အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့ို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။
“ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် မယ်စကြဝဠာပြိုင်ပွဲကို နေရွှေသွေးအောင် သွားကြည့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို သူသွားပြီး ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ လာပြီး အားပေးမယ် ဆိုရင် အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ဒါပေမယ့် နေရွှေသွေးအောင်က ရုရှားအထိလာပြီး အားပေးမယ် ဆိုတာကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူးလို့ ဆက်ပြောပါတယ်။
မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပဲွဲမှာ ပြောကြားသွားပါတယ်။