မလေးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Miss Tourism World 2015 ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များနှင့်အတူ မြန်မာအလှမယ် စီစီအေးကိုလည်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။
ပြီးခဲ့တဲ့ သုံးလေးနှစ်ကာလအတောအတွင်း ကမ္ဘာ့အလှမယ်စင်မြင့်တွေထက်မှာ မြန်မာအလှမယ်တွေ အသီးသီး သွားရောက်ယှဉ်ပြိုင်လာကြကာ အဲ့ဒီလို ယှဉ်ပြိုင်လာကြရာဝယ် နိုင်ငံရဲ့ အလှတရား ရိုးရာ ယဉ်ကျေးမှု အနုပညာ ပုံရိပ်တွေကို ဖော်ကျူးရလေ့ရှိတဲ့ အမျိုးသားဝတ်စုံ(National Costume) တို့ကိုလည်း တယောက်တမျိုးမရိုးရလေအောင် ဝတ်ဆင်ယှဉ်ပြိုင်လာခဲ့ကြတာပါ။
အဲ့ဒီလို အမျိုးသားဝတ်စုံတွေအား မြန်မာရဲ့ရိုးရာအလှတရားတွေနဲ့ ဖော်ကျုးကြရာတွင် မြန်မာဒီဇိုင်နာတွေ အနေနဲ့ များသောအားဖြင့် ကချင်ရိုးရာဒီဇိုင်းတွေ၊ မြန်မာထိုင်မသိမ်းဒီဇိုင်မျိုးတွေ၊ ရဝမ်ရိုးရာ၊ ရှမ်းရိုးရာ စသဖြင့် အခြားအခြားသော တိုင်းရင်းသားရိုးရာအလှတရားတွေကို ပုံဖော်ပြသခဲ့ကြရာမှ အခုတခါမှာတော့ အလှမယ် စီစီအေးကိုက ရခိုင်ရိုးရာကိုဖော်ထုတ်ပြသထားတဲ့ အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာလည်း ဖြစ်ပါတယ်။
“ရှေ့ပိုင်းမှာလည်း တခြားတိုင်းရင်းသားရိုးရာတွေကလည်း စုံနေပြီ။ ကျနော်တို့ ပြန်ပြီးလေ့လာလိုက်တဲ့အခါ မှာလေ။ National Costume တွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ တိုင်းရင်းသားတွေထဲကမှ ရခိုင်ရိုးရာ ယဉ်ကျေးမှုကိုမှ ဆန်းဆန်းပြားပြားလေးဖြစ်သွားအောင် ရှိတော့ရှိတယ်။ လူတွေ သိပ်မသိသေးတဲ့ ယဉ်ကျေးမှု အငွေ့အသက် ပုံစံမျိုးလေး သတို့သမီးပုံစံလေးကိုမှ သာမာန်ဝတ်စုံမျိုးမဟုတ်ဘဲနဲ့ ရှေးခေတ်တုန်းက နန်းတွင်း မှာရှိတဲ့ ဘုရင့်သမီးတော်မင်းသမီးလေးတွေရဲ့ မင်္ဂလာပွဲမှာဝတ်တဲ့ ရှေးရိုးရာ သတို့သမီးဝတ်စုံကို ရခိုင်ရိုးရာ ယဉ်ကျေးမှုကို မပျက်စေဘဲ ရှေးသမိုင်းကြောင်းစာအုပ်တွေထဲကနေ ရှာဖွေလေ့လာပြီးမှ ဒီဝတ်စုံလေးကို ဝတ်ဆင်ယှဉ်ပြိုင်စေမှာပါ” လို့ Miss Golden Myanmar Organization ရဲ့ National Director ကိုဝေယံအောင်က ဧရာဝတီကိုပြောပါတယ်။
ရခိုင်ယဉ်ကျေးမှုရှေးရိုးရာ သတို့သမီးဝတ်စုံလေးကို ရခိုင်တိုင်းရင်းသားဒီဇိုင်နာ Shar Tra က ဖန်တီးချုပ်လုပ် ပေးထားတာလည်း ဖြစ်ပါတယ်။
ဘာကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကိုမှ ရွေးချယ်ရလဲဆိုတော့ “ဒီပြိုင်ပွဲဟာ Tourism World ပြိုင်ပွဲဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ မလေးရှားနိုင်ငံမှာ သာမက တကမ္ဘာလုံးမှာရှိတဲ့ ဧည့်သည်တွေက ဒီပြိုင်ပွဲကိုစောင့်ကြည့်နေတယ်။ အထူးသဖြင့် ဒီ အမျိုးသားဝတ်စုံကို တွေ့တဲ့အခါမှာ မြန်မာ့ယဉ်ကျေးမှုသာမက ရခိုင်ရိုးရာ ယဉ်ကျေးမှုကိုပါ ချပြခွင့်ရပြီး သူတို့ပိုစိတ်ဝင်စားလာမယ်။ အဲ့ဒီအခါမှာ ဒီဝတ်စုံဝတ်ထားတဲ့ တိုင်းရင်းသားလူမျိုးတွေ ဘယ်မှာနေထိုင်ကြသလဲ ဆိုတာကို အဲ့ဒီကမှတဆင့် သူတို့နေထိုင်တဲ့ နေရာရဲ့ အလှတရားတွေကိုပါ ပြောပြခွင့် ချပြခွင့်အများကြီးရရှိနိုင်မှာပါဗျ။” လို့ သူက ဆက်ပြောပါတယ်။
ကမ္ဘာ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Miss Tourism World 2015 ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။