မြန်မာသံ အဆိုတော် မာမာအေးလို့ တတိုင်းပြည်လုံးက ပရိသတ်တွေ လက်ခံခဲ့တာဟာ ပြည်သူလူထုရဲ့ သဘောထားပါလို့ သူက ဧရာဝတီနဲ့ တွေ့ဆုံခိုက် ပြောခဲ့ပါတယ်။
“အန်တီကတော့ သီချင်းဆိုတဲ့အခါ ကိုယ်ရလာတဲ့ သီချင်း၊ ကိုယ်ဖော်ထုတ်ရမယ့် သီချင်းကို အကောင်းဆုံး ဖြစ်အောင် ဆိုပါတယ်၊ သူများတွေလည်း ဒီလိုဆိုမှာပါပဲ။ ကိုယ်ကသပ်သပ်ကြီး Super Woman တော့ မဟုတ်ပါဘူး။ သို့သော် တခု ရှိတာက အန်တီက သီချင်းဆိုတဲ့အခါ စာသားနဲ့ လိုက်ဖက်အောင် အသံကိုပါ လိုက်ဖက်အောင် လုပ်နိုင်တဲ့ အင်အားလေး တခုတော့ ပိုတာပေါ့လေ။ ဒါကတော့ ကိုယ့်ကြိုးစားမှုပဲပေါ့၊ ဘယ်လို ဖြစ်တယ်ဆိုတာတော့ ကိုယ်လည်း မဟြေတတ်ပါဘူး၊ သီချင်းနဲ့ ပတ်သက်ပြီး ပါရမီ ဆိုတာလည်း ပါဦးမှာပေါ့လေ။ ကိုယ်ကလည်း ကြိုးစားရတာပေါ့၊ ပါရမီလည်း ရှိတယ်၊ ကြိုးလည်း ကြိုးစားတယ် ဆိုရင်တော့ အောင်မြင်မှာပေါ့။ တချို့ကတော့ ကြိုးစားတယ်၊ သို့သော်ပါရမီ မပါဘူး၊ တချို့ကတော့ ပါရမီ ပါတယ်၊ မကြိုးစားဘူး ဆိုရင်လည်း မအောင်မြင်နိုင်ပါဘူး” လို့ ဒေါ်မာမာအေးက သူ့ရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
သူ့အနေနဲ့ ကြိုးစားမှု၊ ပါရမီ နှစ်ခုပေါင်းပြီး အကျိုး ရသွားပုံရတယ်လို့လည်း သူက ဆိုတယ်။
အခုခေတ်မှာ တေး ထုတ်လုပ်သူတွေက မြန်မာသံစဉ်တွေကို ခိုင်ခိုင်မာမာ ဆိုတဲ့သူ နည်းနေတာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း ကုန်ကျစားရိတ် ရင်းစား ပြန်ရမရ မသေချာလို့ မြန်မာသံစဉ်တွေ အထွက်နည်းလာတယ်လို့ ဒေါ်မာမာအေးက သုံးသပ်ပြပါတယ်။
“ဘယ်သူမှ အရှုံးခံပြီးတော့ မထုတ်ချင်ကြပါဘူး။ ထုတ်ပြန်တော့လည်း မရဲတရဲ ထုတ်တဲ့အထဲမှာမှ မသမာတဲ့နည်းနဲ့ လုပ်တဲ့ သူတွေက ရှိနေပြန်တော့ သူတို့လည်း တခါရှုံးတယ်၊ နှစ်ခါ ရှုံးတယ်၊ သုံးခါ ရှုံးတော့ မခံနိုင်တော့ဘူးပေါ့။ အဲဒီလိုတွေ ဖြစ်တဲ့ အတွက်ကြောင့် ဂျာအေး သူ့အမေရိုက်တယ် ထင်တာပါပဲကွယ်။ နောက်ပြီး အမှန်အတိုင်း ဟြေရရင် မြန်မာသံက ဆိုရတာက ခက်တယ်လေ၊ သူဆိုရမယ့် အသံအထိကို ရောက်အောင် ဆိုရတာ၊ လျော့နေလို့လည်း မရဘူး၊ ပိုသွားလို့လည်း မရဘူးလေ။ မြန်မာသံ မှာလည်း တိတိကျကျ ဆိုရတဲ့ စနစ်တွေရှိတာကိုး။ အဆွဲအငင်တွေ၊ အဖြတ်အတောက်တွေ၊ စာသားပေါ်အောင် ဆိုရတာ၊ အသံသြဇာနဲ့ ပြည့်စုံရတာ၊ အသံကို မှေးမှိန်ရတာ၊ အသံကို တိုးရတာ၊ ဆုတ်ရတာတွေ အမျိုးစုံ ပညာတွေရှိတယ်။ အဲဒါတွေကို နားမလည်ဘဲ ဆိုတော့ တည့်ကြီးပဲ ကြားတာပေါ့။ သီချင်းကို လှိုင်းလေးသွားသလို အနိမ့်အမြင့် အတက်အကျ သွားရင်တော့ ကောင်းတာပေါ့။ တချို့က အဲဒီလိုမှ မလုပ်နိုင်တာကိုး၊ လုပ်ဖို့လည်း မကြိုးစားကြဘူး၊ ဘယ်သူ့ဆီမှာ သင်ရမလဲ ဆိုတာလည်း သူတို့မသိဘူး၊ အန်တီကလည်း ဒီမှာ မရှိဘူးဆိုတော့ သူတို့မှာလည်း အခက်အခဲရှိမှာပါ။ အဲဒီတော့ စနစ်တကျ ဘယ်လိုဆိုရလဲ ဆိုတာကို တတ်ကျွမ်းနားလည်တဲ့ သူတွေ မဟုတ်ရင်တောင် အဲဒီလူတွေ လုပ်သွားတဲ့ သီချင်းတွေကို သေချာ နားထောင်ပြီး လေ့လာရင်ရမှာပါ။ ဒါပေမယ့် ကြိုးစားချင်တာက နည်းပါတယ်၊ မြန်မြန် နာမည်ကြီးချင်တဲ့ လိုင်းတွေကိုပဲ ရောက်သွားတာများပါတယ်။ အနုပညာ ဆိုတာ တကယ်ရင်ထဲက လာတဲ့ ခံစားချက် များတယ်ဆိုတာက အမှန်ပဲလေ။ ရင်ထဲမှာ တကယ်မရှိဘဲနဲ့ အပြင်မှာ လုပ်လို့မှမရတာ။ တကယ် ဝါသနာလည်း ပါမယ်၊ တကယ်လည်း ကြိုးစားမယ်ဆိုရင် အောင်မြင်မှုကို ရမှာပါ၊ အချိန်တော့စောင့်ရမှာပေါ့” လို့ သူက ဆက်ပြောပါတယ်။
ဒေါ်မာမာအေးဆိုတာ ၃ နှစ်သမီးလောက် အရွယ်ကတည်းက သီချင်း ဆိုတဲ့သူ ဖြစ်ပြီး ဆယ်နှစ်လောက် ကြိုးစားပြီး ၁၃ နှစ် သမီးမှာမှ နာမည်ကြီးလာတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ချက်ချင်းထလုပ် ချက်ချင်းနာမည်ကြီးဖို့ မဖြစ်နိုင်ဘူး၊ အချိန်တော့ ပေးရမယ်လို့ သူက ရှင်းပြတယ်။
မြန်မာသံစဉ် သီချင်းသစ်တွေ ဆိုရမယ်ဆိုရင် ဆိုချင်သေးရဲ့လား ဆိုတဲ့ ဧရာဝတီက မေးခွန်းကိုတော့ ဒေါ်မာမာအေးက “သီချင်းကတော့ ဆိုချင်တာပေါ့၊ သီချင်း ဝါသနာပါတဲ့သူ သီချင်း မဆိုချင်ဘူးလို့ ဘယ်ရှိပါ့မလဲကွယ်။ သီချင်းခွေ ထုတ်မလားဆိုရင် ထုတ်ချင်တယ်၊ အခုအချိန်မှာ ဈေးကလည်း ကြီးတယ်၊ ခိုးတာတွေကလည်း များတော့ ဘယ်ထုတ်ရဲ ပါ့မလဲ။ အဲဒါကြောင့် အန်တီ့ကို သီချင်းခွေ ထုတ်မလားလို့ ဘယ်သူမှ စကားသံမစရဲဘူးလို့ ထင်တာပဲ။ အန်တီကတော့ သီချင်းကို ကြိုက်တဲ့အချိန် ဆိုလို့ရတယ်၊ အချိန်မရွေးပါပဲ၊ အဲဒါက ပြဿနာမရှိပါဘူး။ ကြိုးစားနေတဲ့ သူတွေကို အားပေးချင် တာက ကြိုးစားနေတဲ့သူက ကိုယ့်အချိန်ဆိုတာ တွေ့လာမှာပါ” လို့ ပြန်ဖြေပါတယ်။
မြန်မာသံ အဆိုတော်ကြီး ဒေါ်မာမာအေးနဲ့ ဧရာဝတီက သူ့ရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့မှာ တွေ့ဆုံခဲ့တာပါ။
သူ့ရဲ့ မွေးနေ့အလှူအဖြစ် သံဃာတော် ၇၁ ပါးကို ဆွမ်းကပ်ပြီး သူ့နာမည် ထိုး၊ အဲဒီ ယပ်တောင်ထဲမှာ အလှုငွေ ကျပ် ၃၀၀၀ စီ ထည့်ပြီးတော့ လှူလိုက်တယ်လို့ ဧရာဝတီကို ပြောပါတယ်။