရွှေရိုး အကသည် လက်ရှိအချိန်တွင် နေရာမရတော့ဘဲ တခြားသော ဆူညံသည့် တီးလုံးများ၊ သရုပ်ပျက် အကများက အစားထိုးဝင်ရောက် လာကြောင်းကို သရုပ်ဖော်ထားသည့် ပြက်လုံးခွင် ဖြစ်သည်။ ရယ်လည်းရယ်ရ၊ ဝမ်းနည်းစရာလည်း ကောင်းသည့် ပြက်လုံးပင်။
လက်ရှိအချိန်တွင် မြန်မာကာတွန်းဆရာများ၏ အားထုတ်မှုကြောင့် တသက်တွင် တခါသာ ကြုံရနိုင်သော ကာတွန်း ရာပြည့်ပွဲ ကြီးကတော့ ပြီးသွားပြီ။ မပြီးသေးသည်ကတော့ မြန်မာ့ကာတွန်း အဓွန့်ရှည်ရေး၊ ကာတွန်းရွှေခေတ်သို့ ပြန်ရောက်ရေးဟု မြင်မိပါသည်။ ထို့အတွက်လည်း ကာတွန်းဆရာတို့က ကြိုးပန်းကြလိမ့်မည်ဟု ယုံကြည်သည်။
မြန်မာကာတွန်း ရာပြည့်ပွဲကြီးသည် ကာတွန်းဆရာများ၏ စည်းလုံးမှုပြယုဂ်၊ ထို့အပြင် အတိတ်က ရွှေခေတ် ဖြစ်ခဲ့သော မြန်မာကာတွန်းခေတ် တခေတ် ပြန်လည် ထွန်းကားလာရန် အားယူ၊ အရှိန်ယူနိုင်ခဲ့သော တွန်းအားတရပ်ဟု ယူဆပါသည်။ မြန်မာကာတွန်း နှစ်တရာမှသည် နောက်ထပ် နောက်ထပ် နှစ်များဆီသို့ အောင်မြင်စွာ လှမ်းတက် နိုင်စေရေး ဆုတောင်းပေးပါသည်။