ဒီကနေ့ Rock celebrity တွေထဲမှာ တဦး အပါအဝင်ဖြစ်တဲ့ ကျားပေါက် (Big Bag) ရဲ့ Album သစ်တချပ် မကြာခင် က ထွက်ရှိလို့ လာခဲ့ပြန်လေရဲ့။ သီချင်း ၈ ပုဒ်ပါဝင်ပြီး “IDGAF” လို့ အမည်ပေးထားတဲ့ Album Title က ခပ်ဆန်းဆန်းရယ်၊ ပရိသတ်ရဲ့ ဦးနှောက်ကို အလုပ်ပေးထားလေရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျားပေါက်က သူ့ Album တိုင်းကို Title ပေးပုံက ဆန်းသစ်ပြီး ပရိသတ်ရဲ့ စိတ်အာရုံကို ညှို့ငင်နိုင်ခဲ့တာကတော့ ကျားပေါက်ရဲ့ Art Sense တခုလို့ ဆိုရမလား မသိ။ အဲဒီလို အလန်းစား Album Title တွေနဲ့ အတူ သူဖန်တီး ပြခဲ့တဲ့ သီချင်း တော်တော်များများ ကလည်း ခေတ်သမီးပျို၊ သားပျိုတို့ရဲ့ စိတ်အာရုံကို အလန်းစား လှုပ်နှိုးနိုင်ခဲ့လေတော့ အခု အသစ်ထွက်ရှိလာတဲ့ “IDGAF” Album ကို တခုတ်တရ နားဆင်ခံစားကြည့်ခဲ့ပါတယ်။
Rock ဂီတရဲ့ အနွယ်အပွားတွေ ဖြစ်တဲ့ Heavy Metal , Modern Rock စတဲ့ ဂီတတွေ လှိုင်းထန်နေချိန်မှာ သူယုံကြည်ရာ Punk Rock ဂီတနဲ့ ဒီကနေ့ လူငယ်ထုရဲ့ နှလုံးသားကို အမြစ်တွယ် ရှင်သန်စေခဲ့တဲ့ ကျားပေါက်ဟာ အခု Album မှာတော့ သူ့ရဲ့ ဂီတအချိုးအကွေ့ တခုကို ချပြလာခဲ့ပါတယ်။ အဲဒါကတော့ အခု Album ထဲမှာ ပါဝင်တဲ့ သီချင်းတချို့ဟာ Punk Rock ဂီတ ဝိညာဉ်တွေ ကင်းပနေတာကို သတိထားမိ လိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Punk Rock ဂီတလမ်းကြောင်းပေါ်က သွေဖည်ပြီး ဂီတဝိညာဉ်သစ် တခု ပူးကပ်တွယ်ငြိ လာခဲ့တဲ့ ကျားပေါက် (Big Bag) ရဲ့ ဂီတပုံသဏ္ဌာန် အလှည့်အပြောင်းကို ခံစား နားလည်စေနိုင်ဖို့ အခု Album ထဲက အားကောင်းတဲ့ သီချင်း ပုံသဏ္ဍာန်အချို့ကို ရွေးထုတ်ဖော်ပြ ပေးချင်ပါတယ်။
ခေတ်ရဲ့ ပြဋ္ဌာန်းချက် အရ ခုခေတ် သီချင်းတွေမှာ အင်္ဂလိပ်စာသားတွေကို ဖောဖောသီသီညှပ်ရေး၊ ညှပ်ဆိုလာကြ ချိန်မှာ ဒီ Album ထဲက “Go Play The Fucking Video Game” ဆိုတဲ့ သီချင်းကတော့ သီချင်း Title လေးကိုက ခေတ်ဆန်ပြီး လူငယ်ကြိုက် Title မျိုး ဖြစ်နေတဲ့ အပြင် အကြောင်းအရာကလည်း ရိုးမယောင်နဲ့ ဆန်းနေတဲ့ အကြောင်းအရာမျိုး ဖြစ်နေပါတယ်။ အထူးသဖြင့် သီချင်းအကြောင်းအရာကို နိမိတ်ပုံလေးတွေ ပေးပြီး ဖော်ပြသွားတဲ့ စကားလုံး အသုံးပြုတတ်မှုဟာ ကျားပေါက်ရဲ့ စာပေဗဟုသုတ လေ့လာမှု အတိမ်အနက်ကို ပေါ်လွင်စေခဲ့ပါတယ်။ ဒီသီချင်းမှာ ကျားပေါက် အသုံးပြုသွားတဲ့ စကားလုံးလေး တွေက “ငါတယောက်တည်းပေါ် မိုးတွေ လှိုက်ကာ သဲကာရွာတယ်… စောင်တွေ ခေါင်းအုံးတွေ ပြန့်ကြဲ အခန်းထောင့်ထဲ တို့တွေ လက်တွေ ပူးခဲ့ … ရင်ခွင် တစုံဟာ ပိုင်ရှင်မဲ့ အရာရာ အေးတိအေးစက် ပူနွေးဆဲ… အပြင်မှာ တိမ်တွေ မြင်ရင် ရင်တွေကွဲ တကယ်ကို လေးလေးနက်နက် ငါချစ်တယ် Go Play The Fucking Video Game” တဲ့။
နောက်ဆုံးပိတ် အသုံးပြုသွားတဲ့ အင်္ဂလိပ်စကားလုံး အသုံးအနှုန်းက ဒီက ယဉ်ကျေးမှုနဲ့ သွေဖည်နေတယ် လို့ ဆိုနိုင်ပေမယ့် အဲဒီဆိုလိုရင်း အဓိပ္ပာယ်ကို ပေါ်လွင်ဖို့ ရှေ့မှာ အသုံးပြုခဲ့တဲ့ စကားလုံး နိမိတ်ပုံလေးတွေဟာ ဆိုလိုရင်းကို ရောက်အောင် ပံ့ပိုးပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကဗျာစာပေနဲ့ အကျွမ်းတဝင်ရှိနေတဲ့ ကျားပေါက်ရဲ့ ဖန်တီးမှု အနုပညာဆိုတာ မြင်သာစေပါတယ်။ Music Style အရလည်း အရင်ကျားပေါက်ရဲ့ Music Style တွေထဲက သီးသီးသန့်သန့် ခွဲထွက်လာခဲ့တဲ့ သီချင်း တပုဒ်လို့ ဆိုရမှာဖြစ်သလို၊ လူငယ်တွေ အကြိုက်တွေ့ နိုင်မယ့် သီချင်းပုံစံ မျိုးလည်း ဖြစ်ပါတယ်။
Intro အစရဲ့ Acoustic ဂစ်တာသံဟာ သီချင်းအပေါ် တိမ်းမူးဖွယ် ဖြစ်အောင် ဖမ်းစားနိုင်ခဲ့ပြီး၊ Expression နဲ့ Mood အပေါ် အဓိကအားပြု ဆိုတတ်တဲ့ ကျားပေါက်ရဲ့ Vocal Expression အားကောင်းမှုကြောင့် လန်းဆတ်တဲ့ သီချင်း ပုံစံပေါ်မှာ Backing အနေနဲ့ အားဖြည့်သွားတဲ့ Pick-up Mood Guitar သံသာ သီချင်းပုံစံနဲ့ ဟာမိုနီဖြစ်တာကို တွေ့ရပြီး၊ Big Bag အဖွဲ့ရဲ့ သစ်လွင်တဲ့ Arrangement ကိုလည်း မြင်သာလာစေခဲ့ပါတယ်။ ဒီသီချင်းဟာ ဒီ Album ရဲ့ အပိတ် သီချင်းတပုဒ် ဖြစ်ပြီး ကျားပေါက် (Big Bag) က သူ့ပရိသတ်ကို နောက်ဆုံးပိတ် အိတ်နဲ့ လွယ်သွားမယ့် သီချင်းတပုဒ် လို့လည်း ဆိုနိုင်ပါလိမ့်မယ်။
“IDGAF” ဆိုတဲ့ Title Song လေးကတော့ Music Style အရ အားမကောင်းပေမယ့် ခေတ်နဲ့ အံဝင်တဲ့ စကားလုံး တွေကြောင့် Music ပုံစံထက် စကားလုံး အကြောင်းအရာကို ပိုမို အကြိုက်တွေ့ကြမယ့် သီချင်းတပုဒ် ဖြစ်ပါတယ်။ ဒီ Album ထဲမှာ နောက်ထပ် ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ သီချင်းတပုဒ်ကတော့ “ဝေးသွားလည်း” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါ တယ်။ ဒီသီချင်းကို Acoustic Mood ပုံစံပေါ်မှာပဲ အခြေတည်ထားပြီး Unplugged Mood ပိုဆန်တာကို တွေ့ရပါ တယ်။ ဒီသီချင်းရဲ့ Intro ကို စကြားကြားချင်း တချိန်က Alternative Rock ဂီတ Hero တဦး ဖြစ်တဲ့ Kurt Cobain ကို ပြန်သတိတရ ဖြစ်စေခဲ့သလို၊ မြန်မာပြည်မှာ Alternative ဂီတအဦးဆုံး မိတ်ဆက်ပေးခဲ့တဲ့ အဖွဲ့လို့ ဆိုနိုင်တဲ့ Antibiotic ဂီတအဖွဲ့ရဲ့ သီချင်းတပုဒ်ကိုလည်း ဖြတ်ခနဲ သတိရပါတယ်။
ဒီသီချင်းဟာ Unplugged Mood ပုံစံပေါ်မှာ အခြေတည် ထားတာဖြစ်လို့ Big Bag ရဲ့ Arrange ဟာ Live ဆန်နေတာကို သတိထားမိခဲ့ပါတယ်။ ကျားပေါက်ဟာ အသံပါရီမီရှင် တဦး မဟုတ်ပေမယ့် အခုလို သီချင်းပုံစံမျိုးတွေ အပေါ်မှာ သူ့ Vocal ကို ပေါ်လွင်အောင် အားထုတ် သီဆိုတတ်သူဖြစ်လို့ ဒီသီချင်းမှာလည်း ကျားပေါက်က သူ့ရဲ့ Vocal Expression နဲ့ နားဆင်ခံစားသူရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အချစ် အကြောင်းကို ရေးဖွဲ့ရာမှာ ကျားပေါက်ကိုယ်တိုင်က ခေတ်လူငယ်တဦး ဖြစ်သူပီပီ ခေတ်အလိုက်၊ ခေတ်အကြိုက် စကားလုံးတွေ ရွေးချယ် အသုံးပြုတတ်မှုကလည်း ဒီသီချင်းပေါ် ပရိသတ်ရဲ့ အာရုံတိမ်းညွတ် စေဖို့ အကြောင်းတရပ်ပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် …
“ခေါင်းငုံ့ပြီး ငါမျက်နှာလွှဲ… လောကကြီးက တရားပါတယ်… ကျေနပ်ရုံလေးပဲ… ငါ ဘာများတတ်နိုင်လို့လဲ” ဆိုတဲ့ စကားလုံး အသုံးအနှုန်းမျိုးတွေပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်တည်မှုတွေနဲ့ ရေးဖွဲ့ထားတဲ့ ဒီသီချင်းဟာ Kurt Cobain ရဲ့ ဆေးစက်တချို့ စွန်းထင်နေတာကလွဲရင် ကျားပေါက်ရဲ့ ဂီတအချိုးအကွေ့ တခုအပေါ်မှာ ကျားပေါက်ရဲ့ ပရိသတ်များ လိုက်ပါ စီးမျောနိုင်ကြမှာတော့ မလွဲပါပဲ။
ကျားပေါက် (Big Bag) ရဲ့ အခု Album ထဲမှာ Acoustic Mood ပုံစံသီချင်းလေးတွေ ထဲက အထူးခြားဆုံး သီချင်းတပုဒ် ကတော့ “ခြောက်သွေ့” ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို Arrangement လုပ်ထားပုံက တိုတယ် လို့ ဆိုနိုင်ပေမယ့် တကြိမ် နားထောင်မိရုံနဲ့ ရင်ထဲကို ထိထိမိမိရောက်ရှိသွားနိုင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ သီချင်း အစကနေ ending ပိုင်းထိ Key Change သွားတဲ့ ဟန်နဲ့ စာသား အကြောင်းအရာ အရပါ သီချင်းတပုဒ်လုံး စ၊ လယ်၊ ဆုံး စွဲမက်ဖွယ် ကောင်းလောက်အောင် Perfect ဖြစ်နေတာကို သတိထားမိခဲ့တာမို့ ကျားပေါက်ရဲ့ အနုပညာ အရည်အသွေးကို ပေါ်လွင်စေတဲ့ သီချင်းတပုဒ်လို့ ဆိုရမှာဖြစ်ပါတယ်။ အသည်းကွဲ နေတဲ့ လူတယောက်ရဲ့ အထီးကျန်မှုကို အမြင်ရှုထောင့် တမျိုးနဲ့ ဖော်ကျူး ထားတဲ့ ကျားပေါက်ရဲ့ စကားလုံး ထုဆစ်မှု အားကောင်းပုံ ထပ်မံ ထုတ်နုတ်ပြရရင်
“တနေရာကို ငေးရင်း… ငေးရင်း… တနေ့လုံးဘယ်မှ မရွေ့ အိမ်မှာ နင်မရှိတဲ့ တနေ့ လူရောင်စုံ ရှုတ်ပွလမ်းမရဲ့ အမှိုက်ပုံကြီးဘေး ခိုတွေ အလန့်တကြားထလို့ပြေး… ဘယ်နေရာကို ကြည့်ကြည့် အမှတ်တရတွေက တအိမ်လုံး အပြည့်
ကြွေခွက်ထဲက စီးကရက် အတိုလေး… အပြင်ကမ္ဘာကြီးကို စိတ်ကူးနဲ့တောင်ခြေဦးမလှည့်… ဘာဆိုဘာမှ မဖြစ်ချင်ခဲ့ အခန်းထဲမှာ ငါရဲ့ အိပ်ဆေးပုလင်းလွတ်တွေ… မင်းမကြိုက်တဲ့ ရုပ်ရှင်ကားတွေ၊ ပြတိုက်တွေ” စတဲ့ စကားလုံး အသုံးအနှုန်း တွေပဲဖြစ်ပါတယ်။
အဲဒီလို စကားလုံး အကြောင်းအရာနဲ့ သီချင်းပုံစံဟာ လိုက်ဖက်မှု ရှိရုံမက Backing အနေနဲ့ အားဖြည့်ပေးထားတဲ့ Guitar Riff တွေရဲ့ Melodic ဖြစ်မှုကလည်း သီချင်းအပေါ် ပိုမို စွဲငြိစေခဲ့သလို၊ Left Tone (ဘယ်သံ) ကို အသားပေး သီဆိုသွားတဲ့ ကျားပေါက်ရဲ့ Vocal Color နဲ့ Expression ကလည်း စွဲမက်ဖွယ်ရာ ဖြစ်စေခဲ့တာကြောင့် အသည်းကွဲ အထီးကျန် နေသူများရဲ့ ရင်ကို တိုက်ရိုက်ထိမှန်စေမယ့် သီချင်းကောင်း တပုဒ်ပဲ ဖြစ်ပါတယ်။
ဒီ Album ထဲမှာ ပါဝင်တဲ့သီချင်း ၈ ပုဒ်ထဲက အခု ရွေးထုတ်ဖော်ပြပေးခဲ့တဲ့ သီချင်းတွေ အပြင်တေးရေး မွန်ဘွဲ့ရဲ့ “Nobody Care” နဲ့ “ခလုတ်ထိမှ အမိတ” ၊ “ညနက်နက်” သီချင်းတွေဟာလည်း Rock အကြမ်းထည်တွေကို နှစ်သက်တဲ့ သူတွေအတွက် အာသာပြေစေမယ့် သီချင်းကောင်းလေးတွေ ဖြစ်ပါတယ်။
အဲဒီလို သီချင်းကောင်းလေးတွေနဲ့ ဖွဲ့သီထားတဲ့ ကျားပေါက်ရဲ့ “ IDGAF” Album ကို နားဆင်ပြီးတဲ့ အခါ Punk Rock Celebrity တယောက်က Alternative Rock ဂီတမြို့တော်ထိ ခြေဦးလှည့် လေတော့မလား လို့ တွေးဆမိပေမယ့် ဂီတ အနုပညာ မှော်ရှိထားတဲ့ သူတယောက် အနေနဲ့ကတော့ သူဖြစ်တည်ရာ နေရာမှာ သူ့ရဲ့ ဂီတအနုပညာကို သစ်လွင် လန်းဆတ်အောင် ဖန်တီးပြနိုင်ဦးမှာ မလွဲဘူးလို့ ယုံကြည်မိပါတယ်။
ဒါကြောင့် ကျားပေါက် ( Big Bag) ရဲ့ “IDGAF” ရဲ့ အဓိပ္ပာယ်ကို အဘိဓာန်ထဲမှာ ရှာဖွေကြည့်ရင်း ကျားပေါက်ရဲ့ ဂီတပုံ သဏ္ဍာန် အချိုးအကွေ့ကိုလည်း နားဆင်ခံစားပြီး အကဲဖြတ် ကြည့်ကြပါစို့လား။ ။