ပျော့ပျောင်းသွယ်နွဲ့ပေမယ့်အားကောင်းတဲ့လိုင်းတွေ၊ညွတ်ကြည်ဖွယ်အရောင်နုနုတွေနဲ့ဖွဲ့စည်းဖန်တီးရေးဆွဲထားတဲ့ပန်းချီတင်ဌေးအောင်ရဲ့ Line and Wash ရေဆေးလက်ရာပန်းချီကားတွေကစိတ်ဝင်စားစရာကောင်းသလိုဆန်းသစ်ပေါင်းစပ်ဖန်တီးမှုကရလာတဲ့အနုပညာလက်ရာတွေလို့ဆိုနိုင်ပါတယ်။
တဖန်လိုင်းမပါဘဲရေးဆွဲထားတဲ့ပန်းချီကားတွေကလည်းပန်းချီတင်ဌေးအောင်ရဲ့သီးခြားရေးဆွဲဟန်ကိုမြင်ရစေပြန်ပါတယ်။ပန်းချီတင်ဌေးအောင်ဟာလက်ရှိမှာမန္တလေးအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှာတွဲဖက်ပါမောက္ခ (ပန်းချီ) အဖြစ်တာဝန်ဆောင်လျက်ရှိပါတယ်။
သူဟာတရုတ်နိုင်ငံ၊ဟန်ကျိုးမြို့ရှိတရုတ်အနုပညာအကယ်ဒမီ (China Academy of Art) ကနေရသပန်းချီပါရဂူဘွဲ့ Ph. D (Fine Art) ရရှိအောင်မြင်ခဲ့ပါတယ်။ပန်းချီတင်ဌေးအောင်ရဲ့ဘဝဖြတ်သန်းမှု၊တရုတ်နိုင်ငံပညာတော်သင်အတွေ့အကြုံတွေကိုမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ဘဝမှာပန်းချီအနုပညာနဲ့စတင်ဆက်စပ်ဖြတ်သန်းခဲ့ရတဲ့အကြေင်းလည်းပြောပြပေးပါဦး။
ဖြေ။ ။ကလေးဘဝကတည်းကဝါသနာပါခဲ့တာ၊မူလတန်းဖတ်စာက “ကိုဖိုးတုတ်ပုလွေမှုတ်နေသည်”ကိုဆရာကစာကူးကိုကူးရေးဖို့ခိုင်းတာ၊ကျနော်ကပုံပါထည့်ရေးလို့ဆရာကသဘောကျတာမှတ်မိတယ်။၁၉၉၂ခုနှစ်၊၁၀တန်းမှာတတိယအကြိမ်မြောက်မြန်မာ့ရိုးရာလှေသဘင်ပွဲတော်အထိမ်းအမှတ်ပန်းချီပြိင်ပွဲမှာနိုင်ငံအဆင့်ပထမဆုရခဲ့တယ်။
ရန်ကုန်ပန်းချီပန်းပုကျောင်းကဆရာတွေဖြစ်တဲ့ဆရာဦးကျော်လေး၊ဦးတင်အေး၊ဦးသစ်လွင်စိုးတို့နဲ့တွေ့ခွင့်ရလိုက်တယ်။၁၀တန်းအောင်ရင်ပန်းချီကျောင်းတက်မယ်လို့တွေးထားခဲ့တယ်ပေါ့။၁၀တန်းအောင်တော့သတင်းစာမှာယဉ်ကျေးမှုတက္ကသိုလ်ဖွင့်မယ့်အကြောင်းဆောင်းပါးတွေ့လိုက်ရတယ်။ပန်းချီပဲလျှောက်မယ်လို့ဆုံးဖြတ်ပြီး၁၉၉၃ယဉ်ကျေးမှုတက္ကသိုလ်စဖွင့်တော့ယဉ်ကျေးမှုတက္ကသိုလ်ကိုပဲတက်ခဲ့ပါတယ်။ပန်းချီကျောင်းကဆရာတွေနဲ့ပြန်တွေ့ရတာပါပဲ။ပျော်ရွှင်စွာနဲ့ပန်းချီပညာကိုစနစ်တကျသင်ယူခွင့်ရခဲ့ပါတယ်။
မေး။ ။ပန်းချီအပေါ်အထူးသဖြင့်ရိုးရာကိုပိုပြီးဖန်တီးဖို့အားသန်တယ်လို့ယူဆရပါတယ်။ဘာကြောင့်ရိုးရာကိုပိုအားသန်ဖန်တီးဖြစ်ရတာလဲ။
ဖြေ။ ။တက္ကသိုလ်မှာမြန်မာ့ရိုးရာပန်းချီသင်ရတယ်။ဆရာဦးတင်အေး( မန္တလေး) ကဘာသာရပ်ခေါင်းဆောင်။ကနုတ်ကစသင်ပေးခဲ့တာ။ကနုတ်ရေးရတာပျော်တယ်၊တခြားမေဂျာတွေလည်းရေးရတာပျော်တာပါပဲ။တခြားဘာသာရပ်တွေမှာလည်းအကုန်ဂုဏ်ထူးထွက်ပေမယ့်ရိုးရာကိုပိုအားသန်ခဲ့တယ်။ကျနော်ကျောင်းပြီးတော့ယဉ်ကျေးမှုတက္ကသိုလ်မှာဆရာပြန်ဖြစ်လာတော့အစုံရေးပြ၊သင်ပြပါတယ်။ရေဆေးတော့အရေးများတယ်ပေါ့။
ရိုးရာကတော့ကိုယ်နောက်ပိုင်းရိုးရာဘာသာသင်ပေးရလို့အထိအတွေ့မပြတ်၊စုဆောင်းလေ့လာမှုတွေလည်းလုပ်ခဲ့တယ်။ရိုးရာပန်းချီကားကတော့အခါအားလျော်စွာရေးဖြစ်နေပါတယ်။
မေး။ ။တရုတ်ပန်းချီရဲ့ထူးခြားချက်တွေ၊စိတ်ဝင်စားစရာကောင်းတာတွေကဘာတွေလို့ပြောနိုင်မလဲ။လေ့လာမိသလောက်ပြောပြပါဦး။
ဖြေ။ ။တရုတ်ပန်းချီဆိုရင်တရုတ်ရိုးရာပန်းချီနဲ့အနောက်တိုင်းစနစ်နဲ့ရေးတဲ့ပန်းချီ (ဆီဆေးစသည့်) ခွဲပြောရမှာပါ။တရုတ်မှာရိုးရာပန်းချီကယနေ့အထိရေးဆွဲထွန်းကားနေဆဲပါ။ရိုးရာပန်းချီမှာကိုပဲတောတောင်ရှုခင်း၊ပန်း၊တိရစ္ဆာန်၊လူပုံစသဖြင့် Subject ခွဲထားသလိုအဲဒီထဲမှာပဲ Fine Line Painting နဲ့ Free Brush Painting ဆိုပြီးရေးဆွဲဟန် (၂) မျိုးခွဲထားပါသေးတယ်။ရိုးရာစက္ကူနဲ့ရေးသလိုပိုးစပေါ်မှာရေးတာလည်းရှိပါတယ်။
ယနေ့အထိအမြတ်တနိုးရှိနေကြဆဲဖြစ်သလိုရိုးရာဟန်ဆေးရေးနည်းနဲ့ခေတ်ပေါ်အကြောင်းအရာ၊ခေတ်ပြိုင်ပန်းချီလက်ရာတွေကိုလည်းဖန်တီးတာတွေရှိပါတယ်။အနောက်တိုင်းပန်းချီစနစ် (ဆီဆေး၊ရေဆေးစသည့်) ရေးဟန်ကတော့အများစုရေးဆွဲနေကြတာပါ။ရိုးရာပန်းချီနဲ့အနောက်တိုင်းပန်းချီစနစ်ဆိုပြီး၂မျိုးစလုံးလည်းဈေးကွက်တွေရှိပါတယ်။
တရုတ်ပန်းချီ (ရိုးရာပန်းချီ) ရဲ့စိတ်ဝင်စားစရာကောင်းတာကကျနော့်အမြင်အရဆိုရင်စုတ်တံကိုနိုင်နင်းမှုပါ။စုတ်ရဲ့အဖိအဖော့အမြန်အနှေး၊မင်အနည်းအများပေါ်မှာပန်းချီကားကိုဖန်တီးတာပါ။အဖြူဗလာ Space တွေကိုပန်ချီကားထဲမှာအလုပ်လုပ်နေအောင်ချန်တာလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ Fine line painting မျိုးဆိုရင်တော်ရုံစိတ်တည်ငြိမ်မှုစိတ်ရှည်မှုကျွမ်းကျင်မှုမရှိရင်ရသမြောက်တဲ့ကားမဖြစ်နိုင်ပါဘူး။အနောက်တိုင်းပန်းချီစနစ်အနေနဲ့ပြောရင်တရုတ်မှာဆီဆေးပန်းချီကိုအခရိုင်းလစ်ပန်းချီထက်ပိုတန်ဖိုးထားတယ်ပြောရပါမယ်။
မြန်မာမှာတော့အခရိုင်းလစ်ကိုပိုအရေးများသလိုပဲ။ရေးဟန်အနေနဲ့ကတော့အစုံရေးကြတာပါပဲ။ကျနော်တရုတ်မှာရှိတုန်းကတော့လူပုံဆီဆေးပန်းချီကရှုခင်းထက်ပိုတန်ဖိုးမြင့်တယ်။မော်ဒယ်အစစ်သုံးကြတယ်။မြန်မာမှာတော့လူပုံကိုသီးသန့်ရေးတာထက်ရှုခင်းနဲ့တွဲရေးတာများပြီးမော်ဒယ်သီးသန့်သုံးတာနည်းပါတယ်။
မေး။ ။တက္ကသိုလ်တွေရဲ့ပန်းချီသင်ရိုးလေ့ကျင့်သင်ကြားပေးမှုတွေမှာဘာကွာခြားချက်တွေရှိလဲ။
ဖြေ။ ။တက္ကသိုလ်သင်ရိုးသင်ကြားပုံအနေနဲ့ကွာခြားမှုရှိပါတယ်။ဒီမှာကသီအိုရီရောလက်တွေ့ရောသက်ဆိုင်ရာဘာသာရပ်ဆရာကသင်ရတာ။ဟိုမှာတော့သီအိုရီကိုသီးသန့်သင်တဲ့အတန်းတွေရှိပြီးမေဂျာအချိန်ကဌာနစတူဒီယိုမှာလက်တွေ့ရေးရတာပါ။မော်ဒယ်အရေးများပါတယ်။အနည်းဆုံး၁ပတ်လုံးဒါပဲရေးရတော့လက်ရာကောင်းကောင်းထွက်ပြီးရေးရင်းအသိပိုရပါတယ်။
ဒီမှာတော့ Nude မော်ဒယ်ရေးဖို့မဆိုနဲ့ဦး၊ရိုးရိုးမော်ဒယ်တောင်စီစဉ်ရခက်ပါတယ်။သူတို့ဆီမှာကကျောင်းမတက်ခင်ကတည်းက၇သောင်း၈သောင်းလောက်လူတွေထဲကထောင်ဂဏန်းပဲခေါင်းခေါက်ရွေးရတော့သူတို့ရဲ့လူပုံဖမ်းစွမ်းရည် (Drawing) ကဒီကကျောင်းဆင်းတွေထက်ကောင်းပါတယ်။ဒီမှာကတော့အခြေခံဗီဇပါလာပြီးတကယ်ကြိုးစားသူတွေတော့ထူးချွန်ကြပါတယ်။
တရုတ်ဆရာကြီးတယောက်ပြောဖူးပါတယ်၊ကျောင်းပြီးပြီးချင်းပန်းချီအနုပညာရှင်ကြီးချက်ချင်းတန်းမဖြစ်ပါဘူး၊ရေးတော့ရေးနိုင်ကြတာပေါ့။အခြေခံကောင်းတွေရသွားပြီးနောက်ဆက်ကြိုးစားရှာဖွေနေရဦးမှာတဲ့။စနစ်တကျသင်သွားရင်တော့ကျောင်းပြီးရင်တခုခုရမှာပါ။အဓိကကတော့စိတ်ဓာတ်ပါပဲ။ဒီပညာကိုတကယ်လိုချင်၊တကယ်ချစ်၊တကယ်ကြိုးစားရင်ဖြစ်မှာပါ။ကံဉာဏ်ဝီရိယဆုံရင်တော့ပေါက်မှာပေါ့။ကျောင်းဆင်းတွေပေါက်နေကြတာတွေလည်းတွေ့နေရတာပါပဲ။
ပန်းချီတွဲဖက်ပါမောက္ခဒေါက်တာတင်ဌေးအောင်
-၁၉၇၅ခုနှစ်၊မကွေးတိုင်းအောင်လံမြို့နယ်ညောင်အိုင်ရွာမှာမွေး။၉တန်း၊၁၀တန်းကနေယဉ်ကျေးမှုတက္ကသိုလ်တတိယနှစ်အထိရန်ကင်းပဉ္စနိကာယသာသနဗိမာန်ကျောင်းမှာမှီခိုနေထိုင်ရင်းကျောင်းတက်ခဲ့။
-၁၉၉၇ခုနှစ်မှာယဉ်ကျေးမှုတက္ကသိုလ်ကပန်းချီပညာဘာသာနဲ့ဘွဲ့ကိုပထမအဆင့်ရရှိအောင်မြင်ခဲ့။ကျောင်းမှာနည်းပြဆရာ(Tutor) အဖြစ်တာဝန်ထမ်းဆောင်။
-၂၀ဝ၃ခုနှစ်မှာတရုတ်ပညာတော်သင်ရွေးချယ်ခံရ။တရုတ်နိုင်ငံ၊ China Academy of Art (တရုတ်အနုပညာအကယ်ဒမီ) မှာ၄နှစ်တက်ရောက်ပြီး၂၀ဝ၇မှာ M.A (Oil Painting) ဘွဲ့ရ။
-မန္တလေးပန်းချီပန်းပုကျောင်းအုပ်တာဝန်ထမ်းဆောင်ရ။
-၂၀၁၁မှာတရုတ်ပညာတော်သင်ထပ်မံရွေးချယ်ခံရ။ယခင်တက်ရောက်ခဲ့တဲ့ကျောင်းမှာပဲ၃နှစ်တက်ပြီး၂၀၁၄မှာPh.D( Fine Art) ပါရဂူဘွဲ့ရရှိ။
-မြန်မာပြည်ပြန်ရောက်တဲ့အခါလက်ထောက်ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်။
-၂၀၁၅မှာအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ကိုကထိက (ပန်းချီ) တာဝန်နဲ့ပြောင်းရွှေ့။၂၀၁၆မှာတွဲဖက်ပါမောက္ခ ( ပန်းချီ) တာဝန်ထမ်းဆောင်လျက်ရှိ။