ဇွန် ၇ ရက်နေ့မှာ The Sun တေး ထုတ်လုပ်ရေးကနေ ဖြန့်ချိမယ့် အဆိုတော် နေနေရဲ့ စူးဆူးသူ ဗီစီဒီမှာ နေနေ့ရဲ့ ညီမဖြစ်သူ မော်ဒယ်လ် အဆိုတော် ချမ်းချမ်းက သရုပ်ဆောင်ပေးထားပြီး ချမ်းချမ်းရဲ့ချစ်သူ ဘုဏ်းသိုက်ကတော့ ဒီဗီစီဒီမှာ သီချင်း ၃ ပုဒ် လက်ဆောင် ရိုက်ကူးပေးထားတယ်လို့ သိရပါတယ်။
စူးဆူးသူ Audio ကို ၂၀၁၂ ဇန်နဝါရီမှာ ဖြန့်ချိခဲ့ပြီး နေနေရဲ့ နေနေရဲ့ ချစ်သူ တေးသံရှင် လင်းမြိုင် ကလည်း သီချင်းတပုဒ် ဝင်ရောက် သီဆိုပေးထားတာပါ။
ဗီစီဒီ ကိုတော့ သရုပ်ဆောင်များစွာ၊ ဒါရိုက်တာများစွာနဲ့ ပရိသတ်ကို ချပြတော့မှာ ဖြစ်ပါတယ်။ စူးဆူးသူ ဗီစီဒီနဲ့ ပတ်သက်ပြီး နေနေက ပရိသတ်ရဲ့ အားပေးမှုကို မျှော်လင့်နေသလို ပရိသတ်ကိုလည်း ယုံကြည်တယ်လို့ ဆိုပါတယ်။
“ကိုယ့်ရဲစိတ်က ဒီအခွေလေးကို စီဒီမှာ ပရိသတ်ရဲ့ တုန့်ပြန်မှုက နည်းနေသေးတော့ တမျိုးတော့ ခံစားရပါတယ်။ ပရိသတ်တွေကို ယုံပါတယ်။ သူတို့ကလည်း ကိုယ့်အခွေလေးကို စောင့်နေမယ်လို့ ထင်ပါတယ်။ အားပေးမှုကိုလည်း မျှော်လင့်နေပါတယ်” လို့ သူက ပြောပါတယ်။
နေနေရဲ့ စူးဆူးသူ စီဒီမှာ သီချင်း ၁၂ ပုဒ်ပါဝင်ပြီးတေးရေး ရွှေဂျော်ဂျော်၊ အငဲ၊ ဟဲလေး၊ သြရသ၊ နေထိုက်စိုး၊ ကနဲ၊ လင်းမြိုင်၊ နေနေ၊ ဒီထက်တို့က ရေးဖွဲ့ပေးခဲ့တဲ့ တေးသီချင်းတွေထဲမှာ စူးဆူးသူ၊ နိဂုံး ဆိုတဲ့ တေးသီချင်းတွေကို ပရိသတ်တွေ နှစ်သက်ခဲ့ကြပါတယ်။ အခု တနှစ်ကျော်အကြာမှာ ထွက်ရှိလာတော့မယ့် နေနေရဲ့ ဗီစီဒီမှာတော့ ဒါရိုက်တာ သုံးပေါင်၊ ပီတာ၊ ဘုဏ်းသိုက်၊ ကိုရိုး၊ ကိုအောင်၊ အယ်ကြီးတို့က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။
တေးသံရှင်နေနေက သူရဲ့ စီးရီးနဲ့ ပတ်သက်ပြီး “ဒီဆူးစူးသူနဲ့ ပတ်သတ်ပြီး အခက်အခဲကတော့ ညီမဒီကြားထဲမှာ ကြာသွားတာက နယ်တွေမှာ ရှိုးဆိုတယ်ပေါ့၊ ရိုက်တာက နည်းနည်း ကြာသွားတာပေါ့။ အမှတ်တရတွေ ဆိုရင် အများကြီးပဲ ကိုယ်တိုင်ကိုက ရိုက်ကူးရေး လုပ်တာပါ။ ကလောမှာကတော့ ကျမ မပါဘူး။ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်နဲ့ ခရီးထွက်တုန်းက ရိုက်ထားတာ လေးပါ။ တခြားသီချင်းတွေကို ရန်ကုန်မှာပဲ ရိုက်ပါတယ်” လို့ ရှင်းပြပါတယ်။
ဆူးစူးသူ ဗီစီဒီမှာ သရုပ်ဆောင် အဖြစ် နေနေကိုယ်တိုင် ပါဝင်ထားပြီး သရုပ်ဆောင် အရိုင်း၊ ဆန်းထွဋ်၊ ဘုဏ်းသိုက်၊ ရဲသီဟကို၊ မြတ်သူကျော်၊ စည်သူအောင်၊ ဇွဲနောင်၊ ဥက္ကာမင်းသာ၊ အုပ်စိုး၊ လင်းမြိုင်၊ ချမ်းချမ်း၊ ပိုးဒါလီ၊ ဝင့်ယမုံလှိုင်၊ အိမ့်ဖူး၊ ဆုလာဘ်ရွှေစင်၊ ကယ်ရိုလ်လိုင်း၊ နွေဦးကို၊ မီးလေးစတဲ့ သရုပ်ဆောင်တွေကလည်း အားဖြည့် ထားကြပါတယ်။
နေနေရဲ့ ဗီစီဒီမှာ ပါဝင်ထားတဲ့ ချမ်းချမ်းက “နေနေရဲ့ နိဂုံးဆိုတဲ့သီချင်းမှာ သရုပ်ဆောင် ထားပါတယ်။ သီချင်းတော့ တွဲ မဆိုထားပါဘူး။ ညီမ ကလောရောက်တုန်းလေး အဲဒီ သီချင်းလေးလည်း ကြိုက်တာနဲ့ ရိုက်ဖြစ်ခဲ့တာပါ။ ဘုဏ်းသိုက်က ရိုက်ပေးထားပါတယ်။ မနေနေရဲ့ စီးရီးနဲ့ ပတ်သတ်ပြီးတော့ ပရိသတ်တွေလည်း စိတ်တိုင်းကျမယ် ထင်ပါတယ်။ သူနဲ့လိုက်မယ့် သီချင်းတွေပဲ သူ စုစည်းထားတာပါ။ သူ့အသံနဲ့ လိုက်ဖက်တယ် ညီမ ကိုယ်တိုင်လည်း ကြိုက်တယ်၊ ပရိသတ် ကြိုက်မှာပါ။ အားပေးစောင့်မျှော်နေတဲ့ ပရိသတ်တွေကို နေနေ အတွက်ရော၊ နေနေ ရိုက်ထားတဲ့ ဗီစီဒီလေးရော ကြိုးစားထားပါတယ်။ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ချမ်းချမ်းက သူ့ရဲ့ အစ်မ နေနေအတွက် အားပေးစကား ပြောပေးပါတယ်။
ပါဝင် သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်များစွာထဲက MRTV 4 မင်းသမီး အဖြစ် ပရိသတ် သိပြီးသား သရုပ်ဆောင် ဝင်းယမုံလှိုင်ကလည်း “နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ကျမက ဘာကြောင့်များမင်း ဆိုတဲ့ သီချင်းကို သရုပ်ဆောင် ထားပါတယ်။ကျမ သရုပ်ဆောင်တာ အဆွေးသီချင်းပါ။ အဲဒီသီချင်းမှာ ချစ်သူနှစ်ယောက်က တယောက်နဲ့ တယောက် ချစ်ရဲ့သားနဲ့ နားလည်မှု တခုကြောင့် ဝေးသွားတဲ့ပုံစံမျိုး။ အစကတော့ ချစ်သူတွေဖြစ်ပြီး နောက်ပိုင်း ခွဲသွားတဲ့ ပုံစံမျိုး သရုပ်ဆောင် ထားတာပါ။ နေနေရဲ့ စီးရီးမှာ ပါဝင်သရုပ်ဆောင် ရတဲ့အတွက် အရမ်းပျော်တယ်၊ ဘာလို့လဲ ဆိုတော့ အပြင်မှာ မနေနေရဲ့ ပရိသတ် တယောက်ပါပဲ။ တခွေလုံး ကြိုက်တယ်။ ဆူးစူးသူဆိုတဲ့ သီချင်းက အကြိုက်ဆုံးပါ။ မနေနေ ဗီစီဒီမှာ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အရမ်းဝမ်းသာတယ်” လို့ ပြောပြပါတယ်။
တေးသံရှင် နေနေက ၂၀၀၆ ခုနစ် မယ်လိုဒီဝေါလ် အဖွင့်သီချင်းနဲ့ ဂီတလောကထဲ စဝင်ခဲ့ပြီး လမ်းဆုံ အတွဲစီးရီး၊ ရွှေရောင် နေ့ရက်များ အတွဲစီးရီး၊ City FM နှစ်ပတ်လည် စီးရီးတွေမှာလည်း ပါဝင်သီဆိုခဲ့သူ ဖြစ်ပါတယ်။