တစတစ ပြောင်းလဲ တိုးတက် ပွင့်လင်းလာတဲ့ မစပ်စုတို့ ရွှေပြည်ကြီးမှာ အနုပညာရပ်ပိုင်းဆိုင်ရာ ပွင့်လင်း တိုးတက် မှုတွေလည်း အပါအဝင်ပါပဲ။
အနုပညာရပ်ပိုင်းဆိုင်ရာ ပွင့်လင်းတိုးတက်မှုဆိုတာကို သိပ်ဝေးဝေးမှာရှာကြည့်နေစရာမလိုပါဘူး။ အင်အား ကြီးမားတဲ့ လူမှုကွန်ရက်ကြီးတခုဖြစ်တဲ့ Facebook စာမျက်နှာတွေထက်မှာ လွယ်လွယ်ကူကူနဲ့ တွေ့နိုင်မှာပါ။ မစပ်စုပြောချင်တဲ့ ပွင့်လင်းထင်သာ မြင်သာလာတဲ့ အနုပညာဖန်တီးမှုတွေကတော့ မေမြတ်မွန်၊ ဇွန်သဉ္ဇာ၊ ဇာဇာထက် စတဲ့ စတဲ့ မော်ဒယ်လ် တွေရဲ့ ပွင့်လင်းမြင်သာရှိလှတဲ့ ဓာတ်ပုံများကို ဆိုချင်တာပါ။
Facebook လူမှုကွန်ရက်ကြီးမှာ တနေ့တနေ့ ဖော်ပြနေတဲ့ သူတို့ရဲ့ ဓာတ်ပုံများဟာလည်း အတော်လေး ရေပန်းစားလာပြီး အပြောအဆို အဝေဖန်ခံနေရရင်းနဲ့ပဲ ဒီမော်ဒယ်လ်တွေဟာ တော်တော်လေး လူသိများ ထင်ရှားလာပြီ ဆိုတာ မငြင်းနိုင်အောင်ပါပဲ။
မစပ်စုကတော့ ဒီမော်ဒယ်လ်တွေထက် နောက်ကွယ်က ဖန်တီး ပုံဖော်ပေးနေတဲ့ ဓာတ်ပုံဆရာတွေရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ ဘယ်လိုရှိမလဲဆိုတာကို ပိုပြီး စိတ်ဝင်စားမိပါတယ်။
ဓာတ်ပုံဆရာ ကိုသားဇော်ဟာ Facebook စာမျက်နှာထက်မှာ နာမည်ကြီးသွားပြီး Fans page တွေတောင် ဖွင့်ထားကြတဲ့ မေမြတ်မွန်ဆိုတဲ့ မော်ဒယ်လ် မိန်းကလေးတဦးရဲ့ ဝတ်လစ်စလစ်နဲ့ သူ့ရဲ့ ခန္တာကိုယ် ကောက်ကြောင်းအလှကို အသားပေး ရိုက်ကူးခဲ့လို့ ပရိသတ် သတိထားလာမိတဲ့ ဓာတ်ပုံဆရာတဦး ဖြစ်ပါတယ်။
သူဟာ Nude Art နဲ့ ပတ်သက်လို့ လေ့လာနေပြီး လက်တွေ့ရိုက်ကူးနေကာ ဓာတ်ပုံဆရာ သက်တမ်း ၄ နှစ်နီးပါး ရှိပြီဖြစ်တယ် လို့လည်း သိရပါတယ်။
“Nude Art ဆိုတာကို ဒီနိုင်ငံမှာ ဓာတ်ပုံဆရာ တော်တော်များများက ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘူး။ ဓာတ်ပုံ ဆရာတော်တော်များများ အဲဒါမျိုးကို ရိုက်လည်းရိုက်ချင်သလို၊ ရိုက်ထားတဲ့ ဓာတ်ပုံဆရာတွေလည်း ရှိမှာပေါ့နော်။ ဒါပေမယ့် ကျနော်က ဘယ်လို ခံယူသလဲဆိုတော့ ကိုယ့်ရဲ့ ရင်ထဲက အနုပညာနဲ့ ပတ်သက်တဲ့ ဖြူစင်မှုပေါ့။ ကျနော်ပြချင်တာက Art ကို ပြချင်တာ။ အဲဒါကလည်း မရိုက်တတ်ရင်၊ Porn ဘက်ကိုရောက်သွားပြီး ညစ်ညမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်တဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်။ ကျနော်က အဲ့ဒီဘက်ကို မရောက်ချင်ဘူး။ အဲဒီလိုမျိုးရိုက်ချင်တဲ့ စိတ်ဆန္ဒကတော့ အစောကြီး ကတည်းကရှိပါတယ်။ နောက် မေမြတ်မွန်နဲ့ အလှဓာတ်ပုံရိုက်ဖို့ ဆုံဖြစ်ရာကနေ သူ့မှာလည်း အဲဒီလို စိတ်ကူးလေး ရှိတာကို တွေ့တော့ ပြောရမယ်ဆိုရင် သူနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ရိုက်ဖြစ်တာပေါ့။ ပြီးတော့ ကျနော် အွန်လိုင်းတင်လိုက်တယ်လေ။ အဲဒါကလည်း ကျနော့် စိတ်ထဲမှာရှိတဲ့ ဖြူစင်တဲ့ အနုပညာ တခုကို ပြတာ။ ကျနော့်စိတ်ထဲမှာ အဲဒါဟာ လိင်အသားပေးဖော်ပြထားတာ မဟုတ်ဘူး။ ကျနော်ပြထားတာ ဒီလိုရဲရဲရင့်ရင့် ဖန်တီးလို့ရတယ်၊ ဖန်တီးခွင့်ရှိတယ် ဆိုတဲ့အကြောင်းကို ထုတ်ပြတာ။ နောက်ပြီး မေမြတ်မွန်ရဲ့ ပုံတွေ Public ထုတ်တဲ့အခါမှာလည်း သူ့မျက်နှာကို ကျနော်မဖော်ဘူး။ မဖော်ဘူး ဆိုတာကလည်း လူတွေရဲ့ စိတ်ကကို ကြည့်လိုက်လို့ လူတယောက်ရဲ့ မျက်နှာကို မြင်လိုက်ရင် ဒီမျက်နှာအပေါ် ခံစားမှုတခု ဖြစ်သွားရင် ကျန်တဲ့ အနုပညာပိုင်းမှာ အားနည်းသွားမှာစိုးလို့၊ Nude Art မှာဆိုရင် အဲဒီလိုမျိုး ဘယ်သူဆိုတာ သိတဲ့ပုံစံမျိုးကို တင်လေ့ မရှိပါဘူး” လို့ ကိုသားဇော်က ဧရာဝတီကို သူ့ရဲ့ ထင်မြင်ချက်၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်။
ဒီလို Nude Art ဆိုတဲ့ အနုပညာဖန်တီးမှုဟာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ တခြား နိုင်ငံတွေ မှာတောင် ပြောဆို ဝေဖန်မှုတွေ ရှိနေဆဲပဲလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလို ဝေဖန်မှုတွေမှာ အနုပညာပိုင်းကို ခံစားပြီးတော့ ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူ၊ ယဉ်ကျေးမှုဘက်ကို ကြည့်ပြီးတော့ ကြိုက်တဲ့သူ မကြိုက်တဲ့သူနဲ့ ဘာမှန်းကိုမသိဘဲ ကြိုက်လည်းမကြိုက်ဘူး၊ သိလည်းမသိဘူး၊ ပြောချင်တာတွေ စွတ်ပြောနေတဲ့ လူမျိုးတွေလည်း ရှိတယ်လို့ ဆက်ပြော ပါတယ်။
“ယဉ်ကျေးမှုကိုကြည့်ပြီးတော့ ကြိုက်တဲ့သူ၊ မကြိုက်တဲ့သူနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော့်အနေနဲ့ ကျနော် တင်ပြတဲ့အပိုင်းကို အစွန်းလွတ်အောင် ကြိုးစားတယ်။ ကျနော် ဒီလို ရိုက်ထားတဲ့ ပုံတွေမှာ ယဉ်ကျေးမှုအနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်သူရယ် ဘယ်ဝါရယ် ဘာရယ်လို့ မပါအောင် အမြဲတမ်း ဖန်တီးတယ်။ ထားပါတော့ … မြန်မာနိုင်ငံက မြန်မာအမျိုးသမီး တယောက်ကို ရိုက်ထားတယ်ပေါ့၊ သူက မေမြတ်မွန်လို့ ပြောလိုက် တော့မှသာ မေမြတ်မွန်ဆိုတာ သိသွားတယ်ပေါ့နော်။ ဒါပေမယ့် မြန်မာအမျိုးသမီး တယောက်ကို ရိုက်ထားပေမယ့် မြန်မာနဲ့ ပတ်သက်တဲ့ဟာကို ပါအောင် ဘာတခုမှ မထည့်ဘူး။ မြန်မာ အလံ မပါဘူး၊ မြန်မာ ကနုတ်မပါဘူး၊ မြန်မာ ဆွမ်းအုပ်မပါဘူး။ မြန်မာဆိုတဲ့ မျက်နှာပေါက် အချိုးအစား ဘာတခုမှ မထည့်ဘူး။ ကျနော်ပြချင်တာက အမျိုးသမီး တယောက်ရဲ့ ကောက်ကြောင်း အလှနဲ့ ဒါကို ပုံဖော်တဲ့ အလင်း အမှောင် သဘောတရား အဲဒါကို ကျနော်ပြပါတယ်။ အနုပညာကို ကြည့်တယ်၊ ခံစားတယ် ဆိုတဲ့ သူမျိုးကျတော့ ခုနက ယဉ်ကျေးမှုတို့ ဘာတို့ အပိုင်းကို ကျော်ပြီးတော့ အဲဒါကို ထပ်ကြည့်တယ်။ ယဉ်ကျေးမှုတို့ ဘာတို့ကို ကြည့်တဲ့သူကျတော့ အဓိက သူတို့ကြည့်တာ မျက်နှာ။ ဇွန်သဉ္ဖာကို ကြည့်လိုက်တယ်။ ဒါက ဇွန်သဉ္ဖာပဲ။ မြန်မာမိန်းကလေးဖြစ်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတဲ့အခါကျတော့ … နောက် ဇွန်သဉ္ဖာမှန်း သိလို့ ပြောတာပါ။ ဇွန်သဉ္ဖာမှန်း မသိရင် သူတို့ပြောမှာ မဟုတ်ဘူး။ အဲဒီလို Personal နဲ့ ပတ်သက်တဲ့ ကိစ္စကို ကျနော်က ကျော်ပစ်လိုက်တယ်။ ကျနော်ပြချင်တာက Sex နဲ့ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ နှိုးဆွမှု မဟုတ်ဘူး။ လူတယောက်ရဲ့ ပုံပန်းသဏ္ဍန်ရှိတယ်။ အဲဒီအပေါ်မှာ ပျိုမြစ်မ ှုသဘောတရားရှိတယ်၊ အိုမင်းမှု သဘောတရားရှိတယ်။ အဲ့ဒါတွေက Photography မှာရော၊ ပန်းချီမှာရော အကုန်ရှိပါတယ်။ ဒါကို ကမ္ဘာနဲ့ချီပြီးတော့ လေ့လာလိုက်စားတဲ့ လူမျိုးကျတော့ လစ်လျူရှုလို့တော့ မရဘူးပေါ့။ အနုပညာရှင် မှန်သမျှ ဒါကို ဖန်တီးချင်ကြတာပဲ။ ကျနော်ကတော့ အဲဒီလိုမျိုးပဲ သဘောထားပါတယ်” လို့ ကိုသားဇော်က သူ့ရဲ့ Nude Art ဖန်တီးမှုအပေါ် ဝေဖန်ပိုင်းခြားကြတဲ့ ပရိသတ် တွေနဲ့ ပတ်သက်လို့ သူမြင်တဲ့ အမြင်ကို ပြောပါတယ်။
ဒီလို မြန်မာ့ယဉ်ကျေးမှုနဲ့ ခိုင်းနှိုင်းပြီး လက်ခံမပေးနိုင်ဘူးလို့ အော်ဟစ်ဝေဖန်နေပေမယ့် မြန်မာမော်ဒယ်လ် တွေရဲ့ ပွင့်လင်း မြင်သာတဲ့ ဓာတ်ပုံတွေကတော့ Facebook စာမျက်နှာထက်မှာ Like အများဆုံး၊ Share အများဆုံးနဲ့ Comment အများဆုံးဖြစ်လို့ နေတာ တွေ့နိုင်ပါတယ်။ ဒီထဲမှာ Sexy အကျဆုံးလို့ ဆိုတဲ့ ဇွန်သဉ္ဇာရဲ့ ဓာတ်ပုံတွေလည်း အပါအဝင် ဆိုရင် မမှားပါဘူး။
ဇွန်သဉ္ဇာရဲ့ Sexy Photo တွေကို အများဆုံး ဖန်တီးပေးနေတဲ့ ဓာတ်ပုံဆရာမ ယမင်းဦးကတော့ “လူတိုင်းက ကိုယ့်ရဲ့ အမြင်ကို ကိုယ်ကြိုက်သလို မြင်ခွင့်ရှိတာပဲလေ။ ဒါက မသင့်တော်ဘူးလို့ ပြောတဲ့သူတွေ လည်းရှိတာပဲ။ ဒါက အနုပညာ တရပ်လို့ပြောတဲ့သူတွေလည်း ရှိတာပဲ။ ကိုယ်ကြိုက်သလို ယူဆနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ နေတယ်ဆိုတော့လည်း မြန်မာ့အသိုင်းအဝိုင်းကို နည်းနည်း ဂရုစိုက်ရမှာပေါ့။ ကျမ အနေနဲ့ ကျတော့လည်း ဒီပုံတွေ ရိုက်တယ်ဆိုတာ Public အနေနဲ့ ရိုက်တာမဟုတ်ဘူး။ ကိုယ့်ရဲ့ ဝါသနာတရပ် အနေနဲ့ ကိုယ်လေ့လာနေတဲ့ ဓာတ်ပုံပညာ တရပ် အနေနဲ့ ရိုက်တာဆိုတော့ ကြော်ငြာအနေနဲ့ လူထုကို ပြဖို့ ရိုက်တာမျိုး ဆိုရင်တော့ တမျိုးပေါ့။ ဒါပေမယ့် လူတိုင်း ကတော့ ကိုယ့်အမြင်ကိုယ် ကြိုက်သလို ပြောခွင့်ရှိပါတယ်” လို့ ဆိုပါတယ်။
မော်ဒယ်လ် ဇွန်သဉ္ဇာရဲ့ ပေါ်တင်ကျလွန်းတဲ့ Sexy ပုံတွေကို ဖန်တီးလာရာကနေ သတိထားမိ ခံလာရတဲ့ ဓာတ်ပုံဆရာမ ယမင်းဦးကတော့ သူ့အနေနဲ့ Nude Art ဆိုတဲ့ ပညာရပ်ကို အခုမှ လေ့လာဆဲဖြစ်ပြီး လက်ရှိ သူဖန်တီးဖြစ် နေတာကတော့ Sexy Photo အဖြစ်သာ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဆိုတော့ Nude Art ဆိုတဲ့ အနုပညာဖန်တီးမှုဆိုတာကို ခဏထားဦး။ ပွင့်လင်းလွန်းတဲ့ Sexy Photo တွေအနေနဲ့က ကလေး သူငယ်တွေ အတွက် အတုယူမှားစရာ ကိစ္စရပ် တခုများဖြစ်လာ လေမလားဆိုတဲ့ အမြင်ဟာ နိုင်ငံတကာမှာလည်း အငြင်းပွားစရာ ကိစ္စရပ်တခု ဖြစ်နေတာတွေရှိနေလေတော့ မစပ်စုက သူ့ကို ထပ်မေးကြည့်မိပါတယ်။
“အခုရိုက်နေတဲ့ပုံတွေက Nude Art မဟုတ်ပါဘူး။ လေ့လာနေတုန်းပါ Sexy အဆင့်ပဲ ရှိပါသေးတယ်။ ကလေးတွေ အတွက် ကတော့ သက်ရောက်မှု ရှိမှာပါ။ ပုံကြည့်ပြီး လူငယ်သဘာဝတော့ မြင်ရင် လက်တည့်စမ်းချင်တဲ့ သဘာ၀ ရှိမှာပဲလေ။ ဒါကိုဓာတ်ပုံ ဆရာနဲ့ မော်ဒယ်မှာပဲ တာဝန်အားလုံး ရှိတယ်လို့ ပုံချလို့တော့မရပါဘူး။ စာဖတ်စွမ်းရည်၊ စဉ်းစားမှု၊ မိဘသွန်သင်မှု၊ ဥပဒေစိုးမိုးမှုတွေလည်း ရှိရပါမယ်။ ဒါမျိုးကျူးလွန်ရင် ဒီလို အပြစ်ရမယ် ဆိုတာရှိရင် မဖြစ်သင့် တာတွေလည်း ဖြစ်မှာ မဟုတ်ဘူး ထင်ပါတယ်။ တခြား နိုင်ငံတွေမှာလည်း ဒီလို အငြင်းပွားတာတွေ ရှိပါတယ်။ ဒါပေမယ့် ဖန်တီးသူတွေရဲ့ စိတ်ကိုလည်း တားဆီးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါတွေက မကောင်းဘူးလို့ သိမ်းကြုံး ပြောလို့လည်း မရပါဘူး။ အရာရာတိုင်းမှာ အကောင်းအဆိုး ဆိုတာတော့ ဒွန်တွဲနေတာပါ။ ကျမက အခုမှ လေ့လာသင်ကြားနေတဲ့ ဝါသနာရှင် အဆင့်ပဲ ရှိပါသေးတယ်” လို့ ဓာတ်ပုံဆရာမ ယမင်းဦးက သူ့ရဲ့ အမြင်ကို ပြောပါတယ်။
အနုပညာရပ် တခုကို ဖန်တီးတဲ့အခါမှာ အဲဒီ အနုပညာဆိုတာကို ပီပီပြင်ပြင် ဖန်တီးဖို့နဲ့ ဒီလို ဖန်တီးမှုဟာ ယဉ်ကျေးမှုဆိုတာကို မထိခိုက်ဘူးဆိုရင် လက်မခံနိုင်တဲ့ ကိစ္စရပ် တခုမဟုတ်ဘူးလို့ ကိုသားဇော်က ဆိုပါတယ်။
“Art တခုကို ပြမယ်ဆိုရင် အဲဒါကို ပီပြင်အောင် ဖန်တီးပြီး ပြစေချင်တယ်။ Art တခုကို ပြတယ်ဆိုပြီး Porn ဆန်အောင် လူတဖက်သားရဲ့ လိင်စိတ်ကို နိုးဆွချင်တဲ့ ဆွဲဆောင်ချင်တဲ့ ညှို့ယူချင်တဲ့ ပုံစံမျိုးဆိုရင်တော့ အဲဒါမျိုးကို လက်မခံချင် ပါဘူး။ အနုပညာ ဖန်တီးမှုဆိုတာက လက်မခံနိုင်တဲ့ ကိစ္စတခုတော့ မဟုတ်ဘူး။ ယဉ်ကျေးမှုဆိုတာကို ထိခိုက်လာအောင် မဖန်တီးဖို့ပဲ လိုတယ်။ ယဉ်ကျေးမှု ဆိုတာမှာလည်း ကိုယ်လုံးတီးနဲ့ ကောင်မလေးက ရှေ့မှာ ထိုင်နေပြီးတော့ ဘုရား ဆင်းတုတော်က နောက်မှာထားတာမျိုးတို့၊ ကိုယ်လုံးတီးနဲ့ ဆွမ်းအုပ်ကို ဖက်ထားတာမျိုးတို့၊ မြန်မာ ကနုတ်တွေပေါ်မှာ ကျော်ခွနေတာမျိုးတို့ ဒါမျိုးတွေဆိုရင် လုံးဝမဖြစ်သင့်ဘူး။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အပိုင်းမှာဆိုရင် မြန်မာ့ ယဉ်ကျေးမှုကို ပီပီပြင်ပြင် ထိန်းသိမ်း၊ ကိုယ့်အနုပညာကို ဖော်ထုတ်တဲ့ အပိုင်းမှာဆိုလည်း ကိုယ့်ရဲ့ အနုပညာ အရည်အချင်းကို ပြနိုင်တဲ့ လမ်းကြောင်းတခုကို ဖန်တီး အဲဒီလိုပဲ ဖြစ်စေချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒီလို တစထက် တစ ပိုမိုပွင့်လင်းလာတဲ့ ဓာတ်ပုံ အနုပညာ ဖန်တီးမှု အသိုင်းအဝန်းကြီးဟာ ဆက်လက်တည်ရှိ နေဦးမှာ ဖြစ်ပြီး ဒီထက် ကျယ်ပြန့်လာဦးမှာလား ဆိုတာကတော့ ဘယ်လိုတွေ ထိန်းချုပ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ကြောင်း၊ ထိန်းချုပ်တယ် ဆိုတာမှာလည်း ယဉ်ကျေးမှုဆိုတာကို ထိခိုက်လာရင်တော့ ထိန်းချုပ်သင့်ကြောင်း၊ အနုပညာသမားတွေရဲ့ ဖန်တီးချင်စိတ် ဆန်းသစ် တီထွင်ချင်စိတ်တွေ အဆုံးအစ မရှိတဲ့အတွက် ထိန်းချုပ်မှု ပေါ်မှာ မူတည်ပြီး လူထုထဲ ရောက်တာ၊ မရောက်တာနဲ့ပဲ သက်ဆိုင်လိမ့်မယ်ဆိုတဲ့ အကြောင်း ကိုသားဇော်က သူ့အမြင်ကို ရှင်းပြပါတယ်။
“ကျယ်ပြန့် လာတာမျိုးရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုပုံမျိုးတွေ ရိုက်တယ်ဆိုတာ အခုမှ ဖြစ်လာတာတော့ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ရှိတာပါ။ ဒါပေမယ့် လူထုထဲကို ကျယ်ကျယ်ပြန့်ပြန့် မရောက်လာတာပဲ ရှိတယ်။ အဲဒီလိုမျိုး အရိုက်ခံတဲ့ မော်ဒယ်လ်တွေရှိတယ်၊ ရိုက်ပေးတဲ့ ဓာတ်ပုံဆရာတွေရှိတယ်။ ဒါပေမယ့် အဲဒီလိုရိုက်တဲ့နေရာမှာ တော့ အနေအထားအမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးတော့ ရှိတာပေါ့လေ။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စမျိုးက ကျယ်တော့ ကျယ်ပြန့်လာဦးမှာပါပဲ။ ဒါမျိုးက တားဆီးလို့လည်းမရဘူးလေ။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာကိုး။ ကိုယ့်ရှေ့မှာလည်း တခြား နိုင်ငံတွေမှာ ဒီလိုပဲ ဖြစ်သွားတာတွေ အများကြီးပဲဆိုတော့ အဓိက အရေးကြီးတာက ကိုယ့်ရဲ့ ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့ စိတ်ပဲပေါ့။ ဓာတ်ပုံတွေ ရိုက်လို့ ပျက်စီးသွားမယ် ဆိုတာမျိုးလည်း မဖြစ်နိုင်ဘူးလေ။ တချို့က Professional နဲ့ လူမှုရေး ခွဲထားတာရှိသလို၊ တချို့က ရောထွေးတာတွေ ရှိတယ်။ ဒါကတော့ လူအပေါ်မှာပဲ မူတည်ပါတယ်” လို့ မယမင်းဦးက ဆိုပါတယ်။
ဒါတွေကတော့ နောက်ကွယ်က ဓာတ်ပုံဆရာတွေရဲ့ ထင်မြင်ချက်တွေနဲ့ ယူဆချက်တွေပါပဲ။ ကြည့်ရှုသူ ပရိသတ်တွေ အနေနဲ့လည်း ယူဆချင်သလိုယူဆပြီး ထင်မြင်ချက်တွေ ပေးနိုင်ပါကြောင်း …။ ။