[irrawaddy_gallery]
စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေသည် ၁၉၉၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါ တက္ကသိုလ်၏ ဖိတ်ကြားချက်ဖြင့် ၃ လတာ သွားရောက်ခဲ့စဉ် ထိုစဉ်က အုပ်ချုပ်သူ စစ်အစိုးရ၏ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့မှုကြောင့် အမေရိကန် နိုင်ငံတွင် ၁၈ နှစ်အကြာ နေထိုင်ခဲ့ရသူဖြစ်သည်။ ယခုလက်ရှိ အစိုးရ လက်ထက်တွင် ပြည်ပရောက် မြန်မာများကို ပြည်ဝင်ခွင့် ပြန်လည် ခွင့်ပြုပေးသည့် အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ရာသီခွင် ပန်းချီကားများကို ရေးဆွဲ၍ ပန်းချီပြပွဲ ခင်းကျင်း ပြသလျှက် ရှိသည်။ ဦးဝင်းဖေသည် မန္တလေးဇာတိ ဖြစ်ပြီး မန္တလေး ပန်းချီပန်းပု ကျောင်းအုပ်ကြီး အဖြစ်လည်း အမှုထမ်းခဲ့သူဖြစ်သည်။ မြန်မာ မော်ဒန်ပန်းချီ ခေတ်ဦးကို ကွယ်လွန်သူ ပန်းချီပေါ်ဦးသက်၊ ပန်းချီခင်မောင်ရင် တို့နှင့်အတူ အစပြုခဲ့သူများထဲတွင် ပါဝင်ခဲ့သည်။ ပန်းချီသာမကဘဲ၊ ကာတွန်း၊ စာပေ၊ ဂီတ၊ ရုပ်ရှင် စသည့် အနုပညာများတွင်လည်း ထူးချွန်သူ၊ လွတ်လပ်စွာ ဖန်တီးသူ အဖြစ်ထင်ရှားသည့် ပန်းချီ ဦးဝင်းဖေကို ဧရာဝတီ ဗီဒီယို သတင်းထောက် ရဲနှောင်းက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဒီပန်းချီကားတွေက ဘယ်တုန်းက ရေးတာလဲ။ ဟိုမှာရေးတာလား ဒီရောက်မှ ရေးတာလား။
ဖြေ။ ။ ဒီရောက်မှရေးတာ။ လွန်ခဲ့တဲ့ နှစ်လကျော်ကျော်လောက်က စရေးပါတယ်။
မေး။ ။ ရာသီခွင်ပုံတွေကို ဒီလို လိုင်းမျိုးနဲ့ ရေးဖြစ်တဲ့ အကြောင်း ပြောပြပါ။
ဖြေ။ ။ ဒီလိုင်းက ကျနော် ရေးနေကျပါပဲ။ အဓိက ဒီပွဲအတွက် ကျနော်ရေးဖြစ်တာက ကျနော် ငယ်ငယ်လေးကတည်းက ရွှေခြည်ထိုး ကိုစိန်မြင့်ဆိုတာ ကျနော်တို့လက်ပေါ်မှာ ကြီးလာတာ။ သူက အာစရိတဲ့၊ အာစရိနဲ့ ပြချင်တယ်တဲ့၊ အဲဒီတော့ ကျနော်က ပြတာပေါ့ကွာ ဆိုပြီး အဲဒါကြောင့် ကျနော် ပန်းချီတွေ ပြန်ရေးဖြစ်သွားတယ် ဆိုပါတော့။
မေး။ ။ ဆရာကြိုက်ခဲ့တဲ့၊ ပြီးတော့ ဆရာတို့ ပန်းချီစရေးခါစက ဆရာ့အပေါ် လွှမ်းမိုးမှု ရှိခဲ့တဲ့ ပြည်တွင်း ပြည်ပက ပန်းချီဆရာတွေကို ပြောပြပါလား။
ဖြေ။ ။ ကျနော်အားကျတဲ့ ပန်းချီဆရာတွေကတော့ များပါတယ်။ ဒါပေမယ့် အဓိကအားဖြင့်တော့ ကျနော်က ကျနော့်ဆရာ တွေပဲ အဓိက ထားတာပါ။ ကျနော့်ဆရာအရင်းဆိုတာ ကျနော်အဖေပဲ။ ကျနော့်အဖေ ရွှေပြည်ဦးဘတင်၊ နောက်ပြီး ကျနော် အထက်တန်းကျောင်း ရောက်တဲ့ အခါကျတော့ အထက်တန်းကျောင်းက ပန်းချီဆရာ ဦးထွန်းညွန့်တဲ့ … နောက်ကျတော့ မြန်မာတပြည်လုံးရဲ့ ပန်းချီ ပညာဝန် ဖြစ်လာတယ်။ အဲဒီကနေပြီးတော့ ၈ တန်း၊ ၉ တန်းလောက်မှာ မန္တလေးက ပန်းချီဆရာကြီး ဦးဘသက်ဆီ ရောက်တယ်။ သူ့ပန်းချီကားတွေ ကျနော်သိပ်ကြိုက်တယ်။ နိုင်ငံတကာက ပန်းချီ ကားတွေကို ကြိုက်တယ်ဆိုပေမယ့် အဓိကကတော့ဗျာ၊ ဆရာကြီး ဦးဘသက်ရဲ့ ကားတွေ ကျနော်သိပ်ကြိုက်တယ်။ ဆရာကြီး ဦးဘသက် ဆီမှာ ကျနော်ရယ်၊ ပေါ်ဦးသက် (ကွယ်လွန်သူ ပန်းချီပေါ်ဦးသက်) ရယ် အတူတူ ပညာသင်ရင်းနဲ့ ဦးဘသက်က ကျနော်တို့ကို ဦးခင်မောင် (ဘဏ်) ဆိုတဲ့ ပန်းချီဆရာကြီး တယောက်ဆီ ထပ်ပြီး အပ်ပေးတယ်။ အပ်တုန်းကတော့ ကျနော်တို့ မသိဘူး၊ နောက်ကျတော့ နိုင်ငံတကာ အတွေးအခေါ်နဲ့ ခံယူချက်တွေကို အသေးစိတ်တွေ သိစေချင်လို့ အပ်တယ်ဆိုတာ နောက်တော့ သဘောပေါက်တာပါပဲ။ အဲဒီတော့ ဒီဆရာကြီးတွေရဲ့ လက်ရာတွေရော၊ သူတို့ အတွေးအခေါ်တွေရော အဓိကအားဖြင့် ကြိုက်တာပါပဲ။ နိုင်ငံတကာက ကြိုက်တဲ့ ပန်းချီဆရာတွေက အများကြီးပေါ့ဗျာ၊ ပြည်တွင်းကလည်း ကြိုက်တဲ့ ပန်းချီဆရာတွေ ရှိပါတယ်၊ မြင်ဆရာ၊ ကြားဆရာ တွေပေါ့။ ဒါပေမယ့် အဓိကကတော့ ဆရာရင်းတွေပေါ့။
မေး။ ။ ဆရာဦးခင်မောင် (ဘဏ်) တို့၊ ဆရာပေါ်ဦးသက်တို့၊ ဆရာတို့ အဲဒီတုန်းက Realism ကနေ လိုင်းသစ်တခုကို ကြိုးပမ်းခဲ့တဲ့ အခြေအနေနဲ့ အခု ဒီနေ့ခေတ်မှာ လက်ရှိ မြန်မာပြည်က ပန်းချီဆရာတွေ နောက်ထပ် လိုင်းသစ်တခုကို အသစ်ရှာဖို့ ကြိုးပမ်းနေကြတဲ့ အခြေအနေ နှစ်ခုကို ဆရာ့အနေနဲ့ နှိုင်းယှဉ်ပြနိုင်မလား။
ဖြေ။ ။ ကျနော်တို့တုန်းက ဆရာ ဦးခင်မောင်က ကျနော်တို့ကို ကမ္ဘာ့အမြင်ပေါ့၊ နောက်ပြီးတော့မှ ပန်းချီနဲ့ ပတ်သက်တဲ့ ခံယူချက် အမြင်ပေါ့၊ အဲဒီလို အနေအထားကိုပဲ သင်တယ်ဗျ။ ကျနော်တို့ကို လိုင်းသစ်၊ လိုင်းဟောင်းအနေနဲ့ သူက အသုံးအနှုံးလည်း နည်းတယ်၊ အဲဒီသဘောတရားတွေလည်း မသင်ဘူး။ ကျနော်တို့ လိုင်းအသစ် ထွင်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုး မဟုတ်ဘူးဗျ။ အဲဒီလိုလည်း မတိုက်တွန်းဘူး။ သူတိုက်တွန်းတာက ကျနော်ရယ်၊ ပေါ်ဦးသက်ရယ်၊ ခင်မောင်ရင်ရယ် နောက် ဒီ့ပြင် ပန်းချီဆရာတွေရောပေါ့ … သူက ပန်းချီရေးတဲ့နေရာမှာ လွတ်လွတ်လပ်လပ် တွေးခေါ်ဖို့၊ ရဲရဲရင့်ရင့် တွေးခေါ်ဖို့၊ ပြီးတော့မှ ရိုးရိုးသားသား၊ ပြတ်ပြတ်သားသား တွေးခေါ်ဖို့ … အဲဒီလိုဟာတွေကို သင်တာဗျ။ သင်ပြီးတော့မှာ လိုင်းတွေလို့ ပြောရမယ့် Ism ဆိုတဲ့ ဝါဒတွေရှိတယ်၊ အဲဒီ ဝါဒတွေ အပေါ်မှာ အသားပေး ဇောင်းပေးပြီးတော့ မသင်ဘူးဗျ။ သူက အတွေးအခေါ် သဘောတရားတွေကို သင်တာ။ အဲဒီတော့ ကျနော် မျိုးဆက်သစ်တွေကို ပြောမယ်ဆိုရင် လွတ်လွတ်လပ်လပ် တွေးပါ၊ ကျယ်ကျယ်ပြန့်ပြန့်တွေးပါ၊ နက်နက်ရှိုင်းရှိုင်းတွေးပါ၊ ရိုးရိုးသားသား တွေးပါ၊ ဒါတွေပဲ ကျနော် ပြောချင်တယ်။
မေး။ ။ အခု ခေတ်ပြိုင် အနုပညာရှင်တွေလုပ်နေတဲ့ ပါဖော့မန့်တို့၊ အင်စတော်လေးရှင်းတို့ … အဲဒီအပေါ်မှာ ဆရာ့ရဲ့ အမြင်ကို ပြောပါဦး။
ဖြေ။ ။ အဲဒါတွေက ဘာလဲလို့ဆိုတော့ ဒီ အနုပညာ နယ်ပယ် အသီးသီးမှာ တတ်နိုင်သလောက် ကျယ်ပြန့်အောင် ချဲ့ကြတယ်ဗျ။ အနုပညာ နယ်ကို မကားကားအောင်လို့ စာရေးတာက စာရေးတာ မဟုတ်တော့ဘူး၊ ဆိုတာတီးတာ Music က အဲဒါမဟုတ်တော့ဘဲ ချဲ့ကြတယ်။ အဲဒီတော့ကာ … ပန်းချီနယ်ပယ်ကို ချဲ့ထွင်ရာမှာ အခု ဒီနေ့ ခေတ်စားနေတဲ့ နယ်စည်းမခြား ဆိုတဲ့ စကားလုံးလို နယ်တွေကျော်ပြီးတော့ ချဲ့တဲ့ အနေအထားကို ရောက်လာတယ်။ ပန်းချီရေးတယ် ဆိုတာကွာ … စုတ်နဲ့၊ ဆေးနဲ့ ကင်းဗတ်စ်ပေါ်မှာတင် ရေးတာ မဟုတ်တော့ဘူး။ လူကိုယ်တိုင်ကိုပဲ ဘယ်လိုလုပ်ပြမယ်ပေါ့၊ အင်စတော်လေးရှင်းဆိုရင် ပစ္စည်းတွေကို ပန်းလိုချပြလိုက်မယ်ဟေ့၊ ကင်းဗတ်စ်တွေ၊ ဆေးတွေတင် မဟုတ်တော့ဘူး၊ ဒါအထိ လုပ်တယ်ကွာ ဆိုပြီးတော့ နယ်ကျော်ပြီးတော့ကို ချဲ့လိုက်တာ။ နယ်ကို တတ်နိုင်သမျှ တိုးကျယ်လာအောင် ချဲ့တဲ့ သဘောပေါ့ဗျာ။ ဒါပါပဲ။
မေး။ ။ ဆရာ ဝတ္ထုရေးတယ်၊ ရုပ်ရှင်ရိုက်တယ်၊ ဂီတဖန်တီးတယ်၊ ပန်းချီဆွဲတယ်၊ အဲဒါတွေက ဆရာ့အတွက် တခုနဲ့တခု စပ်ဆက်နေလား။
ဖြေ။ ။ အကြီးအကျယ်ပဲ …။ ရှိသမျှ အနုပညာတွေအားလုံးက တခုနဲ့တခုက အခြေခံတွေရော၊ Language သဘောတရား တွေမှာရော အကုန်လုံး စပ်ဆက်တယ်ဗျ။ အတူတူပါပဲ၊ ကျနော် ပန်းချီရေးတာပဲ ဖြစ်ဖြစ်၊ ဂီတလုပ်တာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ရိုက်တာပဲ ဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ် အကုန်လုံး ဆက်နွှယ်နေတယ်။ ဆက်နွှယ်နေတော့ ဘာတွေလဲဆိုတော့ ကျနော် လွတ်လွတ်လပ်လပ် နေတယ်၊ နောက်ပြီးတော့ ရဲရဲရင့်ရင့် ကျယ်ကျယ်ပြန့်ပြန့် ကျနော် တတ်နိုင်သမျှ အကုန်လုံးရရင် အကုန်ပေါ့ဗျာ၊ တခါတလေလည်း မလွတ်လပ် ချင်ဘူးဗျ။ တခါတလေလည်း သိပ်မကျယ်ပြန့်ချင်ဘူး၊ ဒါ ကျနော့် ဆန္ဒအရ ဖြစ်လာလို့ရှိရင် ဒါ အိုကေပဲ။ လက်ခံတာပဲ။ မလွတ်လပ်ချင်တဲ့ စိတ်ဟာ လွတ်လပ်ခြင်း ခေါင်းစည်းရဲ့ အောက်မှာ ရှိနေတတ်တယ်ဗျ။ ကျနော် ဒါကို ပြောချင်တာပါ။
မေး။ ။ အနုပညာသမား တဦးအတွက် လွတ်လပ်မှုဟာ ဘယ်လောက် အတိုင်းအတာအထိ လိုအပ်သလဲ။ စိတ်လွတ်လပ်မှု၊ ကိုယ် လွတ်လပ်မှုပေါ့။
ဖြေ။ ။ အကုန်လုံးကို လွတ်လပ်ခွင့်က သိပ်အရေးကြီးတယ်။ မလွတ်လပ်ဘဲနဲ့ ဘယ်အနုပညာမှ ထိထိရောက်ရောက် ဖြစ်အောင် မလုပ်နိုင်ပါဘူး။ မလွတ်လပ်ဘဲနဲ့ လုပ်ရတဲ့ အနုပညာဆိုရင် အနည်းနဲ့အများ ကျဉ်းကျပ်ပြီးတော့၊ ကျဉ်းမြောင်း နေမှာပါပဲ။
မေး။ ။ ဆရာက မန္တလေး ပန်းချီပန်းပု ကျောင်းမှာ ကျောင်းအုပ်လုပ်ခဲ့ဖူးတယ် ဆိုတော့ အခုလက်ရှိ ကျနော်တို့ ဆီမှာရှိတဲ့ မန္တလေးနဲ့ ရန်ကုန်က ပန်းချီပန်းပု ကျောင်းတွေ၊ တက္ကသိုလ်တွေ … အဲဒီကျောင်းတွေက တကယ်အနုပညာလိုက်စား သူတွေအတွက် အားကိုးရလောက်တဲ့ ကျောင်းတွေလို့ ဆရာ မြင်ပါသလား။
ဖြေ။ ။ အဲဒါကို ကျနော်အခု နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေတော့ ကျနော် မသိဘူးဗျ။ အထွေထွေ အခြေအနေ ပြောရရင် ကျနော်တို့ လုပ်ခဲ့ ကိုင်ခဲ့ရတဲ့ ခေတ်ကတည်းက အနုပညာပေါ့လေ … Art Education ဆိုတာကို အာဏာပိုင်တွေ အနေနဲ့ ကိုက အလေးအနက် သဘောမပေါက်ဘူးဗျ။ သဘောပေါက်ချင်စိတ်လည်း မရှိသလို သဘောပေါက်ဖို့လည်း မကြိုးစားဘူး။ ဒါသေချာတယ်။ အခုအခြေအနေဟာ ကျနော်က ထိတွေ့မှု နည်းပါးတဲ့အတွက် ကောင်း၏ ဆိုး၏ နှစ်ခုစလုံးကို ကျနော် မပြောချင်ဘူး။ ကျနော် ပြောခွင့်လည်း မရှိဘူး။ မပြောနိုင်ပါဘူး။
မေး။ ။ နောက်ကော ဆရာ ဒီလိုပြပွဲတွေ လုပ်ဖို့ အစီအစဉ် ရှိသေးလား။
ဖြေ။ ။ ရှိပါတယ်။ ကျနော်ရေးနိုင်ရင် ရေးနိုင်သလောက်တော့ ပြခွင့်ရမယ်၊ ပြခွင့်သာမယ် ဆိုရင်တော့ ပြမှာပါ။
မေး။ ။ ဆရာ ကာတွန်းတွေကော ဆွဲဖြစ်ဦးမှာလား။
ဖြေ။ ။ ကာတွန်းတွေလည်း ကြုံရင်တော့ ဆွဲဖြစ်မှာပါပဲ။ ကျနော် ဝါသနာဗျ။ ကာတွန်းရေးတော့ ကျနော်လုပ်စားတဲ့ ဟာက သုံးပုံတပုံပဲ၊ သုံးပုံနှစ်ပုံက ကျနော် ဝါသနာပါလို့ ဆွဲတာ။
မေး။ ။ ဆရာမြို့မငြိမ်းပုံကို ဆရာပေါ်ဦးသက်နဲ့ ဆရာနဲ့ စကက်ချ် ရေးကြတုန်းက အဲဒီစကက်ချ်က ဆရာတို့ နှစ်ယောက်စလုံး ရေးတာ တထပ်တည်း တူနေတယ်။
ဖြေ။ ။ တူမှာပေါ့ဗျ။ အဲဒါ ဓာတ်ပုံက ကြည့်ဆွဲတာကိုး။
မေး။ ။ လိုင်းကအစ တူတယ်။ ဆရာပေါ်ဦးသက် ပထမအကြိမ် POT စာအုပ် ထွက်တုန်းက ဆရာရေးတဲ့ပုံတောင် မှားပါလာသေးတယ်၊ WP ဆိုတဲ့ လက်မှတ်နဲ့။
ဖြေ။ ။ အဲဒီပုံကို ရေးတော့ ကျနော်က စရေးတာ။ မြို့မငြိမ်းက ပေါ်ဦးသက် ယောက္ခမ၊ ဒါပေမယ့် လူထု ဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာရှင် စာမူအတွက် သရုပ်ဖော်ဖို့က ကျနော့်အလှည့် ဖြစ်နေတယ်။ သူ့ယောက္ခမ ဖြစ်ပေမယ့် အဲဒီပုံက ကျနော်ဆွဲရတယ်၊ ကျနော်ရေးပြီးတော့မှ နောက်ကျတော့ သူ့ယောက္ခမလည်း ဖြစ်တယ်၊ သူကလည်း Portrait ရေးတဲ့လူဆိုတော့ သူကလည်း ထပ်ရေးတာပေါ့။ သွားတူနေတာတော့ ဒီပုံတပုံတည်းကနေ ရေးကြတာကိုးဗျ။ သွားတူနေတာပေါ့။
မေး။ ။ ဆရာ့အနေနဲ့ ဘာများ ထပ်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တော့ ကျနော့်ယုံကြည်ချက်ပဲ ပြောချင်တာဗျ။ အထူးသဖြင့်ပေါ့ဗျာ ပန်းချီ၊ အခုမျိုးဆက်သစ်တွေ အားနဲ့ မာန်နဲ့ လွတ်လပ်မှုလည်း ပိုများလာတယ်၊ လှုပ်ရှားမှုတွေလည်း ပိုများလာတယ်၊ နောက် အရည်အသွေးကော၊ အရေအတွက်ကော မြင့်လာတယ်၊ တက်လာတယ်လို့ ကျနော် ယူဆတယ်ဗျ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော် ပေးချင်တာ ကတော့ သူတို့လည်း သိပြီးသားပဲ။ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကြပါစေ၊ တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် နက်နက် ရှိုင်းရှိုင်း လှုပ်ရှားနိုင်ကြပါစေ၊ တတ်နိုင်သမျှ ပျော်ပျော်ပါးပါးနဲ့ လန်းလန်းဆန်းဆန်း ရှိကြပါစေလို့ ကျနော် ဒီစကားပဲ ပြောချင်ပါတယ်။ ။