ဒါရိုက်တာ မောင်သူရ (လူရွှင်တော် ဇာဂနာ) စီစဉ်ပြီး Bo Bo Entertainment မှ ထုတ်လုပ်ဖြန့်ချိ သွားမည့် “ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် တေးသီချင်းသစ်များ” အမည်ရှိ တေးစီးရီးခွေ Audio CD ကို ယခုလ ၂၀ ရက်နေ့မှ စတင်ကာ မြန်မာတနိုင်ငံလုံးသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ တေးစီးရီး DVD ခွေကိုမူ ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တနိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်ရှိ Home (House of Media & Entertainment) ရုံးခန်းတွင် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အခွေစီစဉ်သူ ဦးဇာဂနာက ပြောသည်။
“ကျနော်တို့ ဒီ Audio CD ကို လာမယ့် အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Bo Bo Entertainment ကနေ တနိုင်ငံလုံးကို ဖြန့်ချိပါမယ်။ DVD အခွေကိုတော့ ဇန်နဝါရီလကုန်မှာ ဖြန့်ချိမှာပါ။ ဒီအခွေ အကျိုးအမြတ် ဘယ်လောက်ရမလဲလို့ ကျနော်တို့ မမျှော်မှန်းပါဘူး။ မျှော်လည်း မမျှော်လင့်ရဲဘူး။ ကျနော်တို့ ဘယ်လောက်အထိ ကုန်ထားလဲ၊ ဘယ်လောက်ထိ မြတ်ထားလဲ ဆိုတာ မတွက်ထားပါဘူး။ တကယ်လို့ ကျနော်တို့ ပိုက်ဆံပြန်ရခဲ့ရင်လည်း ရသမျှကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ရန်ပုံငွေထဲကို ထည့်လိုက်မှာပါ။ ဗိုလ်ချုပ်ရာပြည့်မှာ တနိုင်ငံလုံး ဟုန်းဟုန်းတောက် နားထောင်ကြရင်ပဲ ကျနော်တို့ ကျေနပ်လှပါပြီ” ဟု ဦးဇာဂနာက ဆိုသည်။
အဆိုပါ အခွေတွင် ဗိုလ်ချုပ်နှင့် ပတ်သက်သည့် အမှတ်တရ ဂုဏ်ပြုတေးသီချင်းများ စုစုပေါင်း သီချင်းပုဒ်ရေ ၁၀ ပုဒ် ပါဝင်ပြီး တေးရေး၊ တေးဆို အသစ်များက ပါဝင်သီဆို ရိုက်ကူးထားသည်ဟု သိရသည်။
အခွေတွင် ပါဝင်သည့် တေးသီချင်းများမှာ “လွတ်လပ်ခြင်း အနုပညာ” ဗိုလ်ချုပ်ဂုဏ်ပြု တေးသီချင်းပြိုင်ပွဲမှ ဆုရ တေးသီချင်းများနှင့် တခြားသော တေးရေး၊ တေးဆိုအသစ်များ၏ တေးသီချင်းများကို ရွေးချယ်သုံးထားပြီး Rock၊ Hip Hop၊ Pop၊ သီချင်း အမျိုးအစားစုံ ပါဝင်သည်ဟု သိရသည်။
“ကျနော် ဒီအခွေလေးမှာ ပါဝင်ဖြစ်တာက ဦးသူရ (ဇာဂနာ) က ဒီအခွေလေး လုပ်မယ်ဆိုပြီး ကျနော့်ကို ပြောတယ်။ ဒီသီချင်းက ကျနော်လုပ်ထားတာ ကြာပြီ။ လွန်ခဲ့တဲ့ တနှစ် “လွတ်လပ်ခြင်း အနုပညာ” ဆိုတဲ့ ပွဲလေးမှာ ဆုရခဲ့တာ။ အဲဒီမှာ ဆုရတဲ့ တေးရေးဆရာတွေကော၊ တခြားသော အသစ် တေးရေးဆရာတွေကော အားလုံးစုပြီး ဒီအခွေလေးကို လုပ်ဖြစ် တာပါ။ ဒီအခွေမှာ ဂီတ အမျိုးအစားစုံပါတယ်။ လူကြီး၊ လူငယ် အလွှာအသီးသီးက လူတွေအကုန် နားထောင်လို့ ရအောင် ကျနော်တို့ စီစဉ်ထားပါတယ်” ဟု အဆိုပါစီးရီးတွင် “အောင်ဆန်းမျိုးဟေ့ မြန်မာ” သီချင်း ရေးစပ်ထားသည့် အသက် ၂၃ နှစ် အရွယ် တေးရေးဆရာ လင်းထက်က ဧရာဝတီကို ပြောသည်။
ယင်းအခွေအတွင်း “ထာဝရ ငြိမ်းချမ်းမှုလေပြေ” သီချင်းဖြင့် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အဖြစ်ပါဝင်သူ အမျိုးသမီး တေးရေး၊ တေးဆို အဆိုတော်သစ် ခင်နန်းထိုက်စံက “ဒီအစီအစဉ်မှာ ညီမ ပြိုင်ခဲ့တဲ့ သီချင်းက ‘သမိုင်းထဲက သူရဲကောင်း’ နဲ့ ‘ထာဝရ ငြိမ်းချမ်းမှု လေပြေ’ ဆိုတဲ့ သီချင်း နှစ်ပုဒ်ပါ။ သီချင်းတွေ ဝင်ပြိုင် ဖြစ်ခဲ့တာက “လွတ်လပ်ခြင်း အနုပညာ” အတွက်၊ ဗိုလ်ချုပ်အတွက် သီချင်းတွေ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းပြိုင်ပွဲ ရှိတယ်ဆိုပြီး သတင်းစာထဲကနေ တွေ့လို့ ဝင်ပြိုင်ဖြစ်ခဲ့တာပါ” ဟု ဧရာဝတီကို ပြောသည်။
သူကဆက်ပြီး “ဒီသီချင်းတွေကို ဘယ်လို ရေးခဲ့လဲဆိုတော့ အချက်အလက်တွေကို လူကြီးတွေကိုမေးတယ်။ ဗိုလ်ချုပ် သီချင်းဆိုတော့ အချက်အလက်တွေ လွဲလို့မရဘူး။ ဒါကြောင့် သိတဲ့သူတွေ၊ တတ်တဲ့သူတွေ ဆီက ညီမအများကြီး မေးခဲ့တယ်၊ ချရေးတယ်။ အဲဒီကနေ ကဗျာအရင်စပ်တယ်။ ကဗျာကိုစပ်ပြီးမှ စာသားတွေကို ဖန်တီးယူတယ်။ ပြီးတော့ အတီးပိုင်းကို လုပ်တယ်။ နေ့ရော၊ ညရော ရေးစပ်တီးပြီး အချိန်ယူတာ တပတ်လောက် ကြာတယ်။ ညီမကိုယ်တိုင် အခုလို ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်အခွေမှာ ပါဝင်ခွင့်ရတာဟာ အတိုင်းမသိ ဝမ်းသာပြီး အိပ်မက်ဂီတနဲ့ ဒီလိုပါဝင်ခွင့်ရလို့ အရမ်းကို ပျော်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ဗိုလ်ချုပ်ရာပြည့် တေးစီးရေးခွေကို တခွေလျှင် ငွေကျပ် နှစ်ထောင်ဝန်းကျင်နှုန်းဖြင့် Bo Bo Entertainment က ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ပြီး Audio CD နှင့် DVD အခွေ ချပ်ရေ နှစ်ထောင် ဝန်းကျင်စီ ထုတ်လုပ် ဖြန့််ချိသွားမည်ဟု သိရသည်။
ယုမွန်ကျော် ပူးပေါင်း ရေးသားသည်။