လွန်ခဲ့တဲ့ နှစ်နှစ်နီးပါး ကာလလောက် ကတည်းက စတင်လို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ထုတ်ပြီး ဇာတ်ကားကြီး ရိုက်နိုင်ဖို့ ကြိုးစားခဲ့ကြတာ အားလုံးအသိပါ။ အဓိကကတော့ အဲဒီဇာတ်ကားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀ဝ ပြည့် မွေးနေ့အမီ လူတွေရှေ့မှောက် ရောက်ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင် မမှားပါဘူး။ ၂၀၁၄ ဖေဖော် ဝါရီ ၁၃ မှာ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိမယ်ဆိုရင် ၉၉ နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီတော့ ဒီရုပ်ရှင်အတွက် ရည်ရွယ်ထားတဲ့အချိန်က ၁ နှစ်တိတိသာ လိုပါတော့တယ်။
သို့ပေမယ့် ဒီဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် နိုင်ငံတကာနဲ့ ဆက်သွယ်လို့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ ရှာဖွေပြီး ညှိနှိုင်းတိုင်ပင် ဆွေးနွေးလိုက်ကြတာ လက်ရှိအချိန်အထိ ညှိနှိုင်းတိုင်ပင်တုန်း ပဲဖြစ်လို့ လာမယ့် ၂၀၁၅ ဖေဖော်ဝါရီလ ၁၃ ရက် နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်ရဲ့ နှစ် ၁၀ဝ ပြည့် မွေးနေ့အမီ ရိုက်ကူးထုတ်လုပ်နိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပြီလို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးကော်မတီက ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးက ဧရာဝတီကို ပြောပါတယ်။
“အခုရိုက်ကူးရေးကိုတောင် မစရသေးဘူးဆို တော့ ၂၀၁၅ ဗိုလ်ချုပ်မွေးနေ့မှာတော့ ရုံတင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးနေပါတယ်။ အထူးသဖြင့် တော့ ၂၀၁၅ နှစ်ကုန်လောက်ကို တင်နိုင်ရင်မဆိုးဘူး ပေါ့။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အဲဒီလို ရုံမတင်နိုင်သေးရင်လည်း ဗိုလ်ချုပ်ရဲ့နေ့ထူး နေ့မြတ်တွေ၊ မွေးနေ့အထိမ်းအမှတ်တွေကို အကြောင်း ပြုပြီးမှ၊ ပွဲလမ်းတွေ လှုပ်ရှားမှုတွေလုပ်ပြီးမှ ဒီဇာတ် ကားရိုက်ဖို့ကို ဆောင်ရွက်ဖို့ အကြမ်းဖျင်း ညှိနှိုင်း တိုင်ပင်ထားပါတယ်။ ဥပမာ အခုဆွေးနွေးနေတဲ့ ထုတ်လုပ်သူတွေနဲ့ အဆင်ပြေလို့ သူတို့ဘက်က မြန် မြန်ဆန်ဆန် ဆောင်ရွက်ရင်တော့ ၂၀၁၄ ထဲမှာ လည်း ရိုက်ချင်ရင် ရိုက်ကူးသွားနိုင်တာပေါ့” လို့ ဦးဇော်သက်ထွေးက ဆိုပါတယ်။
တနှစ်အတွင်းမှာ ဒီဇာတ်ကားကြီး ပြီးမြောက်မှု ရှိ မရှိ ဆိုတာ မရေရာသေးတဲ့ သဘောပါပဲ။
ဇန်နဝါရီလ ၈ ရက်နေ့က ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ Facebook စာမျက်နှာထက်မှာ ဒီဇာတ်ကား ရိုက်ကူးနိုင်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့ကိုယ်စား ထုတ်လုပ်သူအဖြစ် ဒေါ် အိအိခိုင်၊ ကိုယ်စားဒါရိုက်တာအဖြစ် ဦးမင်းထင် ကိုကိုကြီး၊ ကိုယ်စားဇာတ်ညွှန်းနဲ့ အချက်အလက် ရှာဖွေရေးအဖြစ် ဦးမော်လင်းတို့ကို ရွေးချယ်ခဲ့ကြ တယ်ဆိုပြီး သတင်းပေးထားတာနဲ့ ပတ်သက်လို့ ပထမ ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဘုတ်အဖွဲ့ကနေ ဒီလို ကိုယ်စားအဖြစ် ထပ်မံဖြစ်ပေါ်လာပုံကို စပ်စု ကြည့်မိပါတယ်။
“ဘုတ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ပါတယ်။ အဲဒီမှာ ကျနော်တို့ဟာ ၂၀၁၅ သူ့ဖခင်ရဲ့ မွေးနေ့မှာ ရုံမတင်နိုင်လည်း ကိစ္စမရှိဘူး၊ အခုနှစ် အတွင်းမှာ ဇာတ်ကားရုံတင်ဖို့အတွက် အခြေအနေ အရ အရမ်းကို ကြာနေတဲ့အတွက်ကြောင့် အလုပ် တွေတွင်ဖို့ဆိုပြီး အဓိက လုပ်ငန်းတာဝန်တွေကို ဆုံးဖြတ်နိုင်ဖို့ လူပုဂ္ဂိုလ်သုံးဦးကို ရွေးချယ်ခဲ့ပါတယ်။ အဓိကက နိုင်ငံတကာက ထုတ်လုပ်သူတွေလာတော့ ဗိုလ်ချုပ်အောင်ဆန်း ဘုတ်အဖွဲ့မှာ ဘယ်သူက ဆုံး ဖြတ်ချက်ချသလဲ။ Decision Maker နဲ့ ပြောချင် တယ်ဆိုတာမျိုးရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က လည်း အမြဲတမ်းမအားဘူး။ ဘယ်သူ့မှာမှ တာဝန် မရှိဘူး ဖြစ်နေတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတဲ့အခါမှာ ခုနကပြောတဲ့ကိစ္စတွေ လုပ်ဖို့ အတွက် ဒီလူတွေကို Decision Maker အဖြစ် ခန့်တာ ဖြစ်ပါတယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် Facebook အကြောင်း ဆက်ပြောရရင် အဲဒီဖေ့စ်ဘွတ်စာမျက်နှာကို ကြည့်လိုက်တာနဲ့ ဘယ်နေ့မှာတော့ ဘယ်သူနဲ့ ဆွေးနွေးညှိနှိုင်း ပြီးသွားပြီ။ ဘယ်နိုင်ငံကလာပြီး တွေ့ဆုံဆွေးနွေးသွား တယ်။ ဘုတ်အဖွဲ့ဝင်တွေ တိုင်ပင်ဆွေးနွေးကြတယ် ဆိုတာတွေနဲ့ပဲ ဆွေးနွေးခြင်းတွေ ထပ်နေကြတာပါ။ ဒီလို ၂ နှစ်ကြာတဲ့အထိ ဆွေးနွေးနေရဆဲ ဆိုတာပဲ တွေ့မြင်နေရလေတော့ ဘယ်အရာတွေ၊ ဘယ်အချက် တွေက အခုအချိန်အထိ ဆွေးနွေးတဲ့အဆင့်ကမတက် နိုင်သေးလဲဆိုတာ စိတ်ဝင်စားမိတာတော့ အမှန်ပါ။
လတ်တလောမှာ ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား အတွက် ကိုယ်စား ထုတ်လုပ်သူအဖြစ် တာဝန်ပေး အပ်ခြင်း ခံထားရတဲ့ ဒါရိုက်တာ အိအိခိုင်ကတော့ “ဘယ်သူနဲ့၊ ဘယ်နိုင်ငံနဲ့ ဘယ်လိုတွဲလုပ်ရမယ်ဆိုတာ အခုချိန်အထိ အဖြေက ထွက်မလာသေးဘူးလေ။ မနေ့တနေ့ကမှ စပြီးတော့လုပ်ကြတာဆိုတော့လေ။ နောက်တခုက သူတို့အနေနဲ့ စဉ်းစားတာက ဒီဇာတ် ကားကို နိုင်ငံတကာက ကြည့်ချင်တဲ့ကား ဖြစ်ဖို့ အတွက် သူတို့အမြင်နဲ့ ကျမတို့အမြင်နဲ့က နည်းနည်း လေး လွဲနေတယ်။ ဒါကလည်း သူတို့အပြစ်လည်း မဟုတ်ဘူး။ သူတို့အနေနဲ့ ဒါက ရုပ်ရှင်တကား ကောင်းအောင် ဘယ်ကနေရိုက်မလဲဆိုတာ စတွေး တယ်။ ကျမတို့အနေနဲ့ကော၊ အန်တီစု (ဒေါ်အောင် ဆန်းစုကြည်) အနေနဲ့ကောက ကျမတို့ ပြချင်သော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်သည် ကျမတို့ တမျိုး သားလုံးကနေ အလွန်ကြည်ညိုဖွယ်၊ လေးစားဖွယ် ဖြစ်သော၊ ကျမတို့ရဲ့ သူရဲကောင်းက သူ့ဘဝမှာ ဘယ်လိုတွေ ဖြတ်သန်းခဲ့လဲ၊ သူ့ဘဝမှာ ဘယ်လို အရှုံးထဲက အနိုင်တွေယူခဲ့လဲ၊ စိတ်ဓာတ်က ဘယ် လောက်လေးစားဖို့ကောင်းလဲ၊ အတုယူဖို့ကောင်းလဲ ဆိုတာတွေ အကုန်လုံးကို ကျမတို့က ဒီဘက်မှာ ဇာတ်ညွှန်းနဲ့ ဖွဲ့ထားပြီးသားလေ။ ဒါပေမယ့် သူတို့ အနေနဲ့ ကြည့်တော့လည်း ဒါသည် အရမ်းကို Biography ဆန်တယ်ပေါ့။ ဒါကတော့ သူတို့အမြင် ပေါ့။ ဒီအတိုင်းဆိုရင် နိုင်ငံတကာ ရုပ်ရှင်သဘော အနေနဲ့ကတော့ မဖြစ်နိုင်ဘူးပေါ့။ အဲဒီလို သူတို့ ဘက်က ဆုံးဖြတ်ပေးလာပါတယ်။
ဒီလိုအခြေအနေဆိုတော့ ပြီးခဲ့တဲ့ ကာလတွေ က မြန်မာနိုင်ငံရဲ့ ဇာတ်ညွှန်းရေးဆရာပေါင်း အမြောက်အမြား နယ်တွေထွက်၊ မေမြို့တက်ပြီး ရေးခဲ့ကြ ပြင်ဆင်ဖြည့်စွက်ခဲ့ကြရတဲ့ ဇာတ်ညွှန်း အနေအထားအပေါ် ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးနိုင်ဖို့ အတွက် ပူးပေါင်းလာကြမယ့် နိုင်ငံတကာက အဖွဲ့ အစည်းတွေရဲ့ အမြင်က ဘယ်လိုရှိသလဲလို့ လက်ရှိ ကိုယ်စား ဇာတ်ညွှန်းတာဝန်ခံ ဦးမော်လင်းကို မစပ်စု မေးကြည့်မိပါတယ်။
ဦးမော်လင်းကတော့ “နိုင်ငံတကာကတော့ ဇာတ်လမ်းပိုဖြစ်ချင်တာပေါ့။ ကျနော်တို့ကတော့ သမိုင်းကို ပိုပြီးဖော်ပြချင်တယ်။ သူတို့ကတော့ ဇာတ်လမ်းကိုပိုပြီး ရိုက်ချင်တယ်။ အဲဒီကြားထဲမှာ နည်းနည်းညှိနေရတာပေါ့။ နို့မို့ဆိုရင် သမိုင်းသက် သက် ဖြစ်နေတယ်ပေါ့။ ဇာတ်လမ်းဆန်အောင် လုပ် ချင်တယ်။ ကျနော်တို့ကျတော့လည်း ဇာတ်ဆန်တာ သိပ်မဖြစ်ချင်ဘူး။ နိုင်ငံရေးလည်းပါတဲ့ဟာ၊ သူတို့ လိုချင်တဲ့ ဇာတ်လမ်းဆန်တဲ့ဟာမျိုး ဘယ်လိုညှိလို့ ရမလဲဆိုတာ ရှာနေတာပါ။ အခြေခံအားဖြင့်တော့ သူတို့လည်း အခုလုပ်ထားတဲ့ဇာတ်ညွှန်းကို သဘော တူပါတယ်” လို့ ရှင်းပြပါတယ်။
ဒီလိုမျိုး ဇာတ်ညွှန်းကို ညှိနေကြရတယ်ဆိုတော့ အကြိမ်ကြိမ် ခရီးတွေထွက်၊ ပြုပြင်ထားတဲ့ လက်ရှိ ဇာတ်ညွှန်းကို ပြန်ပြင်ရဦးမှာလား ဆိုတဲ့ မေးခွန်း လည်း မေးစရာရှိနေပြန်ပါတယ်။
“အဲဒီဇာတ်ညွှန်းကို နည်းနည်းပါးပါး ဖြည့်စွက် တာတော့ ရှိမှာပေါ့။ ဒါကိုက ဇာတ်ညွှန်းရေးကြတဲ့ သူတွေကိုယ်တိုင်က ပြင်ကြရေးကြမှာတွေ ရှိပါသေး တယ်။ အခုဟာက ပြီးသွားတယ်ဆိုတာပဲ ရှိသေးတာ ပေါ့။ နည်းနည်းပါးပါး အချောသပ်ရမှာပေါ့။ ပိုပြီး တော့ ရုပ်ရှင်ဆန်ဖို့ သူတို့ပြင်ရမှာတွေ ရှိပါတယ်။ နည်းနည်း Edit လုပ်ရမှာပေါ့။ အဲဒီမှာ ကျနော် ဝိုင်းကူဖို့ပါပဲ” လို့ ဦးမော်လင်းက ပြောပါတယ်။
ဒီလို နှစ်နှစ်နီးပါးဖြတ်သန်းလာခဲ့ပြီးတဲ့ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး လုပ်ငန်းစဉ်တွေကို ပြန်ကြည့် လိုက်ရင် ၂၀၁၅ ဗိုလ်ချုပ်မွေးနေ့ နှစ် ၁၀ဝ ပြည့် အမီ ရုံမတင်နိုင်ခြင်းကလွဲလို့ ပြည်တွင်းက ဇာတ် ညွှန်းရေးဆရာတွေက ဗိုလ်ချုပ်ဘဝ တခုလုံးကို ဇာတ်ညွှန်းရေးသား ပြီးစီးပြီ၊ အဲဒီ ဇာတ်ညွှန်းကို အင်္ဂလိပ်ဗားရှင်းအဖြစ်လည်း ပြောင်းလဲပြီးပြီ၊ ဗိုလ်ချုပ် နေရာနဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်တွေလည်း ရွေးချယ်ပြီးပြီ၊ သူတို့ကို လိုအပ်တဲ့ အကောင်းဆုံး သင်ကြားပြသပေးမှုတွေ လည်းပြီးသွားပြီ၊ ဒါကြောင့် လက်ရှိအနေအထားအထိ ကို ကျေနပ်အားရမှုရှိတယ်လို့ ပြန်ကြားရေး တာဝန် ခံ ဦးဇော်သက်ထွေးက ဆိုပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် စတင် လှုပ်ရှားခဲ့သူထဲ ပါဝင်သူတဦးဖြစ်တဲ့ လူရွှင်တော် ဇာဂနာကတော့ ဗိုလ်ချုပ်ရုပ်ရှင်ကိုဖြစ်စေချင်လွန်းလို့ ၂၀ဝ၅ ခုနှစ်ကတည်းက တယောက်တည်း ဇာတ်ညွှန်း ရေးလာတာလို့ ဧရာဝတီကို ပြောပါတယ်။
“ဗိုလ်ချုပ်ရုပ်ရှင်ကို တအားဖြစ်စေချင်ခဲ့တာ ကျနော်ပဲ။ အဖွဲ့ဖြစ်လာတော့ အားတက်တာပေါ့။ နောက်ပြီး ရုံးခန်းကအစ ကျနော်ပဲရှာတယ်။ ဘယ် သူ့ဆီကမှ လက်ဖြန့်မတောင်းဘူး။ တလ သိန်း ၃၀ လောက်တန်တဲ့ မြေနေရာကို ကျနော်ကိုယ်တိုင် စိုက်ထုတ်ပြီး ရုံးဖွင့်ထားပါတယ်။ ဒါပေမယ့် အမြင် ၂ မျိုး ကွဲသွားတယ်။ ကျနော်တို့က နိုင်ငံတကာ ဖြန့် ချင်တယ်၊ တချို့က ပြည်တွင်းပဲ လုပ်ချင်တယ်။ ပြည် တွင်းအတွက်ဆိုရင် ၂၀၁၅ ဗိုလ်ချုပ်မွေးနေ့ကို မီ တယ်။ နိုင်ငံတကာဆိုရင်တော့ မမီနိုင်တော့ဘူး။ ဒီကြားထဲမှာ ကနေဒါက ပရိုဂျူဆာ ရောက်လာတော့ ပိုပြီးရှုပ်ထွေးသွားတယ်။ သူက ဗိုလ်ချုပ်ကို မသိဘူး။ ရုပ်ရှင်ကိုပဲသိတယ်။ သူ့အထင်နဲ့ ပြောလိုက်တာ၊ ဝေဖန်လိုက်တာ အဖွဲ့ကို တော်တော် ဂယက်ထစေ တယ်။ သူ့အကြံပေးချက်ကို အဖွဲ့ကလက်မခံဘူး။ အစည်း အဝေးဆုံးဖြတ်ချက်နဲ့ ပယ်ချတယ်။ ဒါပေ မယ့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တဲ့အခါမှာတော့ တဖွဲ့လုံးရဲ့ ဆုံးဖြတ် ချက်ဟာ အလကားဖြစ်သွားတယ်” လို့ သူကဆိုပါ တယ်။
ဒီလောက်ဆိုရင် ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနိုင်ဖို့အတွက် လက်ရှိဖြစ်နေတဲ့အနေအထား တွေကို သိလောက်ပါပြီ။ ဒီတော့ “ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကြီး ဘယ်တော့ကြည့်ရမှာလဲ” လို့ မစပ်စု ထပ်မမေးတော့ပါဘူး။