ကချင်စစ်ဘေးဒုက္ခသည်များအတွက် ကျင်းပမယ့် ငြိမ်းချမ်းရေးပွဲတော် ရံပုံငွေပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ဇူလိုင် ၂၇၊ ၂၈ ရက်နေ့တွေမှာ သိုက်သိုက်မြိုက်မြိုက် ကျင်းပပါတော့မယ်။
ရံပုံငွေပွဲမှာ ရရှိမယ့် ငွေများအားလုံးကို ကချင်စစ်ဘေးသင့် ဒေသများသို့ တပြားမကျန် သွားရောက်လှုဒါန်းမယ်လို့ စီစဉ်သူများက ဆိုပါတယ်။
ငြိမ်းချမ်းရေးပွဲတော် ပထမရက်ဖြစ်တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ဇာတ်မင်းသားကြီး နန်းဝင်း အဖွဲ့ရဲ့ ” ငြိမ်းချမ်းရေး ရောဟိနီ” ပြဇာတ်၊ ဒါရိုက်တာကျော်ဇောလင်းရဲ့ ” မြေဇာပင်” ပြဇာတ်၊ ဇာတ်မင်းသား ဖိုးချစ်ရဲ့ နှစ်ပါးသွားဖျော်ဖြေမှု၊ လူရွှင်တော် အဖွဲ့များဖြစ်တဲ့ 5 stars ၊ ဟားငါးကောင်၊ DJ၊ စုဗူး၊ သီးလေးသီး၊ ရွှေညီအကို၊ ဧရာကျော်ထူး အဖွဲ့ ၇ ဖွဲ့ရဲ့ တခန်းရပ်ပြဇာတ်များကို တင်ဆက်ကြမှာဖြစ်ပါတယ်။
ဒါ့အပြင် Metal Zone တေးဂီတအဖွဲ့၊ Peace Music Group တေးဂီတအဖွဲ့၊ Big Bag တေးဂီတအဖွဲ့တို့နဲ့အတူ တေးသံရှင် ဇော်ပိုင်၊ Lလွန်းဝါ၊ စောဖိုးခွား၊ ကျားပေါက်၊ မီးမီးခဲ၊ ချစ်သုဝေ၊ ချမ်းချမ်း၊ ပရော့ဂျက် ဝမ်းအဖွဲ့၊ ဆိုင်ကလုံးအဖွဲ့၊ Fire Creker အဖွဲ့ တို့က တေးဂီတအစီအစဉ်များနဲ့ တင်ဆက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
Metal Zone တေးဂီတအဖွဲ့က တေးသံရှင် ၇ဦး ရဲ့ ဖျော်ဖြေမှုကို တီးခတ်ပေးရမှာဖြစ်ပြီး ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာတယ်လို့ Metal Zone ရဲ့ ဘေ့စ်ဂစ်တာ ကိုဖိုးဇော်က ပြောပြပါတယ်။
ပါဝင်တင်ဆက်မယ့် Big Bag အဖွဲ့က ထူးထူးခြားခြား ဖျော်ဖြေနိုင်အောင် Orchestar သံစုံ တီးဝိုင်းများနဲ့ သူတို့ရဲ့ ပန့်ရောခ် တေးဂီတ တွေကို ရောစပ် ဖျော်ဖြေမှာဖြစ်တယ်လို့ Big Bag အဖွဲ့မှ ဗီနိုထွန်းဆီက သိရပါတယ်။
အမျိုးသမီး တေးသံရှင် နီနီခင်ဇော်ကတော့ အရင်က ဇူလိုင် ၂၈ ဒုတိယနေ့မှာ ပါဝင်ဖျော်ဖြေဖို့ လက်ခံထားခဲ့ပေမယ့် ဇူလိုင် ၂၇ ရက်နေ့ ပြောင်းလိုက်တဲ့ အတွက် အရေးကြီး အလုပ် ကိစ္စတခုနဲ့ တိုင်ဆိုင်နေလို့ စိတ်မကောင်းစွာ ဖျက်လိုက်ရတယ်လို့ နီနီခင်ဇော်က ပြောပါတယ်။
ဇူလိုင် ၂၈ မှာတော့ အိုင်းရင်းခရော့ခ် တေးဂီတအဖွဲ့တဖွဲ့ထဲကပဲ ၃နာရီခွဲစာလောက် ဖျော်ဖြေမှာဖြစ်ပြီး ပင်တိုင်တေးသံရှင်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့က သီဆိုကြမှာဖြစ်ပါတယ်။ ဒီပွဲမှာ ပါဝင်ဖို့ ဦးဇာဂနာ ကပဲ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီပွဲ အတွက် အနုပညာရှင်တွေအားလုံးက မေတ္တာနဲ့ကူညီခဲ့တာဖြစ်တယ်လို့ IC တေးဂီတရဲ့ မန်နေဂျာ၊ ကိုညီညီဆီက သိရပါတယ်။
ငြိမ်းချမ်းရေးပွဲတော်နဲ့ပတ်သက်ပြီး ဦးစီး စီစဉ်သူ ဦးဇာဂနာက “အနုပညာရှင်တွေရဲ့ အလုပ်က သူတို့ နိုင်သလောက် တာဝန်ထဲကမှ ဒါကို တောင်းဆိုပေးတာ၊ အသံထွက် ပေးတာပါ။ အနုပညာသည် ဆိုတာကတော့ တာဝန်တခုအရ ဟိုဘက်ခေတ်တွေတုန်းက အစိုးရ ခိုင်းတဲ့ဟာတွေချည်းပဲ သူတို့လုပ်တဲ့ သဘော ရှိတာကိုး။ အခုဟာက ခိုင်းလို့ လုပ်တာ မဟုတ်ဘဲနဲ့ ကိုယ့်စိတ်သဘောထဲကကို ဒါဟာ အသံထွက်ပေးဖို့လိုပြီ၊ တိုင်းပြည်မှာ ငြိမ်းချမ်းရေး အတွက်ကို အနုပညာရှင်တွေကိုယ်တိုင်က မဟုတ်တာတွေ လျှောက်ပြီး လုပ်နေကြမယ့်အစား၊ တတိုင်းပြည်လုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ့်ဟာကို အနုပညာရှင်မှန်ရင် ထိပ်ဆုံးကနေ၊ ရှေ့ဆုံးကနေ တောင်းဆိုသင့်ပြီလို့ အနုပညာရှင်တွေ အားလုံး ကလည်း ယုံကြည်သွားပြီ၊ လုပ်မယ်ဆိုတဲ့ ဆန္ဒလည်း သူတို့ဆီမှာရှိသွားပြီ။ အဲဒီအတွက်ကြောင့် ဒီဟာကတော့ အတိုင်းအတာ တခုအနေနဲ့ နှိုးဆော်တဲ့ အသံဖြစ်သွားမှာပါ” လို့ ပြောပါတယ်။
ကြိုတင် လှုဒါန်းလိုသူများ၊ ပွဲတော်ရက်များမှာ လှုဒါန်းလိုသူများ အားလုံးအတွက် ဘဏ် ၃ ခုနှင့် ချိတ်ဆက်လှုဒါန်းနိုင်ကြောင်း သိရပါတယ်။ အလှုရှင်များအနေနဲ့ ၁) ထွန်းဖောင်ဒေးရှင်းဘဏ် ၊ အကောင့်နံပါတ် ST 1287/3500 1287 ၊ အကောင့်အမည် Myanmar Peace Fund၊ အကောင့် အမျိုးအစား Saving ။ ၂) ကမ္ဘောဇဘဏ်၊ အကောင့်နံပါတ် 021 123 000 2848၊ အကောင့်အမည် Myanmar Peace Fund၊ အကောင့် အမျိုးအစား Saving ။ ၃) AGD ဘဏ် အကောင့်နံပါတ် 302 123 000 0836 ၊ အကောင့်အမည် Myanmar Peace Fund၊ အကောင့် အမျိုးအစား Saving တွေဆီ လှုဒါန်းနိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဖုန်းနံပါတ် ၀၉-၄၂၀-၃၀ ၈၈၀၁။ ၀၉-၃၁၂-၉၉၃၇၂။ ၀၉-၃၁၂-၅၉၆၁၉။ ၀၉-၇၃၁-၇၂၀၁၂။ ၀၉-၇၃၁-၀၂၄၈၂ စတဲ့ ဖုန်း ၅ လုံးကိုလည်း ဆက်သွယ်လှုဒါန်းနိုင်ပါတယ်။
ငြိမ်းချမ်းရေးပွဲတော် ဖျော်ဖြေမှုတွေကို Sky Net ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးပွဲတော်ဖျော်ဖြေပွဲ လက်မှတ်များကို ကျပ် ၃သောင်း၊ ၂သောင်း၊ ၁သောင်း၊ ၆၅၀၀ ကျပ်တို့ဖြင့် ရောင်းချနေပြီး city mart ဆိုင်ခွဲများ၊ Ocean ဆိုင်ခွဲများ၊ ဘိုဘို အင်တာတိန်းမန့်၊ HOME ရုံးခန်း(ဗိုအောင်ကျော်လမ်းအောက်ဘလောက်) တို့မှာ ဝယ်ယူရရှိနိုင်ပါပြီ။