[irrawaddy_gallery]
တေးသံရှင် ဇော်ဝင်းထွဋ်၊ Idiots ရော့ခ် ဂီတအဖွဲ့နဲ့ အီတိုး၊ ချမ်းချမ်းတို့ ပါဝင်တဲ့ Rock Concert ဖျော်ဖြေပွဲကို အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီမှာ ရန်ကုန်တိုင်း အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီပွဲ စီစဉ်ရတာက ငယ်ငယ်ကတည်းက၊ သီချင်း နားထောင်တယ် ဆိုကတည်းက ကိုညီထွဋ် သီချင်းတွေနဲ့ ကြီးလာခဲ့တော့ ပထမဆုံး ကိုယ်တိုင် မီဒီယာကုမ္ပဏီ အနေနဲ့လုပ်တာမှာ ကိုယ်နှစ်သက်တဲ့ အဆိုတော်နဲ့ ပွဲဦးထွက် တင်ဆက်တာပါ” လို့ အဲဒီပွဲကို စီစဉ်တဲ့ Myanmar Media Management က ဦးစည်သူက ပြောပါတယ်။
ဇော်ဝင်းထွဋ်နဲ့ ချမ်းချမ်းတို့က အင်ပါယာ တေးဂီတနဲ့ ဖျော်ဖြေကြမှာဖြစ်ပြီး ရေမွန်က Idiots တေးဂီတ၊ အီတိုးက ETO တေးဂီတတွေနဲ့ အသီသီး ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲမှာ ပရိသတ်တွေအနေနဲ့ ရသ အဆန်းတွေ ခံစားရဖို့ Accoustic ပုံစံတွေလည်း ပါဝင် တင်ဆက်ကြမယ်လို့ သိရပါတယ်။
“အင်ပါယာ တေးဂီတက ဟိုးလွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ရော့ခ်သံစဉ်တွေကို လေမှုတ်တူရိယာနဲ့၊ အကူးစတစ်ပုံစံနဲ့ ဖျော်ဖြေကြမယ်။ ရော့ခ်ဂီတ အစမှာ ခေတ်စားခဲ့တဲ့စတိုင် အတိုင်း သီချင်းတွေ ဖျော်ဖြေမယ်။ ကိုညီထွဋ်က သီချင်း အပုဒ် ၃၀ ကျော်လောက် ဆိုမယ်၊ အီတိုးက ၅ ပုဒ်ဆိုမယ်။ ရေမွန်လည်း ၅ ပုဒ်လောက်ဆိုမယ်” လို့ ဦးစည်သူက ပြောပါတယ်။
အဲဒီပွဲမှာ ပရိသတ်တွေက ရော့ခ် သီချင်းတွေကို အများဆုံး ခံစားရမှာဖြစ်တဲ့အကြောင်း၊ ဇော်ဝင်းထွဋ်ရဲ့ သီချင်းတွေထဲက အမျိုးသမီး အဆိုတော်တွေနဲ့ တခါမှ တွဲမဆိုဘူးသေးတဲ့ သီချင်းတွေကို ချမ်းချမ်းနဲ့ စုံတွဲဆိုမှာ ဖြစ်ပြီး ချမ်းချမ်းရဲ့ သီချင်း တချို့ကိုလည်း ဇော်ဝင်းထွဋ်နဲ့ စုံတွဲဆိုကြမှာဖြစ်ကြောင်း သိရပါတယ်။
တေးသံရှင်ဇော်ဝင်းထွဋ်က အဲဒီပွဲမှာ ပရိသတ် အကြိုက် သီချင်းအဟောင်းတွေ အပါအဝင် မကြာခင်က ထွက်ထားတဲ့ “လူ” စီးရီးထဲက သီချင်းတွေ သီဆိုမှာ ဖြစ်ပြီး သားဖြစ်သူ အီတိုးနဲ့ရော၊ ချမ်းချမ်းနဲ့ပါတွဲပြီး သီချင်းတွေ ဆိုပါမယ်လို့ ပြောပါတယ်။
“ချမ်းချမ်းနဲ့က အခုမှ ပထမဆုံး ဆိုတာတော့မဟုတ်ပါဘူး။ အရင်ကလည်း ဆိုခဲ့ဖူးတယ်။ ကိုယ့်သီချင်းတပုဒ်၊ သူ့သီချင်းတပုဒ် အဲဒီလို တွဲဆိုမယ် စိတ်ကူးထားတယ်။ ရေမွန်နဲ့ အီတိုးနဲ့ ကတော့ ရှေ့ကဆိုမယ်။ လူငယ်ပီပီ သူတို့ပုံစံအတိုင်း သူတို့ ဆိုကြ မှာပါ။ သူတို့ Bandနဲ့ သူတို့ ဖျော်ဖြေကြမယ်။ ကိုယ်တွေက နောက်မှဖျော်ဖြေမှာပါ” လို့ ဇော်ဝင်းထွဋ်က ရှင်းပြပါတယ်။
ဖျော်ဖြေပွဲ အတွက် သီချင်းတိုက်ဖို့ စက်တင်ဘာ လလယ်လောက်မှာ စတင်မယ်လို့ အင်ပါယာက ဘေ့စ်ဂစ်တာ သမား ကိုမြတ်မိုး ဆီက သိရပါတယ်။
“ကျနော်တို့က ချမ်းချမ်းနဲ့ ညီထွဋ် အတွက်ကိုပဲ တီးမှာပါ။ ညီထွဋ်ကတော့ အများဆုံး ဆိုမှာပေါ့။ ညီထွဋ် နောက်ဆုံးထွက်တဲ့ သီချင်းခွေ ထဲက သီချင်းတွေလည်း အများဆုံး ပါမယ်ထင်တယ်။ သီချင်းတိုက်မှ သေချာရွေးရမှာပါ” လို့ ကိုမြတ်မိုးက ပြောပါတယ်။
ဒီပွဲအတွက် ထူးထူးခြားခြား စီးစဉ်ထားတာကြောင့် ပရိသတ်တွေ အတွက် စိတ်ကျေနပ်နိုင်မယ့် ပွဲဖြစ်အောင် ကြိုးစား တင်ဆက် သွားမယ်လို့ တေးသံရှင်ချမ်းချမ်းက ဆိုပါတယ်။
Rock Concert ဖျော်ဖြေပွဲရဲ့ လက်မှတ်ဈေးနှုန်းကို ကျပ် ၃၀၀၀၀၊ ကျပ် ၂၀၀၀၀ ၊ ကျပ် ၁၀၀၀၀ သတ်မှတ်ထားပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က စပြီး မန်းသီရိ တေးသံသွင်းနဲ့ City Mart ဆိုင်ခွဲများ အားလုံးမှာ ဝယ်ယူရရှိနိုင်တယ်လို့ ဦးစည်သူက ပြောပါတယ်။
Myanmar Media Management က အခုလို Rock Concert ဖျော်ဖြေပွဲတွေကို နယ်လှည့် ဖျော်ဖြေပွဲ အဖြစ်လည်း တင်ဆက် နိုင်ဖို့ စီစဉ် ထားတယ်လို့လည်း သိရပါတယ်။
Music Tour ထွက်ဖို့က ရန်ကုန်ပွဲပြီးရင် မန္တလေးမှာ တင်ဆက်နိုင်ဖို့ ပါမစ် ကြိုးစားနေပြီး မန္တလေးမှာရှိတဲ့ Band တွေနဲ့တွေ့ပြီး Music workshop လုပ်ဦးမယ်လို့လည်း ဦးစည်သူက ပြောပါတယ်။
“သူတို့ဆီက ၃ ဖွဲ့၊ ၄ ဖွဲ့ ရွေးပြီး အင်ပါယာရှေ့ထွက် အဖြစ် တီးခိုင်းမယ်။ ပခုက္ကူ၊ ပုဂံတို့မှာလည်း အဲဒီလို လုပ်သွားမယ်။ အဓိကကတော့ စင်တင်ပေးချင်တာပေါ့။ ကိုယ်တိုင်လည်း ဆိုခဲ့ တီးခဲ့တာဆိုတော့ ကလေးတွေကို ဖြစ်စေချင်လို့ လုပ်ပေးတာပါ” လို့ ဦးစည်သူက ဆိုပါတယ်။
Music Tour မှာ အင်ပါယာ၊ S.I.R အဖွဲ့တို့ ပါဝင် ဖျော်ဖြေကြမှာဖြစ်ပြီး မန္တလေး၊ ပခုက္ကူ၊ ပုဂံ၊ တောင်ကြီး၊ မေမြို့၊ မကွေး စတဲ့ ဒေသတွေမှာ ရှိတဲ့ နယ်ခံ တေးဂီတဝိုင်း တွေကိုလည်း ရှေ့ထွက် အဖြစ် စင်တင်ပေးမယ်လို့ သူက ပြောပါတယ်။
Myanmar Media Management ကနေ စီစဉ်ပြီး နိုဝင်ဘာ ၁၇ မှာလည်း ဇော်ဝင်းထွဋ်ရဲ့ ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲကို တင်ဆက်သွားမယ်လို့ သိရပါတယ်။