ရတနာမြိုင် တေးသံသွင်းမှ အဆိုတော်သစ်များ ရွေးချယ်ကာ ၁ နှစ်ခွဲ အတွင်း သေချာပေါက် အောင်မြင်ရန် မြေတောင် မြှောက်ပေးမည်ဟု ရတနာမြိုင် တေးသံသွင်းပိုင်ရှင် ဦးချန်ဟိန်း ထံမှ သိရသည်။
အဆိုတော်သစ်များ ရွေးချယ်ရာတွင် ‘ဒိန်ခဲလေးများ’ ဟု အမည်ပေးထားသော အဆိုပြိုင်ပွဲတရပ်ကို မြန်မာ့ ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်၍ အကောင်းဆုံး အဆိုတော်သစ်များ ရွေးချယ် တင်မြောက်ပေးသွားမည်ဟု ဦးချန်ဟိန်းက ပြောသည်။
“တကယ် အဆိုကောင်းတဲ့သူပဲ ရွေးမယ်။ ရုပ်လှတာတွေ၊ ပါဖောမန့်တွေ မပါဘူး။ ဇူလိုင်လကုန်လောက် မြန်မာ့ရုပ်မြင်သံကြား မှာ ပရိုဂရမ်တခု အနေနဲ့ စမယ်။ ခေါင်းစဉ်ကို ဒိန်ခဲလေးများလို့ အကြမ်းဖျဉ်း ပေးထားတယ်။ အနှစ်အရသာ ရှိတဲ့ အဆိုတော် တွေပေါ့။ Audio ကိုပဲ အဓိကထားတော့ ရုပ်ရည်ထက် အဆိုကောင်းတဲ့လူ စစ်စစ်ကိုပဲ ရွေးပါမယ်။မြန်မာ တပြည်လုံး အယောက် ၅၀ လောက် ရွေးမယ်၊ ပြီးမှ အကောင်းဆုံးတွေ ပြန်ရွေးမှာပါ။ တကယ်လည်း အသံကောင်းပြီး တကယ်လည်း ဆိုနိုင်ရမယ်။ ရွေးချယ်ထားရ သူတွေဟာ တနှစ်ခွဲ အတွင်း အောင်မြင်ရမယ်။ ပြိုင်ပွဲကာလကလည်း အနည်းဆုံး ၆ လ လောက် ဖြစ်မယ်” ဟု ၎င်းကဆိုသည်။
ရတနာမြိုင် တေးသံသွင်းက ပြိုင်ပွဲဝင်များအတွက် ဆုကို မသတ်မှတ် ရသေးကြောင်း၊ အရည်အချင်းရှိသော တေးသံရှင် အသစ်များအတွက် အောင်မြင်မှုကို ကျိန်းသေရရှိရန် အာမခံကြောင်း သိရသည်။
“ဆု ကိုတော့ အကောင်းဆုံးဆုလို့ပဲ ရည်ရွယ်ထားတယ်။ ဘာပေးမယ် ဆိုတာမျိုးတော့ မသတ်မှတ်ရသေးဘူး။ အောင်မြင်မှု တနေရာကို ရောက်ကို ရောက်ရမယ်။ အကောင်းဆုံးဆုဆိုပြီး ပေးလိုက်တာမျိုး မလိုချင်ဘူး၊ ဥပမာ ဇော်ပိုင်ကို ရွေးပြီး အခွေထုတ်ပေး ခဲ့တုန်းက ဆိုရင် အကောင်းဆုံးဆု အနေနဲ့ ရွေးခဲ့တာမဟုတ်ဘူး။ သူ ဆုရ၏ မရ၏ စိတ်မဝင်စားဘူး။ တကယ် အဆိုကောင်းလို့ ရွေးခဲ့တာ။ အခုလည်း ဒီအတိုင်းပဲ၊ အဆိုကောင်းတဲ့လူပဲ ဖြစ်ရမယ်။ ဒီကလေးတွေ အောင်မြင်စေချင်လို့ပါ။ ရတနာမြိုင်က ဒီလို အဆိုပြိုင်ပွဲမျိုးကို ပထမဆုံး လုပ်တာပါ။ အဆိုပြိုင်ပွဲ ကတော့ အမြန်ဆုံး လုပ်ဖြစ်မယ်။ စီးရီး ထုတ်ဖို့ကတော့ ဖြည်းဖြည်းမှန်မှန် သွားမယ်။ တကိုယ်တော်ခွေ ထုတ်ပေးမှာပါ” ဟုဦးချန်ဟိန်းက ပြောသည်။
၎င်းအစီအစဉ်နှင့် ပတ်သက်ပြီး တေးသံရှင်ဇော်ပိုင်က “ဒီလို လုပ်ပေးတာ အရမ်းကောင်းပါတယ်။ ရတနာမြိုင်က တကယ် မွေးထုတ် ပေးနိုင်တယ်။ ဦးချန်ဟိန်းက လူတော်တွေကိုသိတဲ့ အမြင်ရှိတယ်။ အနုပညာရှင်ကောင်းတွေ ထွက်လာစေမယ့် အစီအစဉ်ဆိုတော့ ကြိုဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒိန်ခဲလေးများ အဆိုပြိုင်ပွဲကို ဇူလိုင်လတွင် စတင်မည်ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ အဆိုဝါသနာရှင်များ သာမက စီးရီးခွေ ထုတ်ပြီးသူများပါ ပါဝင်ယှဉ်ပြိုင် နိုင်ကြောင်း၊ အရည်အချင်းရှိပြီး အောင်မြင်မှု တနေရာရာကို မရောက်သေးသူများ အားလုံးကို လာရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ကြောင်း၊ စီးရီးခွေများ ခေတ်ကာလ မကောင်းသော အချိန်ဖြစ်သော်လည်း တကယ့် တေးသံရှင် အသစ်များ ပေါ်ထွက်လာရေးအတွက် အချိန်ကုန်ငွေကုန်ခံပြီး ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးချန်ဟိန်းက ရှင်းပြသည်။
ရတနာမြိုင် တေးသံသွင်းသည် ၁၉၈၀ တွင် မော်လမြိုင်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ တွင် ရန်ကုန်၌ အခြေချခဲ့သည်။ စိုးစန္ဒာထွန်း၊ ဘိုဖြူ၊ ဇော်ပိုင်၊ ဖိုးကာ တို့သည် ရတနာမြိုင် တေးသံသွင်းမှ စတင် မြေတောင် မြှောက်ပေးပြီး အောင်မြင်ခဲ့သော တေးသံရှင်များဖြစ်ကြပြီး ၂၀၀၁ တွင် ဖြန့်ခဲ့သော တေးသံရှင်ဇော်ပိုင်၏ ‘မြို့အဝင်ည’ တေးစီးရီးမှာ မြန်မာပြည်တွင် သာမက အာရှတဝန်းရှိ မြန်မာ ပရိသတ်များအထိ ပေါက်ခဲ့သော စီးရီးဖြစ်ခဲ့သည်။
ယခုလည်း Rဇာနည်၏ အဆိပ်တက် အိပ်မက် တေးစီးရီးကို မူပိုင် စီစဉ် ထုတ်လုပ်ပေးခဲ့ကာ တေးရေး ဒါရိုက်တာ ဝင်းမော် (ကွယ်လွန်) ၏ ‘မှ’ အမည်ရ လူစုံပါဝင်သော တေးစီးရီးကိုလည်း ငွေကြေးမယူဘဲ ဖြန့်ချိပေးခဲ့သေးကြောင်း သိရသည်။